သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီရှီဂန်တက္ကသိုလ် Wallenberg ဆု ဒေါ်စုကိုချီးမြှင့်


မီရှီဂန်တက္ကသိုလ် Wallenberg ဆု ဒေါ်စုကိုချီးမြှင့်
မီရှီဂန်တက္ကသိုလ် Wallenberg ဆု ဒေါ်စုကိုချီးမြှင့်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စု မီရှီဂန်တက္ကသိုလ် (University of Michigan) ရဲ့ ရာအိုး ဝေါ်လင်ဘတ် (Raoul Wallenberg) ဆုကို ချီးမြှင့်လိုက်ပါတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိစေဖို့ အနစ်နာခံ ကြိုးပမ်းမှုတွေအတွက် အခုလို ချီးမြှင့်တာလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့ည အမေရိကန်စံတော်ချိန် ၇ နာရီခွဲမှာ မစ်ရှီဂန် တက္ကသိုလ်က ကျောင်းသားတွေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို ရုပ်သံနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ရှိပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမေရိကန် အရှေ့မြောက်ပိုင်းမှာရှိတဲ့ မီရှီဂန်တက္ကသိုလ်မှာ “လူမှုအသိုက်အဝန်းထဲက တကယ့် အပြောင်းအလဲကို ဖေါ်ဆောင်နိုင်တဲ့လူသား” အတွက် ရည်ရွယ်တဲ့ ဝေါ်လင်ဘတ်ဆုကို ဒီနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်လိုက်ပါတယ်။ မီရှီဂန်တက္ကသိုလ်က လက်ထောက်အကြီးအကဲ ဒေါက်တာ ဂျွန် ဂေါ့ဒ်ဖရီး (John Godfrey) က ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုအတွက် မဆုတ်မနစ် ကြိုးစားသူတစ်ဦးဖြစ်သလို တကမ္ဘာလုံးကိုလည်း သူ့ရဲ့ အတွေးအခေါ်နဲ့ လွှမ်းမိုးစေခဲ့သူမို့ ဒီဆုကို ချီးမြှင့်ခဲ့တာလို့ ပြောပါတယ်။

“တကယ် အကျဉ်းထောင်ဟာ ကြောက်ရွံ့ခြင်း ဖြစ်သလို တကယ့်လွတ်လပ်မှု အစစ်အမှန်က ကြောက်ရွံ့ခြင်းက ကင်းဝေးတာပါလို့ ဒေါ်စုက ရေးသားခဲ့ပါတယ်။ အထူးသဖြင့် နေအိမ်အကျယ်ချုပ် ၇ နှစ် ချထားရာကနေ လွတ်မြောက်လာတဲ့နောက် ပြောခဲ့တဲ့စကားက တကမ္ဘာလုံးကို လှုပ်ရှားစေခဲ့တာပါ။ မျှော်လင့်ခြင်းကို လက်မလွှတ်ဖို့နဲ့ တချိန်တည်းမှာပဲ မျှော်လင့်နေယုံနဲ့မပြီးဘဲ ကိုယ်လိုချင်တာကို ဇွဲနဲ့ ကြိုးပမ်းဖို့ပါ။ သူလွတ်လာခဲ့ပြီးတဲ့နောက် လပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့ မျှော်လင့်ချက်တွေ တိုးလာတာတွေ့ရပါတယ်။”

ဒီလို မြန်မာနိုင်ငံအတွက်တင်မကဘဲ ကမ္ဘာကပါ အသိမှတ်ပြုရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မီရှီဂန် တက္ကသိုလ်က ချီးမြှင့်တဲ့ဆုဟာ လူ့သိက္ခာ၊ လူ့အခွင့်အရေးနဲ့ တရားမျှတရေးအတွက် ထူးထူးခြားခြား စွန့်လွှတ် အနစ်နာခံခဲ့သူ ရာအိုး ဝေါ်လင်ဘတ် (Raoul Wallenberg) ကို ဂုဏ်ပြုပြီး ပေးတဲ့ဆုလို့ဆိုပါတယ်။

