သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု တရုတ်ခရီးစဉ်အပေါ် သုံးသပ်ချက်တချို့


ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီ ကျင့်ဖျင်။ ဘေဂျင်း။ ဇွန် ၁၁၊ ၂၀၁၅။
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီ ကျင့်ဖျင်။ ဘေဂျင်း။ ဇွန် ၁၁၊ ၂၀၁၅။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ်ကို အရေးတယူဆက်ဆံ လာတဲ့ တရုတ်အစိုးရဟာ အရင် မိတ်ဆွေဟောင်းတွေဖြစ်တဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီ (USDP) အပါအဝင် တပ်မတော်ရဲ့ အမြင်လွဲမှားမှုမျိုး အဖြစ်မခံနိုင်ဖို့ ကြိုး စားနေကြောင်း တရုတ်-မြန်မာ ဆက်ဆံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

တရုတ်အစိုးရဘက်ကတော့ သြဂုတ်လ (၁၇)ရက်နေ့မှာ စတင် မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ဟာ မြန်မာနိုင်ငံခေါင်းဆောင်တဦးအနေနဲ့ လာရောက်မှာဖြစ် တာကြောင့်နှစ်နိုင်ငံ မဟာဗျူဟာ မြောက်ဆက်ဆံရေး အတွက် အလွန်အရေး ပါကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံတင်ဆက်မှာပါ။

NLD အစိုးရတက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်မယ့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်တဲ့အတွက် ထူးခြားမှုရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Lu Kang က မနေ့က ပြောကြားခဲ့ပါတယ်။ သြဂုတ်လ (၁၇)ရက်နေ့ကနေ (၂၁)ရက်နေ့ ထိ ငါးရက်ကြာမြင့်မယ့် တရုတ်နိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ၊ ဝန်ကြီးချုပ်တို့ အပြင် ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်သလို အခြား မြို့ကြီးတွေကိုလည်း သွားရောက်လေ့လာမှာဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အလေးထားဆက်ဆံမှုတွေပြုလုပ်လာတဲ့ တရုတ်အစိုးရဟာ တဖက်မှာတော့ USDP ကြံခိုင်ဖွံဖြိုးရေးပါတီအပါအဝင် တပ်မတော်ဘက်နဲ့ ဆက်ဆံရေး ထိခိုက်မှုတွေဖြစ်မှာ လိုလားပုံမရဘူးလို့ တရုတ်-မြန်မာဆက်ဆံရေး ကျွမ်းကျင်သူလည်းဖြစ်၊ အမေရိကန်အခြေစိုက် Stimson သုတေသနဌာန တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ Yun Sun ကသုံးသပ်ပါတယ်။

"ဒီသတင်းပတ်နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကိုသွားမှာဖြစ်ပါတယ်။ အဲတော့ တရုတ်အနေနဲ့ NLD နဲ့ မိတ်ဆွေသစ်အဖြစ် ဆက်ဆံနေပြီးတော့ အရင်မိတ်ဆွေဟောင်းတွေဖြစ်တဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီ၊ တပ်မတော်တို့နဲ့ ဆက်ဆံရေးကို ဖျက်ပစ်လိုက်ပြီးဆိုတဲ့ သဘောမျိုး အဖြစ်မခံနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဘက်က သတိထားရမှာက တရုတ်အစိုးရက သူနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ NLD ပါတီအနေနဲ့ လက်ရှိအာဏာရ အစိုးရ ဖြစ်နေလို့ပါ။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်မတိုင်ခင်မှာပဲ မြန်မာနိုင်ငံကို သြဂုတ်လ (၁၁)ရက်နေ့ကနေ (၁၄)ရက်နေ့ထိ လာရောက်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး Mr. Song Tao ဟာ သူရဲ့ခရီးစဉ်အတွင်း စစ်အစိုးရခေါင်းဆောင်း ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေအပါအဝင် သမ္မတဟောင်း ကြံခိုင်ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Yun Sun ကအခုလို သုံးသပ်ပါတယ်။

