သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာကျင့်ဝတ်နဲ့ညီရေး ဒေါ်စုတိုက်တွန်း


ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာကျင့်ဝတ်နဲ့ညီရေး ဒေါ်စုတိုက်တွန်း
ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာကျင့်ဝတ်နဲ့ညီရေး ဒေါ်စုတိုက်တွန်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ခေတ်မီနည်းပညာရပ်တွေနဲ့ အခြေခံ အဆောက်အဦးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပါတယ်လို့ ကမ္ဘာ့ဦးဆောင် စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားကြသူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား စဉ်းစားနေကြသူတွေအနေနဲ့ပါ တရားဥပဒေကို လေးစား လိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ပေးရေးနဲ့ အလုပ်အကိုင်ဖန်တီးရေး စတာတွေကို အာမခံချက် ပေးရပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

သဘာဝသယံဇာတတွေ အလျှံပယ်အောင် ပေါကြွယ်ဝပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အများကြီး ခေတ် နောက်ကျ ကျန်နေတဲ့ မြန်မာပြည်သူပြည်သား ၅၅ သန်းရဲ့ကိုယ်စား မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံကြပါရန် ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည်ညီလာခံ (World Economic Fourm) ကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်တာပါ။ ဒါပေမဲ့ ဖွံ့ဖြိုးမှုအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ပေးဆပ်ရမယ့် ပျက်စီးဆုံးရှုံး နစ်နာမှုတွေ မဖြစ်ရအောင် ကြိုတင် အစီအစဉ် ချဖို့လိုတယ်လို့ အခုလိုပြောပါတယ်။

“မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနေကြသူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားပြီး စဉ်းစားနေကြသူတွေ အနေနဲ့ပါ တရားဥပဒေကို လေးစားလိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမား အခွင့်အရေး လေးစားရေး၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ နည်းပညာပိုင်းမှာ ကျွမ်းကျင်လိမ္မာရေး စတာတွေအတွက် အရင် အာမခံချက် ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။”

ရင်းနှီးမြှုပ်နှံရေးမှာ ဒီလိုချဉ်းကပ်တာမျိုးဟာ သက်ဆိုင်သူတွေ အားလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့် အကျိုး ခံစားမှုတွေကို ရေရှည်ဖြည့်ဆည်းပေးနိုင်ပြီး ဒါဟာ ကမ္ဘာတဝှမ်းလုံးက နားလည်ခံယူထားတဲ့ တာဝန်သိမှုနဲ့ အညီ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် အားသာစေမယ့် အခွင့်ကောင်းတွေ ပေါ်လာနိုင်တဲ့ နိုင်ငံရေးနဲ့လူမှုရေး ပတ်ဝန်းကျင်တရပ် ပေါ်ထွန်းလာမယ့်နေ့တနေ့ကို ကျမ ရှေ့ရှုနေပါတယ်။ ကျမတို့နဲ့ပြည်သူတွေ ဒီနေ့ခေတ်ကမ္ဘာကြီးကို အမှီလိုက်နိုင်ဖို့ဆိုရင် ပြည်သူတွေ အားကျအတုယူနေရတဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးရေးအတွက် နည်းပညာရပ်တွေ၊ နည်းအမျိုးမျိုးနဲ့ တီထွင်ဖန်တီးမှုနည်းပညာတွေ လိုအပ်နေတာကတော့ သေချာပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်စဉ် GDP ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဘိုးရဲ့ ၄၀ ရာခိုင်နှုန်းကို စစ်အသုံး စရိတ် အဖြစ် သုံးစွဲနေပြီး ကျန်းမာရေးနဲ့ပညာရေးကဏ္ဍ နှစ်ခုပေါင်းအတွက် ၂ ရာခိုင်နှုန်းသာ သုံးစွဲနေတာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့ကြောင့် ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေး နယ်ပယ်ရဲ့ လိုအပ်ချက်တွေကို ဦးစားပေးကိုင်တွယ်ဖို့ လိုနေတယ်လို့လည်း ပြောပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ ကာကွယ်လို့ရနိုင်တဲ့ ရောဂါတွေကြောင့် ယူကျုံးမရ ဖြစ်ရတဲ့ အကျိုးဆက်တွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်ကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။ တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့အတွက်ဆိုရင် ဥပဒေစိုးမိုးမှု အာမခံချက်ပေးဖို့အတွက် မြန်မာနိုင်ငံရဲ့ တရားဥပဒေစနစ်ကိုလည်း ပြုပြင်ပြောင်းလဲပစ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း နိုင်ငံရေးပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းတွေ အများကြီး လက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက် ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည် ညီလာခံကြီးကို တက်ရောက်လာကြသူတွေ အနေနဲ့ ကျွမ်းကျင်မှု အကူအညီတွေနဲ့ အားပေးကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။

“မြန်မာပြည်သူလူထုကိုယ်တိုင် ပါဝင်ဖြည့်ဆည်းနိုင်တဲ့ ပိုပြီးလုံခြုံ၊ ပျော်စရာကောင်းတဲ့ကမ္ဘာကြီးကို ရှေ့ရှုနိုင်ဖို့ အတွက် ဒီကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည်ညီလာခံကြီးကို တက်ရောက်လာကြသူတွေ အားလုံးအနေနဲ့ အထူး ကျွမ်းကျင်မှုတွေနဲ့အတူ ဒီအချိန်အခါကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီ ဆောင်ကြဉ်းရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အတတ်နိုင်ဆုံး ဝိုင်းဝန်းအားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။”

ဇန်နဝါရီလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေတဲ့ ၂၀၁၁ ခုနှစ် ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည် ညီလာခံကြီးကို ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်တဲ့ နိုင်ငံ့ခေါင်းဆောင် ၃၀ ကျော်၊ ကမ္ဘာ့ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁,၀၀၀ ကျော်၊ နည်းပညာကျွမ်းကျင်သူပေါင်း ၁,၂၀၀ ကျော်နဲ့အတူ စက်မှု ထွန်းကားတဲ့ နိုင်ငံ ၂၀ ကျော်က တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်နေကြပြီး ကမ္ဘာတဝှမ်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေး နယ်ပယ်တွေနဲ့ပတ်သက်ပြီး အကဲခတ်စမ်းစစ်မှုတွေ၊ တီထွင်ဖန်တီးမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ပင်နှီးနှော ဆွေးနွေးနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG