သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ဒီမိုကရေစီအရေး အိန္ဒိယအကူအညီ လိုအပ်- ဒေါ်စု


Lady Shri Ram College တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသေးဘဲ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းနေဆဲအဆင့်မှာသာ ရှိသေးတာမို့ ဒီကြိုးပမ်းမှုမှာ အိန္ဒိယ ရဲ့ အကူအညီကို လိုအပ်နေပါတယ်လို့ နယူးဒေလီမြို့ Lady Shri RamCollege မိန့်ခွန်း မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်မရောက် ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ချင်စိတ် ရှိမရှိဆိုတဲ့ အချက်နဲ့ ဆန်းစစ်နိုင်တယ် ဆိုတာကိုလဲ မြန်မာမိသားစုတွေကို တွေ့ဆုံရာမှာ ပြောဆိုသွားခဲ့ပါတယ်။ မမိုးဖြူက ဆက်ပြောပြမှာပါ။

အိန္ဒိယနိုင်ငံရဲ့ ဖိတ်ကြားချက်အရ ၅ ရက်ကြာ ခရီးစဉ်နဲ့ အိန္ဒိယကို ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် ဟာ LADY SHRI RAM COLLEGE ကို သွားခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်တွေက နိုင်ငံရေးသိပ္ပံပညာဆည်းပူးခဲ့တဲ့ ဒီကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့် ခွန်းပြောခဲ့ပါတယ်။

“We need you to help us and our progress towards democracy. I have had to remind people many times that we have not yet achieved democracy. We are trying to democracy. And our endeavors we need your help.”
မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသေးပါဘူး။ ဒီမိုကရေစီရဖို့ ကြိုးစားနေတုန်းဘဲ ရှိပါသေးတယ်။ ဒါကြောင့် မြန်မာ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ အိန္ဒိယရဲ့ အကူအညီတွေ လိုအပ်နေပါတယ် လို့ ထောက်ပြပြောဆိုသွားပါတယ်။

LADY SHRI RAM COLLEGE ရဲ့ ကျောင်းသူဟောင်းတယောက် ကမ္ဘာကအသိအမှတ်ပြုခံရတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးခေါင်းဆောင်တဦးအဖြစ်နဲ့ ကျောင်းကိုပြန်လာတဲ့ အချိန်ဟာ နှစ်ပေါင်းများစွာစောင့်မျှော်ခဲ့ရတဲ့ တကယ့်ကိုသမိုင်းတွင်တဲ့အချိန်ပါပဲလို့ Dr. Kanika Khandelwal ကပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မိန့်ခွန်းထဲမှာ သူဟာ ကျောင်းနဲ့ရော အိန္ဒိယနဲ့ပါ ဘယ်တုန်းကမှ ဝေးကွာသွားတယ်လို့ မခံစားခဲ့ရပါဘူးလို့ ပြောဆိုခဲ့ပြီးတော့ အိန္ဒိယရဲ့လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီရဲ့အနှစ်သက်ဆုံး တေးတပုဒ်ဖြစ်တဲ့ Raghupati Raghav Raja Ram သီချင်းကိုလဲ ဒီကျောင်းမှာဘဲ စပြီး နားထောင်သင်ယူခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

တရားမျတမှု၊ ဥပဒေစိုးမိုးမှုတွေအတွက် ရိုးသားဖြောင့်မတ်တဲ့၊ စိတ်ရှည်သည်းခံတဲ့၊ ကိုယ်ကျင့်သီလမူဝါဒကို တန်ဖိုးထားစောင့်ထိန်းတဲ့ အထိမ်းအမှတ်နဲ့ ဒီသီချင်းကို ဂန္ဒီကြီးက အင်မတန်နှစ်သက်ခဲ့တယ်လို့ ပါမောက္ခ Kanika ကရှင်းပြပါတယ်။ အိန္ဒိယနိုင်ငံကို ငြိမ်းချမ်းတဲ့နည်းနဲ့ လွတ်လပ်ရေးရအောင်ကြိုးပမ်းခဲ့တဲ့ မဟတ္တမဂန္ဒီကြီးနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံဒီမိုကရေစီရရှိဖို့ကို ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို နှိုင်းယှဉ်ပြီးတော့ ဒီသီချင်းရဲ့ အနှစ်သာရနဲ့ ကိုက်ညီလှပါတယ်လို့ ပါမောက္ခ Kanika ကဆက်ပြောပါတယ်။

သမိုင်းအစဉ်အလာအရ ခင်မင်ချစ်ကြည်ရင်းစွဲရှိခဲ့တဲ့ အိန္ဒိယနဲ့ မြန်မာပြည်သူတွေဟာ နှလုံးသားချင်း အမြဲနီးကပ်နေပါတယ် လို့လဲ ဆက်ပြောပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေဟာ လူထုလူ့အဖွဲ့အစည်းအတွက် တန်ဖိုးမဖြတ်နိုင်တာမို့ ရရှိထားတဲ့ အခွင့်အရေးတွေကို တန်ဖိုးထားဖို့ အရေးကြီးဆုံးအချက်ကို ဒေါ်အောင်ဆန်းစုကြည်က မီးမောင်းထိုးပြခဲ့တယ်လို့လဲ သူကပြောဆိုပါတယ်။

အခုချစ်ကြည်ရေးခရီးစဉ်ကနေ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အနာဂါတ်မှာ အိန္ဒိယနဲ့ မြန်မာ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်နိုင်ကြမယ်လို့ မျော်လင့်ကြောင်းကိုလည်း ပါမောက္ခ Karnika ကပြောဆိုပါတယ်။

ဒီနေ့မှာပဲ နယူးဒေလီမြို့ ဗဂါ့ရှ်ဂိုရီရပ်ကွက်က အောက်စဖို့ဒ်ကျောင်းမှာ မြန်မာ့နိုင်ငံရေး အင်အားစုတွေ၊ မြန်မာဒုက္ခသည်မိသားစုတွေနဲ့ တွေ့ဆုံခဲ့ရာမှာ “မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်၊ မရောက်ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ဆန္ဒရှိမရှိဆိုတာနဲ့ လေ့လာရမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ပဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေ လွတ်လပ်တရားမျှတတယ်လို့ ပြောလို့ရမှာမဟုတ်ဘူး။ လွပ်လပ်သည့်တိုင်အောင် တရားမျှတမှာ မဟုတ်ဘူးလို့ မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG