သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ ပြန်သုံးသပ်သင့်


အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ ပြန်သုံးသပ်သင့်
အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ ပြန်သုံးသပ်သင့်

အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ချမှတ် ကျင့်သုံးနေတဲ့ မူဝါဒကို မြန်မာနိုင်ငံမှာ လက်ရှိ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အပြောင်းအလဲလုပ်ဖို့ သုံးသပ်သင့်ပြီလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ အမေရိကန် အစိုးရရဲ့ လက်ရှိ မူဝါဒကနေ ထင်ရှားတဲ့ အောင်မြင်မှုတွေ မတွေ့ရသေးဘူးလို့လည်း သူက သုံးသပ်ပါတယ်။ ဗွီအိုအေ မြန်မာဌာနနဲ့ ကြာသပတေးနေ့က သီးခြား ဆက်သွယ်မေးမြန်းခန်း တခုအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

“အခုအချိန်ထိတော့ ဒီဝါဒရဲ့ အောင်မြင်မှု အတိုင်းအတာက သိပ်ပြီး ထင်ထင်ရှားရှားတော့ မရှိပါဘူး။ ဒါပေမဲ့ အခုအချိန်မှာလည်း ပြန်ပြီးတော့ ဒါကို စိစစ်သင့်ပြီလို့ ကျမ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက ၁ နှစ်ကျော်လာလို့၊ ၂ နှစ်ကျော်လာလို့တင် မကပါဘူး၊ အခုအချိန်မှာဆိုရင် ရွေးကောက်ပွဲတွေလည်း လုပ်ပြီးပြီ၊ အခြေအနေတွေကလည်း ပြောင်းလဲတာတွေ မြင်နေရပြီဆိုတော့ အဲဒီ ပြောင်းလဲမှုတွေ အပေါ်မှာ အခြေခံပြီး မူဝါဒကိုတော့ ပြောင်းလဲဖို့ စဉ်းစားလာသင့်ပြီလို့ ကျမ ထင်ပါတယ်။”

မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တွေ မရှိတာ၊ ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်တာ၊ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး အကျဉ်းချထားတာတွေကြောင့် အမေရိကန်အစိုးရ အဆက်ဆက်က မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူမှု အမျိုးမျိုး ချမှတ်ပြီး အပြောင်းအလဲလုပ်ဖို့ ဖိအားပေးခဲ့ပါတယ်။

အဲဒီလို ဒဏ်ခတ် အရေးယူပြီး ဖိအားပေးတာတွေကနေ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ မရခဲ့ဘူးဆိုပြီး အခု အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လက်ထက်မှာတော့ ဖိအားပေးတာရော၊ ထိတွေ့ဆက်ဆံတာရော မူဝါဒ နှစ်မျိုးလုံးကို ချမှတ် ကျင့်သုံးခဲ့ပါတယ်။

ဒါပေမဲ့လည်း အိုဘားမား အစိုးရရဲ့ မူဝါဒထဲမှာ အချိန်ကာလ ကန့်သတ်ချက်တွေ၊ ဘယ်အချိန်ရောက်ရင် ဘယ်လိုရလဒ်မျိုး ထွက်သင့်တယ် ဆိုတာတွေ တိတိကျကျ မရှိပါဘူး။ သူတို့ရဲ့ အနိမ့်ဆုံး တောင်းဆိုချက်လို့ ဆိုရမယ့် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဆိုတာကိုတောင်မှ မြန်မာစစ်အစိုးရက ခုချိန်ထိ မလိုက်လျောသေးပါဘူး။ ဒါကြောင့် လက်ရှိ မူဝါဒကို ပြန်ပြီး သုံးသပ်တဲ့ နေရာမှာလည်း အချိန်ကာလ ကန့်သတ်ချက်တွေအလိုက် တိကျတဲ့ ရလဒ်တွေ ထွက်ဖို့ သတ်မှတ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

