သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်စုနှစ်အတွင်း သြဇာ အကြီးဆုံးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်


တိုင်းမ်မဂ္ဂဇင်း သြဇာအလွှမ်းမိုးဆုံးဆု ရွေးချယ်ခံရသူများ စာရင်း
တိုင်းမ်မဂ္ဂဇင်း သြဇာအလွှမ်းမိုးဆုံးဆု ရွေးချယ်ခံရသူများ စာရင်း
ကမ္ဘာကျော်Times မဂ္ဂဇင်းကြီးက ကမ္ဘာတလွှား ထင်ပေါ် ကျော်ကြားသူ အယောက် ၁၀၀ ရဲ့ အမည်စာရင်း စတင်ထုတ်ပြန်တဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် မဲပေး ရွေးချယ်တာ မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က စုစုပေါင်း မဲအရေအတွက် ၆၁ ရာခိုင်နှုန်းနဲ့ အနိုင်ရသွားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုမှာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာ ၃ ကြိမ် တိုင်တိုင် ရွေးချယ်ခံရဖူးသူလည်း ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တိုင်းမ်မဂ္ဂဇင်းအနေနဲ့ ကမ္ဘာတလွှား ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် ဦးဆောင်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေး၊ နည်းပညာ၊ အနုပညာနဲ့ တခြား လူမှုနယ်ပယ်အသီးသီးက ထင်ပေါ် ကျော်ကြားသူ၊ သြဇာရှိသူ ၁၀၀ ကို နှစ်စဉ် ရွေးချယ်ခဲ့တဲ့အကြောင်း မဂ္ဂဇင်း အယ်ဒီတာချုပ် Redhika Jones က ရှင်းပြသွားတာပါ။

ဒီ ၁၀ ပြည့် အထိမ်းအမှတ် အထူး ရွေးချယ်မှုကိုတော့ ဧပြီလ ၁ ရက်နေ့နဲ့ ၁၇ ရက်နေ့ အကြား ကျင်းပခဲ့တာဖြစ်ပြီး စိတ်ဝင်စားသူ ပရိတ်သတ်တွေက အွန်လိုင်းပေါ်မှာ မဲပေး ရွေးချယ်ကြတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ Barack Obama တို့ ဇနီးမောင်နှံ၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton ၊ Oprah Winfrey ၊ Facebook လူမှုကွန်ယက် ကို စတင် တည်ထောင်သူ Mark Zuckerberg နဲ့ တခြား ကမ္ဘာတလွှားက ထင်ရှား ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို အသာစီးရပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ဖိုင်နယ် အဆင့်ကို ရောက်လာတဲ့ အချိန်မှာတော့ မြန်မာလူထုအကြား ဒီ အွန်လိုင်း မဲပေးမှုအပေါ် ပိုပြီး စိတ်စားမှု များပြားလာတာပါ။

တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရတဲ့ သူဟာလည်း ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးသမားမဟုတ်ပဲ အနုပညာ နယ်ပယ်က ကမ္ဘာကျော် အဆိုတော် Lady Gaga ဖြစ်နေတဲ့အတွက် ရင်တထိတ်ထိတ်နဲ့ပဲ မဲပေးခဲ့ရတယ်လို့ အွန်လိုင်းမှာ ကိုယ်တိုင် မဲပေးတဲ့အပြင် တခြား မိတ်ဆွေတွေပါ မဲပေးဖို့ စည်းရုံး လှုံ့ဆော်ခဲ့တဲ့ အဆိုတော် သံသာဝင်းက ပြောပါတယ်။

