သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧပြီလ ၂၃ ရက် လွှတ်တော် ဒေါ်စု တက်မည်


၂၀၁၀ ခုနှစ် က တွေ့ရသော တည်ဆောက်ဆဲ လွှတ်တော်ပုံ
၂၀၁၀ ခုနှစ် က တွေ့ရသော တည်ဆောက်ဆဲ လွှတ်တော်ပုံ

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဧပြီလ ၂၃ ရက်နေ့မှာ ပြန်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါ တယ်။ အဲဒီထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း အပါအဝင်ပါ။ လွှတ်တော်ကိုယ်စား လှယ်တဦးချင်း စီရဲ့ လွှတ်တော်တွင်း စွမ်းဆောင်ချက်တွေပေါ်မူတည်ပြီး တိုင်းပြည်က သူတို့ကို အကဲဖြတ် သွားမှာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်မျိုးလည်း ရှိပါတယ်။

လွှတ်တော်အသီးသီးအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီး လွှတ်တော် ကိုယ်စား လှယ်နေရာအားလုံးနီးပါးကို NLD ပါတီက အနိုင်ရခဲ့တာပါ။ အခုတော့ အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေထဲက ပြည်သူ့ လွှတ်တော်အတွက် ကိုယ်စားလှယ်တွေဟာ ဧပြီလ ၂၃ ရက်နေ့မှာ လွှတ်တော် အစည်းအဝေးတွေ တက်ရောက်ကြရတော့မှာ ဖြစ်ပါတယ်။

အဲဒီအတွက် အကြောင်းကြားစာတွေ ရထားပြီးပြီလို့ NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ တဦးဖြစ်သူ ဦးဉာဏ်ဝင်း က ဗွီအိုအေကိုပြောပါတယ်။

“ဟုတ်ပါတယ်။ အားလုံးတော့ မဟုတ်ဘူးနော်။ ပြည်သူ့လွှတ်တော်ဘဲ အမျိုးသားလွှတ်တော်က အကြောင်းကြား စာ မရသေးဘူး။”

လွှတ်တော်အသီးသီးရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးတွေက အပြီးသတ်သေးတာမဟုတ်ဘဲ လောလောဆယ် မှာ ယာယီ ရပ်ဆိုင်းထားတာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဟာ ဧပြီလ ၂၂ ရက်နေ့၊ နေ့လည် ၁၂ နာရီအရောက် သတင်းပို့ကြရမှာဖြစ်ပြီး ဧပြီလ ၂၄ ရက်နေ့၊ နေ့လည် ၁ နာရီမှာ အစည်းအဝေး ကျင်းပမယ်လို့ လွှတ်တော်ရုံးက အကြောင်းကြား ထားကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီးတဲ့နောက် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရွေးကောက် တင်မြှောက်ခံရ တာမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ် တွေနဲ့ လွှတ်တော်အစည်းအဝေး တွေကို ကျင်းပနေခဲ့တာပါ။ အခု ကြားဖြတ်ရွေးကောက်ပွဲ တွေ အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက် တင်မြှောက်ခံ လွှတ်တော် ကိုယ်စားလှယ် တဦး အဖြစ်နဲ့ လွှတ်တော် အစည်းအဝေးတွေကို တက်ရောက်တော့မှာဖြစ်ပါတယ်။

လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တဦးချင်းစီရဲ့ စွမ်းဆောင်ချက်ပေါ် မူတည်ပြီးတော့သာ အကဲဖြတ် ကျရမှာဖြစ်ပါတယ်လို့ အမျိုးသားဒီမိုကရေစီသစ်ပါတီ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဦးသိန်းညွှန့်က ပြောပါတယ်။

“လွှတ်တော်တွင်းရောက်လာပြီးတော့ လွှတ်တော်ကိုယ်စားလှယ် တဦးချင်းစီရဲ့ လက်တွေ့ လုပ်ဆောင်မှုပေါ်မှာ ကြည့်ပြီးမှဘဲ ကျနော် အကဲဖြတ်တဲ့ သဘောထား ပေးနိုင်မယ်။ နောက်တခါ တိုင်းပြည်ကလည်း လွှတ်တော် ကိုယ်စားလှယ်အားလုံး တဦးချင်းရဲ့ ဆောင်ရွက်မှုကို အကဲဖြတ်မှာပါ။”