“အဲဒီလို ပြန်ပြီး သုံးသပ်တဲ့အခါကြရင် အချိန်ကာလ သတ်မှတ်ပြီးတော့ မှတ်ကျောက်တွေပေါ့၊ ဒီအချိန်ကာလ အတွင်းမှာ ဒီအဆင့်ကို ရောက်သင့်တယ် ဆိုတာတော့ သတ်မှတ်ရင် ပိုပြီးတော့ ထိရောက်မှု ရှိမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးတဲ့ ကိစ္စမှာ အချိန်ကာလ သတ်မှတ်ရင် ကောင်းမယ်လို့ ထင်ပါတယ်။ အဲဒီလို မဟုတ်ရင် နိုင်ငံရေး အကျဉ်းသားများဟာ အချိန်ကာလ သတ်မှတ်ချက် မရှိဘဲနဲ့ ဆက်ပြီးတော့ အထိန်းသိမ်း ခံနေရမယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး။

“ဒီလို အပြောင်းအလဲများဟာလည်း ကျမအနေနဲ့တော့ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံက လွှတ်တော်အမတ် အများစုဟာ ကျမတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အပေါ်မှာ အင်မတန်မှ စာနာပြီးတော့ ထောက်ထားတာကြောင့်မို့ ဒီလိုကိစ္စမျိုးတွေဟာ ဖြစ်ပေါ်နိုင်ချေ ရှိတယ်လို့ ကျမတော့ ထင်ပါတယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အသစ်တဖန် စဉ်းစားပြီး မတူကွဲပြားတဲ့ လုပ်ဆောင်ချက်အသစ် ချမှတ်ဖို့ အမေရိကန် အစိုးရကို တိုက်တွန်းထားတဲ့ စာတမ်းတစောင်ကို အမေရိကန် အကြီးတန်း သံတမန်ဟောင်း ၂ ယောက်ကလည်း မကြာသေးခင်ကပဲ ရေးသားခဲ့ပါသေးတယ်။

၁၉၉၀ ကနေ ၁၉၉၄ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ လုပ်ခဲ့တဲ့ ဖရန်ကလင် ဟပ်ဒယ်လ် (Franklin Huddle) နဲ့ ၁၉၉၀ ကနေ ၁၉၉၃ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအဖွဲ့ ယာယီအကြီးအကဲ လုပ်ခဲ့တဲ့ ဒေါ်နယ်လ်ဒ် ဂျိမ်းမ်ဆန် (Donald Jameson) တို့က East-West Center ရဲ့ အာရှ၊ ပစိဖိတ် ဒေသဆိုင်ရာ စာစောင်ထဲမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စာတမ်းတစောင် ပူးတွဲ ရေးသားခဲ့ကြတာပါ။

အမေရိကန်ရဲ့ ထိပ်တိုက်တွေ့တဲ့ ချဉ်းကပ်မှုကို အပျက်သဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုလို့တောင်မှ ASEAN အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ဝင် နိုင်ငံတချို့က နာမည်တပ် ခေါ်ဆိုကြတယ်လို့ သူတို့ ၂ ယောက်က ရေးထားပြီး ထိတွေ့ဆက်ဆံမှုကို အသစ်တဖန်လုပ်ဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အနိမ့်ဆုံးတော့ အဆောင်အယောင် အဆင်တန်ဆာ အရပ်သား အုပ်ချုပ်ရေးဆီ ပြောင်းလဲနေတာမို့ အခုအချိန်ဟာ အချိန်ကောင်း ဖြစ်ဖွယ်ရှိကြောင်း၊ အမေရိကန် အနေနဲ့ ထက်မြက်ပါးနပ်တဲ့ မူဝါဒလို့ ဆိုရမယ့် Smart Power ကနေတဆင့် မိမိရဲ့ ရည်ရွယ်ချက် ပေါက်မြောက် အောင်မြင်အောင် မတူကွဲပြားတဲ့ ချဉ်းကပ်နည်းတခုကို အလေးအနက်ထားပြီး ကြိုးစားသင့်တယ်လို့ အမေရိကန် အကြီးတန်း သံတမန်ဟောင်း ၂ ယောက်က တိုက်တွန်းရေးသားထားပါတယ်။

XS
SM
MD
LG