သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို UNESCO ဆုချီးမြင့်


ဒေါ်အောင်ဆန်းစုကြည်ကို UNESCO ဆုချီးမြင့်
ဒေါ်အောင်ဆန်းစုကြည်ကို UNESCO ဆုချီးမြင့်

သည်းခံခြင်းနဲ့ အကြမ်းမဖက် နည်းတို့ကို ကျင့်သုံး အားပေးသူတို့အတွက် ကုလသမဂ္ဂရဲ့ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ UNESCO အဖွဲ့ကပေးတဲ့ Madanjeet Singh ဆုကို အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ရရှိပါတယ်။ တကယ်တော့ ဒီဆုကို ၂၀၀၂ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ရရှိထားတာ ဖြစ်ပေမဲ့ ဒီနေ့ကျမှ UNESCO အကြီးအကဲ မစ္စတာ Ryuhei Hosoya က ဆုရုပ်ထုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

အကြမ်းမဖက် သည်းခံခြင်းတို့ကို သူရဲ့တစ်သက်လုံး ကျင့်သုံး ဆောင်ရွက်တဲ့ အိန္ဒိယစာရေးဆရာ လည်းဖြစ်၊ ပရဟိတ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတဲ့ UNESCO ရဲ့ အကျိုးဆောင် သံအမတ်ကြီး မစ္စတာ Madanjeet Singh ကို ဂုဏ်ပြုပြီး ပေးတဲ့ဆုကို ၂၀၀၂ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ရရှိထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆုရပြီး ၁၀ နှစ်အကြာ အခုမှပဲ ဒီဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံယူနိုင်တာ ဖြစ်ပါတယ်။ ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက်ပေးခဲ့သူကတော့ UNSCEO ညွှန်ကြားရေးမှူးချုပ် ရုံးက အမှုဆောင် ဒါရိုက်တာ မစ္စတာ Ryuhei Hosoya ဖြစ်ပါတယ်။

“ဒီဆုဟာ သည်းခံနိုင်မှုနဲ့ အကြမ်းမဖက်မှု တို့အတွက် ပေးတဲ့ဆုဖြစ်ပါတယ်။ UNESCO ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဆုရုပ်တုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။” လို့ မစ္စတာ Hosoya က ပြောခဲ့တာဖြစ်ပါတယ်။

အကြမ်းမဖက်နည်းကို အသက်ဆုံးတဲ့အထိ ကျင့်သုံးသွားခဲ့တဲ့ အိန္ဒိယ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ အသက် ၁၂၅ နှစ်ပြည်တဲ့ ၁၉၉၅ ခုနှစ်မှာ ကုလသမဂ္ဂက သည်းခံခြင်း နှစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီနှစ်ကတည်းကစပြီး UNESCO က Madanjeet Singh ဆုကို စတင်ပေးခဲ့တာ ဖြစ်ပါတယ်။ ၂ နှစ် တစ်ခါပေးတဲ့ ဒီဆုကို ၂၀၀၂ ခုနှစ်မှာရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို UNSCEO ညွှန်ကြားရေးမှူးချုပ် ရုံးက အမှုဆောင် ဒါရိုက်တာက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် လာရောက်ပေးတဲ့အပြင် ညွှန်ကြားရေးမှူးချုပ်ရဲ့ သတင်းစကားကိုလည်း သယ်ဆောင်လာခဲ့ပါတယ်။

ဆုနဲ့အတူ UNESCO ညွှန်ကြားရေးမှူးချုပ် ပါးလိုက်တဲ့ သတင်းစကားကတော့ UNSCEO အဖွဲ့ကြီး အနေနဲ့ရော၊ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင်အတွက်ပါ မြန်မာနိုင်ငံဟာ အရေးပါတဲ့ နိုင်ငံတနိုင်ငံ အဖြစ်ရှိနေတဲ့ အကြောင်း၊ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်မှုတို့ အတွက် UNESCO အဖွဲ့ကြီးက အကူအညီတွေ ပေးသွားမယ့် အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြန်မာနိုင်ငံအတွက် ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်းတွေကို UNSCEO ညွှန်ကြားရေးမှူးချုပ် ရုံးက အမှုဆောင် ဒါရိုက်တာ မစ္စတာ Ryuhei Hosoya က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့ကို ဆုပေးတဲ့အတွက် UNESCO အဖွဲ့ကိုရော မစ္စတာ Madanjeet Singh ကိုပါ ကျေးဇူးတင်တဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံ အရေးအတွက် နှစ်ပေါင်းများစွာ အရေးတစိုက်ရှိခဲ့တဲ့ အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ UNESCO အဖွဲ့ အရင်တွေထက်ကို နီးနီးကပ်ကပ် အတူတွဲ အလုပ်လုပ်နိုင်မယ့်နေ့ကို ရောက်ဖို့ မျှော်လင့်တယ်လို့ UNESCO ရဲ့ Madanjeet Singh ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ UNESCO အဖွဲ့ကြီးဟာ မြန်မာနိုင်ငံမှာ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

XS
SM
MD
LG