သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရရှိမှု ခေတ်သစ်အစပျိုး


လူထုကို အောင်ပွဲခံ မိန့်ခွန်းပြောကြားဖို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာစဉ်။ (ဧပြီ ၂၊ ၂၀၁၂)
လူထုကို အောင်ပွဲခံ မိန့်ခွန်းပြောကြားဖို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာစဉ်။ (ဧပြီ ၂၊ ၂၀၁၂)

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတာဟာ ခေတ်သစ်တခုရဲ့ အစပဲဖြစ်ပါတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောာင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပြည်သူတွေရဲ့ အားပေး ထောက်ခံမှုကြောင့် အခုလို အောင်နိုင်မှု ရတာ ဖြစ်တဲ့အတွက် အောင်မြင်မှုအတွက် ဝမ်းသာတဲ့နေရာမှာ ထိန်းထိန်း သိမ်းသိမ်း ရှိရမယ်လို့လည်း NLD ပါတီဝင်တွေကို သတိပေးခဲ့ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နီးပါး အနိုင်ရခဲ့ပြီးတဲ့ နောက်တရက်မှာပဲ ဒေါ်အောာင်ဆန်းစုကြည်က အဲဒီလိုပြောလိုက်တာပါ။ ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းအရပ်က NLD ပါတီ ရုံးချုပ်ကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့ပြီး အဲဒီနေရာတဝိုက် အပြည့်အကျပ် စောင့်နေကြတဲ့ လူထုပရိသတ်နဲ့ သတင်းမီဒီယာသမား အများအပြားကို ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒါဟာ ခေတ်သစ်တခုရဲ့ အစပျိုးမှုလို့ ကျမတို့ မျှော်လင့်ပါတယ်၊ အဲဒီ နောက် ကျမတို့တိုင်းပြည်ရဲ့ နေ့တဓူ၀ နိုင်ငံရေးမှာ လူထုရဲ့အခန်းကဏ္ဍကို ပိုပြီး အာရုံစိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


NLD ပါတီဟာ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ ထဲက ၄၅ နေရာအတွက် ရွေးကောက်ပွဲ ကျင်းပတဲ့အထဲ ၄၃ နေရာမှာ အနိုင်ရတယ်ဆိုတာ အတည်ပြုထားနိုင်ပြီ ဖြစ်တယ်လို့ ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးနိုင်းနိုင်းက ဗွီအိုအေကို ပြောပါတယ်။

"မနေ့ညနေ ၁၁ နာရီလောက်အထိ ပြောနေတာက ၄၄ နေရာ နိုင်ထားပြီးဆိုပြီးတော့ သတင်းအရ ပြောနိုင်ပါတယ်။ ဒီကနေ့မနက် ထပ်ပြီး စစ်ကြည့်တဲ့အခါမှာ ၄၃ နေရာ လုံး၀ နိုင်တယ်။ သို့သော်လည်း လားရှိုး၊ သိန္နီ၊ အမျိုးသားလွှတ်တော်က ဦးစိုင်းမြင့်မောင်ဥစ္စာက မဲရုံ ၁၅ ရုံအတွက် နဲနဲ ကျန်သေးတယ်။
သာတော့ သာနေပါတယ်။ ဒါပေမယ့် အပြီးသတ် စာရင်းကို မနိုင်သေးတဲ့အတွက်ကြောင့်၊ တနေရာစာကတော့ ခနလေး ချန်ထားလိုက်ရင် ကောင်းလိမ့်မယ်လို့။

မနေ့ညက ဦးတို့ ထုတ်ပြန်တာကတော့ ၄၄ နေရာ အားလုံးနိုင်ပြီလို့ နှုတ်နဲ့ ထုတ်ပြန်တာပေါ့လေ။ ဒီနေရာမှာကျန်တာ အဲဒါလေး တခုကျန်တယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ပြီလို့ထင်တယ်။ အခု လောလောဆယ်မှာ အဲဒီ ၁၅ ရုံ ကျန်သည့်တိုင်အောင် ကျနော်တို့က သာတော့ သာနေတယ်။ ဆိုတော့ ဒီဥစ္စာက ပြောလို့ မရဘူးလေ။ အဲဒါကြောင့်မို့ ၄၃ တော့ သေချာတယ်။ ကျန်တဲ့ တနေရာကလည်း သေချာသလောက်တော့ ဖြစ်တယ်။ သို့သော်လည်း အကုန်မရသေးလို့ မပြောနိုင်တာပဲ။"

ပြည်သူတွေအနေနဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်လို့သာ အဖွဲ့ချုပ်အနေနဲ့ လုပ်နိုင် ကိုင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ရာခိုင်နှုန်းပြည့်နီးပါး အောင်မြင်မှုရတဲ့အတွက် ပါတီဝင်တွေ ဝမ်းသာအားရနဲ့ အောင်ပွဲခံနေကြချိန်မှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင် တားဆီးတဲ့ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို သတိပေးစကား ပြောခဲ့ပုံရပါတယ်။

"ပြည်သူတွေအနေနဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်လို့ ကျမတို့ ဒီလို၊ အဖွဲ့ချုပ်အနေနဲ့ လုပ်နိုင် ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမက ပြောချင်တာက အခုချိန်မှာ ဆိုလို့ရှိရင် ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေက နားလည်မှု ထားရမှာက ဒါဟာ ပြည်သူတွေရဲ့ ထောက်ခံမှု၊ ပြည်သူတွေရဲ့ ပါဝင်မှုကြောင့်သာ ကျမတို့ ဒီလို အောင်မြင်မှုတွေ ရခဲ့တာပါ။ ဒါကြောင့်မို့လို့ ကျမတို့က ထိန်းထိန်း သိမ်းသိမ်းနဲ့ ရှိရမယ်။ ဒီမိုကရေစီရဲ့ သဘောတရားဆိုတာဟာ လူများစု အောင်နိုင်တယ် ဆိုလို့ရှိရင်တောင်မှ လူနဲစု အခွင့်အရေးတွေကို ကျမတို့က ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ကျမတို့အနေနဲ့ တခြား အဖွဲ့အစည်းတွေ၊ တခြား ပုဂ္ဂိုလ်တွေကို လယ်လိုမှ စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ကြပါနဲ့လို့ ကျမအနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်။"

ကိုယ်နိုင်ပြီဆိုတဲ့ စိတ်ဓာတ်မမွေးဘဲ ဒါကို ဆက်လုပ်ဖို့ အခွင့်အရေးအဖြစ် ယူဆဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

"ကျမတို့ ပြည်သူတွေက နားလည်ပြီးသားပါနော်။ ဒီတော့ သဘောထားကြီးကြီးနဲ့ စိတ်ထားမြင့်မြင့်နဲ့ ကျမတို့ လုပ်စရာတွေက အများကြီး ရှိပါတယ်။ ဒါကြောင့် အခုကနေ စပြီးတော့ ငါနိုင်ပြီဟေ့ဆိုတဲ့ စိတ်ဓါတ်နဲ့ မဟုတ်ပဲနဲ့ ငါတို့ ဆက်လုပ်ဖို့ အခွင့်အရေး တခုတော့ရပြီ ဆိုတဲ့ စိတ်ဓါတ်နဲ့သာ ကြိုးစားကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။"


အခုရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ အားလုံးအနေနဲ့လည်း နိုင်ငံမှာ တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီ ပတ်ဝန်းကျင် ဖန်တီးရေးမှာ ပူးပေါင်း ဆောင်ရွက်ကြမယ်လို့ မိမိတို့ မျှော်လင့်တဲ့အကြောင်း၊ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်တဲ့အတွက် အဲဒီနိုင်ငံရေးပါတီတွေကို ကျေးဇူးတင်ပါကြောင်း၊ အနာဂတ်မှာ နောက်ထပ် လူအများအပြားအတွက် နောက်ထပ် အခွင့်အရေးတွေ အများအပြား ရလာလိမ့်မယ်လို့ မျှော်လင့်ပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

XS
SM
MD
LG