"တရုတ်ဘက်အမြင်အရ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံရေးအင်အားစုအားလုံးနဲ့ ဆက်ဆံတဲ့အနေအထားကို တရုတ်အစိုးရက ထိန်းထား ချင် တယ်ဆိုတာ အလွယ်တကူ မြင်နိုင်ပါတယ်။ အာဏာရ ပါတီတခုတည်း ဒါမှမ ဟုတ် လက်ရှိအစိုးရ တခုတည်းနဲ့ပဲ ဆက်ဆံတဲ့အနေအထားမျိုးမဟုတ်ဘူး ဆိုတာပြချင်တာပါ။ အရင်က အခြားနိုင် ငံရေး အဖွဲ့အစည်းတွေနဲ့ ဆက်ဆံမှုတွေ မရှိပဲ အစိုးရ တဖက်တည်းနဲ့ အဆက်အဆံပြုလုပ်ခဲ့တဲ့အတွက် တရုတ်အစိုးရ ဘက်က သင်ခန်းစာရခဲ့တယ်လို့ ကျမတို့ နားလည်ပါတယ်။ ဒီတော့ တရုတ်အစိုးရ ဟာ နိုင်ငံရေး အင်အားစုအား လုံးနဲ့ အထူးသဖြင့် ကြံခိုင်ဖွံဖြိုးရေးပါတီ၊ တပ်မတော်တို့နဲ့ ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားမှာဖြစ်ပါတယ်။"

NLD အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်နေတဲ့ တရုတ်အစိုးရ ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်မယ် ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်ကို တရုတ် ဝန်ကြီးချုပ် Li Keqiang ကိုယ်တိုင် ဖိတ်ကြားခဲ့သလို၊ ဒီခရီး စဉ်ကြောင့် နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိူးစီးပွားနဲ့ ဆက်ဆံရေးကို မြှင့်တင်နိုင်ဖို့ တရုတ်ဘက်က အလေးထား တယ်ဆိုတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ခရီးစဉ်အတွင်း အဓိကေ ဆွးနွေးနိုင် မယ့် မြစ်ဆုံဆည် စီမံကိန်းအပါအဝင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အကြောင်းအရာတွေ ကို ပြင်ဆင်ထားေ ကြာင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇေယျက သြဂုတ်လ (၁၂)ရက်နေ့ က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်ဟာ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိမယ့်ခရီးစဉ် အဖြစ်မြင်ကြောင်း သတင်းစာဆရာဦးစည်သူအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်သွားရမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ Globle Time ကလည်း ရေးထားတာတွေရှိတယ်။ နိုင်ငံအကြီးအကဲအနေနဲ့ ကောင်းကောင်မွန်မွန် လက်ခံတွေဆုံမယ် လို့လည်းပြောထားပြီးသား၊နောက်ပြဿနာတွေအားလုံး ကိုလည်း သေသေချာချာ နှစ် ဖက်အကျိူးရှိ အောင် သေချာဆွေးနွေး မယ်။ နောက် မြစ်ဆုံကိစ္စကိုလည်း ရှေ့တန်းမတင်ပါဘူးလို့ အဲဒီလိုပြော ထားတယ် ။ ပြောထားတယ်ဆိုတဲ့အခါကျတော့ တရုတ်နဲ့ မြန်မာနဲ့ ဆက်ဆံရေး အတွက် ဒေါ်အောင်ဆန်းစုကြည်သွားမယ့် ခရီးစဉ်ဟာ နှစ်ဦးနှစ် ဘက်အကျိုးရှိနိုင်မယ့် ကိစ္စတွေပဲ များများတွေ့လိမ့်မယ်လို့ တော့ထင်တယ်။”

NLD အစိုးရထိပ်ပိုင်းခေါင်းဆောင်တဦး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့ ပြည်ပခရီးစဉ်တွေထဲမှာ ပထမဦးဆုံး လာအိုစ်နိုင်ငံဖြစ်ပြီး ဒုတိယ ထိုင်းနိုင်ငံနဲ့ တတိယအဖြစ် တရုတ်နိုင်ငံ ကိုသွားရောက်မှာဖြစ်ပါတယ်။ စက်တင်ဘာလမှာတော့ အမေရိကန်သမ္မတ အိုဘားမားဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့ရှိသလို နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။ အရင်က မလေးရှားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်သွားဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမဲ့ လောလောဆယ်မှာ သွားဖို့အစီအစဉ် မရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇေယျက နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG