သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံ ဒေါ်စု ကန့်ကွက်မဲပေးခဲ့


မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ လူထုနဲ့ စကားပြောခဲ့သော ဒေါ်အောင်ဆန်းစုကြည် (ဂျွန် ၉၊ ၂၀၁၃။)
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ လူထုနဲ့ စကားပြောခဲ့သော ဒေါ်အောင်ဆန်းစုကြည် (ဂျွန် ၉၊ ၂၀၁၃။)
ပြင်ဦးလွင်ကိုရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူတုန်းက သူ ကန့်ကွက်မဲထည့်ခဲ့တဲ့အကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်းသင့်ခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူခဲ့တဲ့ ဖွဲ့စည်းပုံကို မထောက်ခံကြောင်း ပြောပါတယ်။ အဲဒီအချိန်က စစ်အစိုးရကတော့ ပြည်သူပေါင်း သန်း ၂၀ က မဲထည့်ပြီး ရာခိုင်နှုန်းအားဖြင့် ၉၂.၄ % ထောက်ခံမဲရရှိပြီး အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး တိုးတက်အောင် ဒီအခြေခံဥပဒေကို အမြန်ဆုံးပြင်ဆင်ဖို့ လိုနေပြီလို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ထပ်ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ရန်ကုန်သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် ပြည်ဦးလွင်က ပြည်သူတွေကို လာပြီးတွေ့ပါမယ်လို့ ကတိပေးဖူးတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်အေင်ဆန်းစုကြည် ဟာ ပြည်ဦးလွင်မြို့ပေါ်က မဟာအံ့ထူးကံသာ ဘုရားကြီးဝင်းအတွင်းမှာ လူထုနဲ့ ဒီကနေ့တွေ့ဆုံ စကား ပြောခဲ့တာပါ။
လူထုနဲ့တွေ့စဉ် စိတ်ုကြိုက်မေးခွန်း ၅ ခု ကို ပြည်သူတွေထဲက မေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုခဲ့ပြီး ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ မေးလာတဲ့ မေးခွန်းတစ်ခု မှာ သူမကိုယ်တိုင်မဲ မထည့်ခဲ့သလို ပြည်သူ အတော်များများရဲ့ ထောက်ခံမှုမရရှိတဲ့ ဒီဥပဒေကို အမြန်ဆုံးပြင်ဖို့ လုပ်ရမယ်လို့ သူမကပြောပါတယ်။

“အဲဒီအချိန်တုန်းက တစ်ခုတော့ ပြောနိုင်တယ်လေ။ ကျမတို့ကတော့ လုံးဝ မထောက်ခံခဲ့ဘူး။ ကျမက အကျယ်ချုပ်ဘဝပေမဲ့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်လို့ ကန့်ကွက်မဲထည့်ခဲ့တယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေက ထောက်ခံမှုနဲ့ ၉၂ % ဆိုတော့ ကျမတို့အနေနဲ့ စဉ်းစားစရာပဲလို့ ဒီလိုပဲ စိတ်ထဲမှာ ရှိပါတယ်။”

၂၀၀၈ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း အပြင်းအထန်တိုက်ခတ်ခံရပြီးချိန်မှာပဲ အရင် စစ် ခေါင်းဆောင်ဟောင်းတွေ ဦးစီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပခဲ့တာပါ။
ဒီကနေ့ လူထုနဲ့တွေ့စဉ်မှာ ပြည်ဦးလွင် လူထုက သူမကို နိုင်ငံတော်ရဲ့ သမ္မတအဖြစ် မြင်တွေ့လိုတယ်လို့လည်း ပြောလာကြတာပါ။

“ကျနော်တို့ အဓိကသိချင်တာက ကျနော်တို့က အမေစုကို သမ္မတဖြစ်စေချင်ပါတယ်။ စဉ်းစားရမယ့်ကိစ္စတွေက အခြေခံ ဥပဒေကိစ္စတွေပေါ့လေ။ အဲဒါတွေနဲ့ပတ်သက်လို့ကော အမေစု သိမြင်နိုင်တယ်၊ သုံးသပ်နိုင်တယ်ဆိုတဲ့ အနေအထားတွေနဲ့ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မယ်ဆိုတဲ့ ဟာလေးတွေ ပြောပြပေးစေချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမအနေနဲ့ နိုင်ငံတော်ရဲ့သမ္မတ ဖြစ်လာနိုင်ဖို့ ဆန္ဒရှိတဲ့အကြောင်း ထပ်ပြောသွားခဲ့ပါသေးတယ်။

“ကျမ သမ္မတကိစ္စပဲ ပြောပါရစေ၊ ဒီဟာက ဘယ်လို စဖြစ်တာလဲဆိုတော့ ကျမကို သတင်းထောက် တစ်ယောက်က မေးတာပါ။ သမ္မတဖြစ်ချင်လား-ဆိုတော့ ကျမကလည်း စဉ်းစားမနေဘူး။ ဖြစ်ချင်တယ်-လို့၊ ဖြစ်မှ ကိုယ်လုပ်ချင်တာ လုပ်လို့ရမှာ-လို့။”

ပြည်သီးလွင်မြို့ကို ဇွန်လ ၉ ရက်နေ့ မနက်အစောပိုင်းက ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးကို လာရောက်ချိန်မှာပဲ နေသိပ်မကောင်း ဖြစ်နေပြီးတော့ သူမအနေနဲ့ အနားယူဖို့ လိုအပ်နေပေမဲ့ လူထုနဲ့ ၂ နာရီ နီးပါး တရင်းတနှီးတွေ့ဆုံပြီး လူထုက မေးတာတွေကို ဖြေခဲ့တယ်လို့လည်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟက ပြောပါတယ်။

“အမှန်ကတော့ နေပြည်တော်က လာကတည်းက တော်တော်ကို ပင်ပန်းလာခဲ့ပြီး ကျန်းမာရေး မကောင်းဘူး။ ဒါပေမဲ့ အခု ရောက်လာတဲ့အချိန်မှာ လမ်းမှာ မိုးလေး တဖွဲဖွဲ မိတာတောင်မှပဲ တော်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ နှုတ်ဆက်လာတယ်။ ခဏနားတယ်။ နားပြီး နှစ်နာရီခွဲမှာ ဟောပြောပွဲလုပ်တယ်။ ဟောပြောပွဲမှာလည်း ၄၅ မိနစ်၊ ၁ နာရီနီးပါး အားရပါးရ ပြောတယ်။ လူ့အခွင့်အရေးနဲ့၊ ဒီမိုကရေစီအခွင့်အရေးနဲ့၊ တရားဥပဒေ စိုးမိုးရေးတွေကို အားရပါးရ ပြောတယ်။ ပြည်သူတွေထဲက ၅ ယောက်ကို မေးခိုင်းတယ်။ သူက မေးခွန်းတွေကို ပြန်ဖြေတယ်။ သံဃာတော်တွေရော၊ မောရစ်ရှ်က နိုင်ငံခြားသူတစ်ယောက်မေးတာကိုရော၊ ပြည်သူတွေက မေးတာကိုရော သူ ကောင်းကောင်းပြန်ဖြေပြီးတော့မှ စကားပြောသွားတယ်။ အဲဒါလည်း ပြောတာရော သူ အားလည်းရတယ်။ ကြည့်ရတာတော့ သူ တော်တော် စိတ်ချမ်းချမ်းသာသာရှိပါတယ်။ စကားပြောတာလည်း ပြည်သူတွေလည်း အားလုံး ကျေနပ်ပြီးတော့မှ တက်လာတဲ့ ပြည်သူတွေကလည်း ရှမ်းပြည်နယ်ကရော၊ မန္တလေးတိုင်းထဲမှာရော လူတွေက တော်တော်များတယ်။ ကွင်းကလည်း တော်တော်ကျယ်တယ်၊ သူ လည်းပဲ တော်တော် ကျေနပ်သွားတယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”

သူမရဲ့ ဒီကနေ့ ပြင်ဦးလွင် လူထုကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိဖို့ကိစ္စ အပါအဝင် ဒီမိုကရေစီနဲ့လူအခွင့်အရေး တိုးတက်မှု ရှိလာစေဖို့တွေကိုလည်း ထည့်သွင်းပြောဆိုခဲ့တယ်လို့လည်း ဦးကျော်သီဟက ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ ဒီနေကဇွန်လ ၉ ရက်နေ့ တစ်ညအိပ်ပြီး မနက်ဖြန် ဇွန်လ ၁၀ ရက်နေ့မှာ လွှတ်တော် အရေးကိစ္စတွေ ဆောင်ရွက်ဖို့ နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG