သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားကို ကြိုဆို တွေ့ဆုံခဲ့ကြစဉ် (နိုဝင်ဘာလ ၂၇၊ ၂၀၁၀)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားကို ကြိုဆို တွေ့ဆုံခဲ့ကြစဉ် (နိုဝင်ဘာလ ၂၇၊ ၂၀၁၀)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး စတင်ရောက်ရှိပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာနမ်ဘီးယားတို့ တွေ့ဆုံစဉ်မှာတော့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ အားလုံးစုစုပေါင်း ၁ နာရီကြာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာနမ်ဘီးယားဟာ မြန်မာနိုင်ငံအရေး တာဝန်ယူပြီးကတည်းကဆိုရင် ဒါ ပထမဆုံး သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သလို မြန်မာပြည်တွင်း အတိုက်အခံ အင်အားစုတွေနဲ့ ပထမဆုံး စတင်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ NLD ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“နေ့လည် မွန်းလွဲ ၂ နာရီမှာ မစ္စတာ နမ်ဘီးယားဟာ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့စပြီး ဆွေးနွေးပါတယ်။ ဆွေးနွေးပြီးတဲ့နောက် ၂ နာရီခွဲမှာ ကျနော်တို့ ဥက္ကဌ ဦးတင်ဦး၊ NLD အလုပ်အမှုဆောင်အဖွဲ့များ အားလုံး ပါဝင်တဲ့၊ ဗဟိုအလုပ်အမှုဆောင်များအဖွဲ့၊ အဲဒီအထဲမှာ အထွေးထွေ အတွင်းရေးမှူးလည်း ပါဝင်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ထပ်ပြီးတော့ ဆွေးနွေးပါတယ်။ ဆွေးနွေပြီးတဲ့နောက် CRPP အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်များဖြစ်တဲ့ ဦးအေးသာအောင်၊ ဦးနိုင်ထွန်းသိန်း၊ ဦးပုကျင်းရှင်းထန်၊ ဦးထောင်ကိုထန်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်များနဲ့ အတွဲလိုက်ပေါ့ ဆက်ပြီးတော့ ကျနော်တို့နဲ့အတူ ဆက်ပြီးတော့ ဆွေးနွေးပါတယ်။ ၂ နာရီကနေစတဲ့ ဆွေးနွေးပွဲဟာ ၃ နာရီမှာ အဲဒီလို အစီအစဉ်အလိုက် ဆွေးနွေးပြီးတဲ့နောက် ပြီးသွားပါတယ်ခင်ဗျ။”

ဆွေးနွေးတာက ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပဲလားခင်ဗျ။ -

“ဟုတ်ပါတယ်ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပါ။ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်များပါ နောက်ဆုံးမှာ ပါဝင်ပြီး ဆွေးနွေးကြတာပေါ့။ တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံရေး ပြဿနာကို ပြေလည်ဖို့ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် ကြိုးပမ်းတာအောင်မြင်ဖို့ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါမှာဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားခေါင်းဆောင် CRPP အဖွဲ့ဝင် ခေါင်းဆောင်များကိုပါ အထွေထွေ အတွင်းရေးမှူးချုပ်က ဖိတ်ကြားပြီးတော့ မိတ်ဆက်ပေးပြီးတော့ တွေ့တာဖြစ်ပါတယ်။”

အဲဒီတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့တဲ့သဘောက မစ္စတာ နမ်ဘီးယားက စီစဉ်တာမဟုတ်ဘဲနဲ့ ဒီဘက် NLD က စီစဉ်ပေးတဲ့သဘောပေါ့။ -

“အဲဒီ အကုန်လုံးပေါ့ ညှိနှိုင်းပြီးတော့ စီစဉ်တဲ့သဘောပါပဲခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာရော ဘာအကြောင်းရပ်တွေများ ပြောဖြစ်လဲခင်ဗျ။ -

“တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့တော့ အသေးစိတ် ထုတ်ပြန်ဖို့မရှိပါဘူး နှစ်ဖက်စလုံးက။ ဒါပေမဲ့ ကျနော် ပြောနိုင်တာကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အထွေထွေ အခြေအနေတွေကို ပြည့်စုံစွာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ကြပါတယ်။”

မစ္စတာ နမ်ဘီးယားနဲ့ အဲန်ကယ်လို့ ပထမဆုံး တွေ့ရတဲ့အခေါက်ဆိုတော့ ဘယ်လို ယူဆလဲခင်ဗျ။ အခု တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့ အားရကျေနပ်မှုရှိသလား၊ လိုအပ်ချက်တွေ ရှိသေးလား။ -

“နှစ်ဖက်စလုံးက ဆွေးနွေးချက်တွေဟာ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးပေါ့လေ ဖလှယ်ကြတာဖြစ်တဲ့အတွက်ကြောင့် ဆွေးနွေးပွဲဟာ တကယ့်ကို ရင်းနှီးပွင့်လင်းတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပြီးတော့လဲ ကျနော်တို့ အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးချုပ် ကလည်းပဲ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရအောင် ကျိုးပမ်းရမှာဆိုတာကို အစကတည်းက ပြောထားပါတယ်။ ထို့အတူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မနှစ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သဝဏ်လွှာမှာကိုပဲ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ဆိုတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် အရင်လုပ်ရမယ်ဆိုတာကို ပြောထားတာဖြစ်တော့ အဲဒီဆီကို ဦးတည်နိုင်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတရပ် ဖြစ်တယ်ဆိုတာကို ခံစားမိကြောင်း ကျနော်ကတော့ ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်စေ၊ NLD နဲ့ဖြစ်စေ ထပ်ပြီးတော့ တွေ့ဆုံနိုင်တဲ့ အလားအလာ ရှိသေးလားခင်ဗျ။ -

“ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ထပ်ပြီးတော့ နောက်ထပ် ဆွေးနွေးပွဲတွေ ရှိမယ်လို့တော့ နှစ်ဖက်စလုံးကတော့ သဘောထား ပေးပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ နောက် အလားတူ ဆွေးနွေးပွဲတွေဟာ မကြာခဏ ဖြစ်သွားမှာပါလို့ အဲဒီလို သုံးသပ်ကြတာသိပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ သီးခြားတွေ့ဆုံသလို ရွေးကောက်ပွဲဝင်တဲ့ အခြားနိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လို့ မြို့တော် နေပြည်တော်ကိုတော့ သွားရောက်မယ့်အစီအစဉ် မရှိဘူးလို့သိရပါတယ်။

XS
SM
MD
LG