“ပေးမယ့်ဆုက ဝေါ်လင်ဘတ်ဆုပါ။ ကျနော်တို့ တက္ကသိုလ်ထွက် တစ်ဦးဖြစ်တဲ့ သိပ်ထင်ရှားတဲ့ ရာအိုး ဝေါ်လင်ဘတ် အထိမ်းအမှတ် ပေးတဲ့ဆုပါ။ သူဟာ ဆွီဒင်နိုင်ငံသားဖြစ်ပြီး ၁၉၃၄ ခုနှစ်မှာ ဒီ မီရှီဂန် တက္ကသိုလ်က ဘွဲ့ရခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဆွီဒင် သံတမန်အဖြစ် အမှုထမ်းနေတဲ့သူ့ကို ဘူတာပက်စ် (Budapest) မြို့က ဂျူးတွေကို ကယ်တင်ဖို့ အမေရိကန်က အကူအညီတောင်းတာကို လက်ခံပြီး သိန်းနဲ့ချီတဲ့ ဂျူးတွေကို ကယ်တင်ခဲ့သူပါ။ လူ့သိက္ခာ၊ လူ့အခွင့်အရေးနဲ့ တရားမျှတရေးအတွက် ထူးထူးခြားခြား စွန့်လွှတ် အနစ်နာခံတဲ့သူတွေကို ရွေးချယ်ပေးတဲ့ဆုကို ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးဖို့ ရွေးချယ်ခဲ့တာပါ။”

ရာအိုး ဝေါ်လင်ဘတ် ဆုကို ဒေါ်အောင်ဆန်းစုကြည်အပြင် အရင်က တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး နဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် အယ်လီဝိုက်ဆဲလ် (Elie Wiesel) တို့ကိုလည်း ချီးမြှင့်ခဲ့တာပါ။

“သူ့လို လူ့သိက္ခာ လူ့အခွင့်အရေးနဲ့ တရားမျှတရေးအတွက် ထူးထူးခြားခြား စွန့်လွှတ်အနစ်နာခံတဲ့သူတွေကို ရွေးချယ်ပေးတဲ့ဆုကို ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးဖို့ရွေးချယ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရဖို့အတွက် ကြောက်ရွံ့မှုအကင်းဆုံး၊ တစိုက်မတ်မတ်နဲ့ မဆုတ်မနစ် အကြိုးပမ်းဆုံး သူဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။ အဆိုးရွားဆုံး အာဏာရှင်ကို စိတ်ဓါတ်အင်အားနဲ့ တွန်းလှန်နိုင်တယ် ဆိုတာကို သူကဦးဆောင်ပြီး လက်တွေ့ပြခဲ့ပါတယ်။ ဒီလိုလူမျိုးဟာ ရာအိုး ဝေါ်လင်ဘတ် ဆုနဲ့ ထိုက်တန်သူပါ။”

အောက်တိုဘာလ ၂၅ ရက် အင်္ဂါနေ့ အမေရိကန်စံတော်ချိန် ညနေ ၇နာရီခွဲမှာ မီရှီဂန်တက္ကသိုလ် ရက်ဟမ် (Rackham) ခန်းမထဲမှာ ဆုချီးမြှင့်ပွဲ အခမ်းအနားနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို ကျင်းပမယ်လို့ဆိုပါတယ်။

“သူ့ရဲ့ပြောကြားချက်တွေကို လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက ကျနော်တို့ အသံသွင်းယူထားပါတယ်။ ရန်ကုန် သူမရဲ့ နေအိမ်ကနေ ပြောခဲ့တာပါ။ ဒီပြောကြားချက်တွေပြီးရင် စကိုက်ပ် (Skype) နဲ့ တိုက်ရိုက် မေးမြန်း ဆွေးနွေးနိုင်ဖို့ စီစဉ်ထားပါတယ်။”

ရာအိုး ဝေါ်လင်ဘတ်ဆုကို ဒေါ်အောင်ဆန်းစုကြည် ဆီကို တိုက်ရိုက်ပေးပို့မှာ ဖြစ်ပါတယ်။ ဆုဟာ ဝေါ်လင်ဘတ် ကော်မတီက ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး ဆုတံဆိပ်တဘက်မှာ One Person Can Make a Difference “လူတစ်ဦးတစ်ယောက်တည်းကလဲ အပြောင်းအလဲကို လုပ်နိုင်ပါတယ်”လို့ ရေးထွင်းထားပါတယ်။

XS
SM
MD
LG