လူငယ်တွေအနေနဲ့ အမှန်တရားအတွက် ရင်ဆိုင်လုပ်ဆောင်တဲ့ နေရာမှာ ကြောက်စိတ်ကို ဖယ်ရှားပြီး ရဲရဲ ရပ်တည် လုပ်ဆောင်ကြဖို့နဲ့ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရသူတွေရဲ့ စိတ်ဓာတ်ကို စံနမူနာ ယူကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ လူငယ်တွေနဲ့ တွေ့ဆုံပွဲ ဒုတိယနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တိုက်တွန်းခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ လူငယ်တွေကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းခဲ့တဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတယ်ဆိုတဲ့ အချိန်ကတည်းက လူငယ်ထုရဲ့ အသံကို နားထောင်ချင်တယ်၊ လူငယ်တွေနဲ့ တွေ့ချင်တယ်လို့ ပြောခဲ့ဖူးတဲ့အတိုင်း မြန်မာနိုင်ငံ အရပ်ဒေသ အသီးသီးက NLD အဖွဲ့ဝင် မဟုတ်တဲ့ လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ဆက်တိုက်လို လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်ချင်တဲ့ လူငယ်တွေ ရှိပေမဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက ပိတ်ဆို့ တားဆီးတာတွေကို ကြောက်ရွံ့ပြီး မလာရဲခဲ့ကြဘူး ဆိုပြီးတော့ တက်ရောက်လာကြတဲ့ လူငယ်တွေထဲကနေ ဆွေးနွေး တင်ပြတာတွေ ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကြောက်စိတ်ကို ကြိုးစားပြီး ဖယ်ရှားဖို့ လူငယ်တွေကို တိုက်တွန်းခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ တဦးက ဗွီအိုအေကို ပြန်ပြောပါတယ်။
“အန်တီ့အနေနဲ့ လူငယ်တွေရဲ့ အကြောက်တရားနဲ့ ပတ်သက်ပြီးတော့ ပြောကြားပါတယ်။ ဘာပြောကြားလဲဆိုတော့ လူငယ်တွေ အကြောက်တရား ဆိုတဲ့ဟာက စိတ်ထဲက တုန်တာပေါ့။ စိတ်ထဲက တုန်တယ်ဆိုတဲ့ အတိုင်းအတာအရ မကြောက်ရဘူးလို့ မပြောဘူး၊ ကြောက်ရမယ်။ ဒါပေမဲ့ အမှန်တရားအတွက် လုပ်မယ်ဆိုရင် ဒီကြောက်စိတ်ကို ဖယ်ရမယ်ပေါ့။
“ဆိုလိုတာက ဥပမာ ထောင်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ သူတို့ရဲ့ ယုံကြည်ချက်ကြောင့် ထောင်ထဲမှာ ကျခံနေရတယ်ပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ မလဲဘဲနဲ့ သူတို့ရဲ့ ယုံကြည်ချက်ကို ရှေ့တန်းထားပြီး လုပ်တဲ့အတွက် ဒါ အကျဉ်းကျခံနေရတာပေါ့။ ဒီဟာကို ကျန်ခဲ့တဲ့ လူငယ်တွေ အနေနဲ့ စံနမူနာ ထားပြီးတော့ အမှန်တရားအတွက် လုပ်ရဲကိုင်ရဲ ရှိအောင်၊ ကြောက်စိတ်တွေ ဖယ်ရှားဖို့အတွက် အန်တီ့အနေနဲ့ လူငယ်တွေကို မက်ဆေ့ခ်ျပေးပါတယ်။”
ဆွေးနွေးပွဲကို စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ NLD လူငယ်အဖွဲ့ တာဝန်ခံ ၁ ဖြစ်သူ ကိုမျိုးညွန့် ပြောပြသွားတာ ဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို အများအားဖြင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေက လူငယ် ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ကိုမျိုးညွန့်ကပဲ ပြောပါတယ်။
လူငယ်တွေ အချင်းချင်းအကြား ကွန်ယက်သဖွယ် ချိတ်ဆက်ပြီး လူထုကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုးအတွက် ဆက်စပ် လုပ်ဆောင်ကြဖို့ အပြန်အလှန် ဆွေးနွေးခဲ့ကြသလို သက်ဆိုင်ရာ ဒေသအသီးသီးမှာ တွေ့ကြုံနေကြရတဲ့ အခြေအနေတွေကိုလည်း တင်ပြခွင့် ရခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ ရှမ်းပြည်နယ်က အသက် ၂၇ နှစ်အရွယ် လူငယ်တဦးက ပြောပါတယ်။
“တိုင်းနဲ့ပြည်နယ်က အဖွဲ့ဝင် မဟုတ်တဲ့ လူငယ်တွေနဲ့ တွေ့ချင်တယ်ဆိုတော့ ကျနော်တို့ဒေသမှာ ဖြစ်ပျက်နေတဲ့ ဟာလေးတွေကို တင်ပြချင်တဲ့ သဘောနဲ့ လာတာပေါ့။ အဓိက အကြောင်းကတော့ လူငယ်ကွန်ရက် ကိစ္စတွေ များပါတယ်။ အန်တီပြောတာကတော့ လူငယ်အချင်းချင်း ဆက်သွယ်မှု ရရှိအောင် ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်၊ ဘယ်လို အနေအထားတွေမှာ ဘယ်သူတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ပါ ဆိုတဲ့ သူ့အခန်းကဏ္ဍအလိုက်၊ အဲဒါလေးတွေကို ဆွေးနွေးဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်မှာ ခံစားရတဲ့ ဒုက္ခအ၀၀တွေ တင်ပြရတော့ ရင်ထဲမှာ ပေါ့ပါးသွားတာပေါ့။”
ကချင်ပြည်နယ်၊ မိုးညှင်းမြို့က အသက် ၁၇ နှစ်အရွယ် လူငယ်တဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်က လူကိုယ်တိုင်တောင် တခါမှ မတွေ့ခဲ့ဘူးသူဖြစ်ပြီး အတွေ့အကြုံလိုချင်၊ ပြန်မျှဝေချင်တဲ့အတွက် လာတက်တာပါလို့ ဗွီအိုအေကို ရှင်းပြပါတယ်။
“သမီးအတွက် လေ့လာမှုတွေ ရချင်ပါတယ်။ အဲဒါကြောင့် လာတက်ရခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သမီးတို့ လူငယ်တွေကို အခုလို တက်ရောက်လာတဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောသွားပါတယ်။ သမီးတို့ ပြန်သွားရင် သမီးတို့ သိတာလေးတွေ ပြန်ပြောပေးဖို့၊ သိသလောက်လေးတွေ သွားပြောပေးမှာပါ။”
ဒီဆွေးနွေးပွဲကို လာတက်ကြတဲ့ လူငယ်အများစုဟာ နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်နေသူတွေထက် ကျောင်းသား ကျောင်းသူ၊ ခြံလုပ်သူ၊ ရှေ့နေ စသည်အားဖြင့် သာမန်ဘ၀တွေမှာ နေထိုင်နေကြသူတွေ များပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကနေ လာတက်တဲ့ အသက် ၂၆ နှစ်အရွယ် လူငယ်တဦးကတော့ အမုန်းမပွားကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်ကို စိတ်ထဲ စွဲကျန်ခဲ့တယ်လို့ ပြောပါတယ်။
“မြန်မာပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားတွေ အကုန်လုံးက တယောက်လုပ်တဲ့ ကိစ္စကို တယောက်က မကြိုက်တာတွေ ဘာတွေ ရှိမယ်။ ဒါပေမဲ့ မမုန်းကြဖို့ပေါ့။ တယောက်နဲ့တယောက် မုန်းရင် ရှေ့ဆက်ပြီး သွားလို့မရတော့ဘူး။ အဲဒါကြောင့် အမုန်းတရားတွေ မထားဖို့။ မကြိုက်ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးတော့ ညှိနှိုင်း ဆောင်ရွက်ကြဖို့၊ အဲဒီစကားကိုတော့ အမှတ်သားဆုံးပါပဲ။”
ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ လူငယ်တွေနဲ့ တွေ့ဆုံပွဲဟာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးကတည်းက ဆိုရင် ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က လုပ်ခဲ့တဲ့ ပထမအကြိမ် ဆွေးနွေးပွဲမှာ လူငယ် ၅၀၀ ၀န်းကျင် တက်ရောက်ခဲ့ပြီး အခုတကြိမ် နှစ်ရက်ဆက်တိုက် တွေ့ဆုံပွဲတွေမှာလည်း အဲဒီအရေအတွက်ထက် မနည်းတဲ့ လူငယ်တွေ တက်ရောက်ခဲ့ကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ အပြန်အလှန် ဆွေးနွေးကြတာတွေထဲမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ILO ကိစ္စ၊ အိုင်တီ နည်းပညာ၊ ဥပဒေရေးရာ၊ လူငယ်ကွန်ယက်ကိစ္စ စသည်အားဖြင့် အကြောင်းအရာမျိုးစုံ ပါဝင်ပါတယ်။
ဒီလိုဆွေးနွေးပွဲမျိုးတွေ ထပ်လုပ်သွားမှာ ဖြစ်တယ်လို့ NLD လူငယ်အဖွဲ့ တာဝန်ခံ ၁ ကိုမျိုးညွန့်က ပြောခဲ့သလို အာဏာပိုင်တွေဘက်ကနေ စောင့်ကြည့်တာမျိုးကလွဲပြီး ထူးထူးခြားခြား နှောင့်ယှက် ဟန့်တားတာမျိုး မရှိခဲ့ပါဘူး။