"မနေ့က ညကတည်းက တောက်လျောက်၊ ဒီနေ့တနေ့လုံးပဲ ဘယ်အချိန် ပိတ်မယ် မှန်းမသိတော့၊ သူကလည်း ကြိုက်သလောက် Vote နိုင်တယ်ဆိုတော့ အားရင် အားသလို တောက်လျောက် ပေးနေတာပဲ၊ ဒီဟာက စိတ်ဝင်စား ဖို့ကောင်းတယ်လေ။ ဘာဖြစ်လို့လည်းဆိုတော့ သူယှဉ်ပြိုင်ရတဲ့ သူက နိုင်ငံရေးသမားမဟုတ်ပဲ၊ ပေါ့ပ်စတားဖြစ်နေတဲ့အခါကျတော့
နောက်တခုက လေဒီဂါဂါ့ရဲ့ တွတ်စ်တာ Fun တွေပေါ့နော်။ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရှိတဲ့ လူတွေ ပေါင်းလိုက်မယ်ဆိုရင် များတယ်လေ အဲ့တော့ နည်းနည်းတော့ ကြောက်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ လေဒီဂါဂါက အခုလက်ရှိလည်း အရမ်းအောင်မြင်နေတဲ့သူဆိုတော့ နောက်ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ဂရိတ်ချင်းကလည်း မတူဘူးလေ။ ယှဉ်တာဆိုတော့ စိုးရိမ်စိတ်တော့ နည်းနည်းရှိတယ်။ မနေ့က မဲစပေးတော့ သံသာတို့ ပေးတုန်းက ညနေပိုင်းမှာ ၈၀% အန်တီက နိုင်နေပြီးတော့ ညပိုင်းကျတော့ သူတို့အမေရိကားက လူတွေ မနက်ပိုင်းရောက်တဲ့အချိန်အခါမှာ ဗုတ်ဒ်က သိသိသာသာ ရသွားတယ်။ နောက်ဆုံး ၅၀- ၅၀ လောက်အထိ ညီသွားတဲ့အထိကို သံသာတို့ တွေ့တယ်လေ။ သံသာလည်း ညဘက် မိုးချုပ်တဲ့အထိ တော်တော်လေးပေးတယ်။ နည်းနည်း မနေနိုင်တော့ အိပ်သွားတာပေါ့နော်။ မနက်ကျတော့ ပြန်ကြည့်တော့ အန်တီက ၅၂ လောက် ပြန်ဖြစ်တယ်ဆိုတော့ ဟာ တခြားသူတွေကိုလည်း ရှယ်ပေါ့နော် လင့်တွေ ရှယ်တော့ တော်တော်များများ ပါဝင်လာတယ်။"

ကမ္ဘာ့ခေါင်းဆောင်တွေထက် ကျော်လွန်ပြီး မြန်မာနိုင်ငံသားတဦး အခုလို ရွေးချယ်ခံလိုက်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ သံသာဝင်းက ဆက်ပြောပါတယ်။

" သံသာတို့ကတော့ ဂုဏ်ယူဆုံးပေါ့။ ကိုယ့်မြန်မာကို ကမ္ဘာကနေပြီးတော့ ပိုပြီးတော့ သိသွားတာပေါ့။"

အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်ရောက်နေတဲ့ အဆိုတော် မီမီဝင်းဖေကလည်း ဒေါ်အောင်ဆန်းစုကြည် အခုလို အနိုင်ရလိုက်တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။

" မဲပေးဖို့အခွင့်အရေး ရှိနေတဲ့အချိန်ပေါ့နော်။ မမီ မဲပေးရတာတွေ ဘာတွေ သိပ်ကြိုက် တယ်ပေါ့နော်။ ကိုယ်ကြိုက်တာလေးတွေ ကို ရွေးချယ်ခွင့်ရှိတယ် ဆိုတဲ့ ဟာလေးကို ကြိုက်တယ်လေ။ စဉ်းစားကြည့်လိုက်တော့လည်း မမီ
အပေါ်မှာ လွှမ်းမိုးမှုက ဒေါ်အောင်ဆန်းစုကြည် ရှိပါတယ်။ အဲ့တာကြောင့် မမီက ဒေါ်အောင်ဆန်းစုကြည် ကို စိတ်ပါလက်ပါပဲ ဗုတ်ဒ်ပါတယ်။ အများကြီးပေးလိုက်တယ်။ ရသွားတော့ တခြား မမီတို့ မြန်မာတွေ အားလုံး ခံစားသလိုပါပဲ။ မမီ ဝမ်းသာတယ်။ ပျော်တယ်။ ဂုဏ်ယူတယ်ပေါ့နော်။

Lady Gaga က သူ့ပရိတ်သတ်တွေအနေနဲ့ သူ့ကို မဲပေးကြဖို့ Twitter ကတဆင့် စည်းရုံးလှုံ့ဆော်လိုက်ပြီးတဲ့နောက် သူ့ကိုထောက်ခံသူ အရေအတွက် သိသိသာသာ တက်လာပေမယ့်လည်း အဆုံးသတ် မှာတော့ ဒေါ်အောင်ဆန်းစုကြည် က အနိုင်ရသွား တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ Times မဂ္ဂဇင်းကြီးရဲ့ သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ၂၀၀၄ ၊ ၂၀၀၈ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ သုံးကြိမ် ဖော်ပြခံ ခဲ့ရပြီး ဖြစ်ပါတယ်။ အခုနှစ်မှာ ပြုလုပ်တဲ့ Time 100 Face Off လို့ခေါ်တဲ့ သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ရဲ့ ဆယ်စုနှစ်အတွင်း သြဇာအရှိဆုံး ရွေးချယ်မှုရဲ့ အကြို ၁၅၃ ဦးစာရင်းကို မတ်လ ၂၈ ရက်နေ့မှာ အွန်လိုင်းက တဆင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အနိုင်ရတဲ့သူကိုတော့ ဧပြီလ ၁၇ ရက်နေ့ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် မနက် ၇ နာရီ နောက်ဆုံး မဲပေးပြီးတဲ့အချိန် အွန်လိုင်းမှာ တပါတည်း ကြေညာတာပါ။
XS
SM
MD
LG