ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ စနေနေ့ ကတည်းက နိုင်ငံတကာ ခေါင်းဆောင်တွေက သူ့ရဲ့ လွတ်မြောက်မှု အပေါ်မှာ ကြိုဆိုကြသလို ကြေညာချက်တွေ ထုတ်ပြန်ကြ၊ နှုတ်ဆက်ကြတာတွေကို လုပ်နေပါတယ်။ တနင်္လာနေ့က ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ကိုယ်တိုင် ဆက်သွယ်ပြီး ဗြိတိန်ပြည်သူ တယောက်ချင်းစီက ပို့သတဲ့ မေတ္တာတွေကို လက်ဆင့်ကမ်းပါတယ်လို့ ပြောပါတယ်။ အခုလိုမျိုး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ် ကြိုဆို နှုတ်ဆက်ကြပုံတွေကို ဦးရော်နီညိမ်းက စုစည်း တင်ပြပေးထားပါတယ်။
တနင်္လာနေ့ နေ့လယ်က ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ဗြိတိသျှ ပါလီမန် အောက်လွှတ်တော်မှာ နောက်ဆုံးမတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်ခြင်းကို ဗြိတိသျှ ပါလီမန် တရပ်လုံးက ကျနော်နဲ့အတူ ကြိုဆို ဂုဏ်ပြုကြမယ်ဆိုတာ ကျနော် အသေအချာ ပြောရဲပါတယ်လို့ ကြေညာလိုက်တဲ့အခါမှာ ဗြိတိသျှ ပါလီမန် အောက်လွှတ်တော် အမတ်တွေရဲ့ လက်ခုပ်သြဘာသံတွေ သောသောညံသွားခဲ့ပါတယ်။
သူဟာ တနင်္လာနေ့ မနက်ကပဲ ဒေါ်အောင်ဆန်းစုကြည်ဆီ ဖုန်းဆက်ပြီး ချီးကျူး ဂုဏ်ပြုစကား ပြောကြားခဲ့တဲ့အကြောင်း၊ ဗြိတိန်ပြည်သူတွေ အားလုံးရဲ့ တဦးချင်းစီက ပို့သတဲ့ မေတ္တာကို သူက လက်ဆင့်ကမ်း ပေးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သူပြောပြခဲ့ကြောင်း ဝန်ကြီးချုပ် ကမ်မရွန်းက အောက်လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။
မတရားမှုကို ရဲရဲရင့်ရင့် ရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွဲနဲ့ သတ္တိဟာ အများအတွက် အားကျ အတုယူစရာ ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကနေ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကျော်ရဲ့ လွတ်မြောက်မှုဟာလည်း အသေအချာ ဆက်ပြီး ပေါ်ပေါက်လာဖို့ ကျနော်တို့တတွေ မလွဲမသွေ အလုပ်လုပ်ကြရမယ်၊ မြန်မာပြည်သူလူထုက သူတို့နိုင်ငံရဲ့ ခေါင်းဆောင်ကို သူတို့ကိုယ်တိုင် ရွေးချယ် တင်မြှောက်နိုင်ရေးအတွက် မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား အားလုံးရဲ့ လွတ်မြောက်မှုဟာ ပထမခြေလှမ်း ဖြစ်တယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ဗြိတိသျှ ပါလီမန် အောက်လွှတ်တော်မှာ တနင်္လာနေ့က ပြောကြားသွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့ မြေးဖြစ်ပြီး အခုအခါ တောင်အာဖရိကနိုင်ငံ ဂန္ဒီ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ အဖွဲ့ဝင် လူကြီးတဦးလည်းဖြစ်၊ တောင်အာဖရိကနိုင်ငံ ANC ပါတီရဲ့ ပါလီမန် အမတ်ဟောင်းလည်းဖြစ်တဲ့ မစ်စ် အီလာ ဂန္ဒီကလည်း နိုဝင်ဘာလ ၁၅ ရက် နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်လာတာကို ချီးကျူး ဂုဏ်ပြုတဲ့စာနဲ့ ဂန္ဒီ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ ကြေညာချက် တစောင်တို့ကို တောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအုန်းသွင်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီ ပေးပို့လိုက်ပါတယ်။
ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်လာတာကို ကြိုဆိုကြောင်း၊ မြန်မာစစ်အစိုးရရဲ့ အခုလို နှလုံးသား ပျော့ပျောင်းလာမှုကိုလည်း ချီးကျူးပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်လာတာဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းသွားရေး ပထမဆုံးခြေလှမ်း ဖြစ်ကြောင်း၊ ဒီပြဿနာတွေကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းမှု မှန်သမျှကို သူတို့အဖွဲ့က ထောက်ခံပြီး လိုအပ်တဲ့ ပံ့ပိုးမှုတွေ အပြည့်အ၀ ပေးအပ်ဖို့ကိုလည်း ဂန္ဒီ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ကမ်းလှမ်းပါကြောင်း ဖော်ပြထားပါတယ်။
မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်လာတာကို သြစတြေးလျ ပြည်သူတွေက ထောက်ခံ ကြိုဆိုတဲ့အကြောင်း သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်လတ် (Julia Gillard) က သြစတြေးလျ ပါလီမန် လွှတ်တော်ထဲမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က အခုလို ပြောဆိုခဲ့ပါတယ်။
“နေအိမ်အကျယ်ချုပ်ကနေ ပြန်ပြီး လွတ်မြောက်လာတဲ့ သတင်းကို ကြားရလို့ သြစတြေးလျက လူတွေ ပျော်နေကြမှာပါ။ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရနိုင်ဖို့အတွက် လှုပ်ရှားမှုတွေက အဆုံးသတ်သွားမှာ မဟုတ်ဘူး ဆိုတာကိုလည်း ကျမတို့တတွေ အပြည့်အ၀ နားလည်ထားကြပါတယ်။ ဒီမိုကရေစီနဲ့ တရားမျှတမှုတွေ ရရှိဖို့ ခက်ခက်ခဲခဲ အပြင်းအထန် ကြိုးစားခဲ့ရတဲ့ အသီးအပွင့်တွေကို မြန်မာပြည်သူတွေ တနေ့ တွေ့မြင်ရလိမ့်မယ်လို့ သြစတြေးလျ ပြည်သူတွေနဲ့ အစိုးရက ခိုင်ခိုင်မာမာကို မျှော်လင့်ထားပါတယ်။
“မြန်မာပြည်မှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာအောင် စေ့စပ် ဆွေးနွေးမှုတွေ လုပ်ပါလို့လည်း မြန်မာစစ်အစိုးရကို တိုက်တွန်းပါတယ်။”
အိမ်နီးချင်း အာဆီယံနိုင်ငံ ခေါင်းဆောင်တွေကလည်း ကြေညာချက်တွေ ထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ချီးကျူး ဂုဏ်ပြုစကားတွေ ပြောဆို ဖော်ပြနေကြပါတယ်။ မြန်မာစစ်အစိုးရက နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာကို သူ့အနေနဲ့ ကြိုဆိုကြောင်း ဖိလစ်ပိုင် သမ္မတ ဘီနစ်နို နွိုင်နွိုင် အကီနို (Benigno Noynoy Aquino) ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီ အရေးကို ရှေးရှုတဲ့ လမ်းကြောင်းပေါ်က အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ မြန်မာနိုင်ငံမှာ မလွတ်မြောက်သေးကြောင်း ဖိလစ်ပိုင် သမ္မတ မစ္စတာ အကီနိုရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အရှေ့တီမော သမ္မတ ဂျိုဆေး ရာမို့စ် ဟော်တာ (José Ramos-Horta) ကလည်း စုစုပေါင်း အကျဉ်းကျနှစ်တွေ ၁၅ နှစ် ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို သူ့အနေနဲ့ အလွန်ပဲ ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပြီး ဒါဟာ ကောင်းမှုတခုကို မြန်မာစစ်အစိုးရက ပြုလုပ်ခဲ့တယ်လို့ သူက ရှုမြင်ပြီး ဒီအတွက် စစ်အစိုးရကို ချီးကျူးပါကြောင်း ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကလည်း လွတ်ချိန်တန်တာထက် ကျော်လွန်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို အင်ဒိုနီးရှား အစိုးရအနေနဲ့ အလွန် အရေးပါတဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်မှု တခုအဖြစ် ပွင့်ပွင့်လင်းလင်း ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
မွန်ဂိုလီးယား သမ္မတ ဆတ်ခီယာ အယ်လ်ဘက်ဂ်ဒေါ်ဂျီ (Tsakhia Elbegdorj) ကလည်း မွန်ဂိုလီးယား ပြည်သူတွေကိုယ်စား ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းအတွက် မနားတမ်း တိုက်ပွဲဝင်သူ၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်လည် လွတ်မြောက်လာမှုကို ကြိဆို ဂုဏ်ပြုပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆီ စာတစောင် ရေးသား ပေးပို့လိုက်ပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးခဲ့တာဟာ မြန်မာစစ်အစိုးရ အနေနဲ့ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကျော်ကို ထပ်ပြီး လွှတ်ပေးဖို့ လုပ်ငန်းစဉ်ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် ရှုမြင်ပါကြောင်း Human Rights Watch အဖွဲ့ကြီးက နိုဝင်ဘာလ ၁၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။