၁၉၉၀ ပြည့်နှစ်မှာ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေ ကျင်းပခဲ့ချိန်တုန်းက ဒေါ်အောင်ဆန်း စုကြည် ဟာ နေအိမ် အကျယ်ချုပ် ချခံထားရပြီး ရွေးကောက်ပွဲဝင်ခွင့် မရခဲ့ပါဘူး။ NLD ပါတီက တနိုင်ငံလုံး မှာ အနိုင်ရခဲ့ပေမဲ့လည်း အဲဒီအချိန် စစ်ကောင်စီက အာဏာလွှဲ ပေးဖို့မလုပ်ခဲ့ဘဲ အခြေခံဥပဒေ ရေးဆွဲရေး ကိုသာ လုပ်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ အခြေခံဥပဒေ အတည်ဖြစ်သွားပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေ လုပ်တဲ့အခါမှာလည်း ဒေါ်အောင်ဆန်း စုကြည်ဟာ နေအိမ်အကျယ်ချုပ် ဘဝမှာပဲ ရှိနေခဲ့သေးသလို NLD ပါတီဟာလည်း နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံမတင်၊ ရွေးကောက်ပွဲ မဝင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာ ပြီးတဲ့နောက် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ကြပြီးတဲ့ နောက်ပိုင်းမှာမှ NLD ပါတီ မှတ်ပုံတင်ရေးကိစ္စ၊ ရွေးကောက်ပွဲ ဝင်ရေးကိစ္စတွေ ဖြစ်ခဲ့တာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အဖြစ် ပြည်တွင်း ပြည်ပရဲ့ အသိအမှတ်ပြုမှုကို ရထားတဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ပါဝင် မယ့် လွှတ်တော်တွေကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့် နေကြတာ ဖြစ်ပါတယ်။ အခု ဧပြီလ ၂၃ ရက် လွှတ်တော်အစည်း အဝေးတွေမှာ ဆွေးနွေးနိုင်ဖွယ်ရှိတဲ့ ကိစ္စရပ်တွေကို တော့ ဦးသိန်းညွန့်က အခုလို ရှင်းပြပါတယ်။

“သမ္မတကနေ ပြင်ဆင်ချက် ပေးတာနဲ့ ကျနော်တို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသား ဥပဒေတွေ ရှိတယ်။ ပြောရရင် ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသား လွှတ်တော် ဥပဒေ၊ တိုင်းနဲ့ ပြည်နယ် လွှတ်တော် ဥပဒေ အဲဒီ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ချက် အဲဒီ ပြင်ဆင်ချက် ပေါ်မှာ ပြည်ထောင်စု လွှတ်တော် က ပြန်စိစစ်ရမှာပေါ့။ ပြည်သူ့လွှတ်တော် မှာတော့ ကျနော်တို့ ပြီးခဲ့တဲ့ အပတ်က တတိယ အခေါက် မပြီးသေးဘူးလေ အဲဒီမှာ ကျနော်တို့ မေးရမယ့် မေးခွန်းတွေ အဆိုတွေ ကျန်ပါသေးတယ်။ သို့သော် ဒီတခေါက်က ဘတ်ဂျက် လွှတ်တော် ဆိုတော့ သူ ကျန်နေတဲ့ မေးခွန်းတွေကို အခု နားထား ရာကနေ ပြန်ခေါ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဘယ်လောက်ပြန်ပြီးတော့ ကျန်နေတဲ့ ကိစ္စတွေ လုပ်ပေးမလဲ ဆိုတာတော့ ကျနော်တို့လည်း အစည်းအဝေး ရောက်မှဘဲ သိရမှာ။”

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ပါ။

မြန်မာနိုင်ငံက လွှတ်တော်တွေမှာ လူထုက ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ စစ်တပ်ဦးစီးချုပ်ကနေ တိုက်ရိုက် ရွေးချယ် ခန့်ထားတဲ့ စစ်တပ်အရာရှိတွေ ၂၅% စီပါနေတဲ့ကိစ္စဟာ အဓိက ထောက်ပြ ဝေဖန်ကြတဲ့ ကိစ္စတခုဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ် ကျောထောက်နောက်ခံနဲ့ လူမှုရေးအသင်းဆိုပြီး ဖွဲ့စည်းခဲ့ပြီးတဲ့နောက် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီက လည်း ၂၀၁၀ ပြည့် ရွေးကောက်ပွဲ မှာ ကိုယ်စားလှယ်နေရာအများစုကို အနိုင်ရထားတာပါ။ အခု ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ အားလုံး ပေါင်းရင် တောင်မှ လူနည်းစုဖြစ်နေဆဲပါပဲ။

အဲဒါကြောင့်လည်း တိုင်းပြည်အတွက် အရေးတကြီး လုပ်ဆောင်ဖို့လိုအပ်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဒီလွှတ်တော်တွေကနေ ဘယ်လောက် ထိ လုပ်ဆောင်နိုင်မယ်ဆိုတာကို အများက စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။

XS
SM
MD
LG