သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အမေရိကန်ခရီးစဉ် စက်တင်ဘာ ၁၆ စမည်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲရစ်မြို့ Sorbonne တက္ကသိုလ်ကို ရောက်ရှိခဲ့စဉ်က။ (ဇွန်လ ၂၈ ရက်၊ ၂၀၁၂)။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲရစ်မြို့ Sorbonne တက္ကသိုလ်ကို ရောက်ရှိခဲ့စဉ်က။ (ဇွန်လ ၂၈ ရက်၊ ၂၀၁၂)။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလာမယ့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ်လို့ အမျိုးသား ဒီ်မိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အေအက်ပီ သတင်းဌာနကို ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်တဲ့ ကွန်ဂရက်စ် ရဲ့ ၂၀၀၈ ခုနှစ် Gold Medal ဆုကို အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာ ဖြစ်ပါတယ်။ အခု ခရီးစဉ်ဟာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ မြန်မာပြည် သွားရောက်စဉ် ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြားထားတာပါ။ အမေရိကန်ပြည်ထောင်စုမှာ ရှိစဉ်တော့ အမေရိကန် အစိုးရဘက်က ထိပ်တန်း တာဝန်ရှိသူတွေကိုရော၊ လွှတ်တော်က နိုင်ငံရေး ခေါင်းဆောင်တွေ ကိုပါ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ နယူးယောက် ကုလသမဂ္ဂရုံး ကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေ မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ ဒေသခံတွေက မြို့အတော်များများမှာ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာသမ္မတ ဦးသိန်းစိန် ဟာလည်း ကုလသမဂ္ဂ အထွေထွေညီလာခံ တတ်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို အဲဒီ ရက်ပိုင်းကာလမှာပဲ ရောက်ရှိမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ သမ္မတဦးသိန်းစိန်ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှု အမေရိကန်သမ္မတ အမိန့်နဲ့ လျှော့ပေါ့ ပေးလိုက်တာကြောင့် သမ္မတ ဦးသိန်းစိန် ဟာ အမေရိကန်အစိုးရ ရုံးစိုက်ရာ ဝါရှင်တန်ဒီစီ ကိုလည်း လာရောက်မယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG