သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြဿနာ အဖြေရှာရေး လူငယ်တွေ ပါဝင်ဖို့ ဒေါ်စု တိုက်တွန်း


NLD ရုံးချုပ်တွင် ကျင်းပသည့် လူငယ်များနှင့် တွေ့ဆုံပွဲတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ ဒီဇင်ဘာ ၂၈၊ ၂၀၁၀။
NLD ရုံးချုပ်တွင် ကျင်းပသည့် လူငယ်များနှင့် တွေ့ဆုံပွဲတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ ဒီဇင်ဘာ ၂၈၊ ၂၀၁၀။

လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ နေရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် လူငယ်တွေ မပါလို့ မဖြစ်ဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူထုအကျိုးပြု လူမှုရေး လုပ်ငန်းတွေကို လက်ရှိ လုပ်ဆောင်နေကြတဲ့ NLD မဟုတ်တဲ့ လူငယ် အယောက် ၅၀၀ လောက်နဲ့ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ လူငယ်တွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့အတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် လူငယ်တွေ အနေနဲ့ အသိပညာ၊ အတတ်ပညာတွေ တိုးတက်အောင် လုပ်ဆောင်ပြီး တိုင်းသူပြည်သားတွေရဲ့ အကျိုးကို ဒီထက်ပို လုပ်ဆောင်နိုင်ဖို့နဲ့ တယောက်နဲ့တယောက် အတွေ့အကြုံ အမြင်ချင်း ဖလှယ်နိုင်ကြဖို့ ရည်ရွယ်ပြီး ဒီတွေ့ဆုံပွဲကို ပြုလုပ်ခဲ့တာပါ။

တိုင်းပြည်အတွင်း လတ်တလော ကြုံတွေ့နေရတဲ့ လူမှုရေး၊ နိုင်ငံရေး အကျပ်အတည်းတွေဟာ အားလုံး ဆက်စပ်နေတာကြောင့် NLD ရယ်၊ ဘယ်သူရယ်လို့ ခွဲခြားမနေဘဲ အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ ဒီလို ဆွေးနွေး တွေ့ဆုံပွဲ လုပ်ရတဲ့အခါ အခု မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေမှာ လူငယ်တွေ မပါရင် မဖြစ်ဘူးဆိုတာ အားလုံး အသိအမှတ် ပြုတဲ့အနေနဲ့ ဖြစ်ပါတယ်။ လူငယ်တွေဆိုတာ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်တွေတင် မဟုတ်ပါဘူး၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်းမှာမှ မပါတဲ့ လူငယ်တွေပဲ ဖြစ်ဖြစ် ကျမတို့က အားလုံးကို ဖိတ်ခေါ် ကြိုဆိုပါတယ်။

“ဒီနိုင်ငံမှာလုပ်ရမယ့် လူမှုရေး၊ နိုင်ငံရေး ကိစ္စတွေဟာ အားလုံး သက်ဆိုင်နေတယ် ဆိုတာကိုလည်း ကျမတို့ နားလည်ဖို့ လိုပါတယ်။ အဲဒါကြောင့် ဒီလို ဆွေးနွေးပွဲ လုပ်တာပါ။ အဓိကအားဖြင့်တော့ ကျမရဲ့ အခြေအနေတွေ၊ ကျမရဲ့ အတွေးအခေါ်တွေကို ပြောပြဖို့ မဟုတ်ပါဘူး။ ကျမတို့ လူငယ်တွေရဲ့ စိတ်ထဲမှာ ဘာရှိတယ်၊ ဘယ်လိုနည်းတွေနဲ့ ကျမတို့နိုင်ငံ တိုးတက်အောင် လုပ်နိုင်မယ်လို့ လူငယ်တွေက ထင်လဲ၊ ကျမတို့နိုင်ငံအတွက် အားနည်းချက်တွေဟာ ဘာတွေလဲ၊ ဒီအားနည်းချက်တွေကို ဘယ်လို ကျမတို့က ပြုပြင်နိုင်မလဲ ဆိုတဲ့ လူငယ်တွေရဲ့ အတွေးအမြင်တွေကို ကျမတို့ သိချင်လို့ပါ။”

သူ့အနေနဲ့လည်း နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ အချိန်ကစလို့ လူငယ်တွေဟာ တက်တက်ကြွကြွနဲ့ ထောက်ခံ အားပေးနေကြတာကို တွေ့ရတဲ့အတွက် အားရမိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမ နိုဝင်ဘာလ ၁၃ ရက်နေ့ အကျယ်ချုပ်က ထွက်လာတဲ့ အချိန်ကစပြီး ပြည်သူတွေရဲ့ အသံကို ကျမ ကြားချင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီ ထွက်လာတဲ့နေ့ကပဲ ကျမ သတိထားမိတာကတော့ ကျမတို့ရဲ့ လှုပ်ရှားမှုထဲမှာ ထောက်ခံနေတဲ့ ပုဂ္ဂိုလ် အများစုဟာ တော်တော်ငယ်တဲ့ လူငယ်တွေ ဖြစ်ပါတယ်။ အဲဒါကို ကျမ အင်မတန်မှ သဘောကျပါတယ်။ ဒီလို လူငယ်တွေရဲ့ အင်အား ရှိမှသာလျှင် ကျမတို့ရဲ့ အနာဂတ်အတွက် ကျမတို့ လုံခြုံမှု ရနိုင်မှာပါ။”

ဒါကြောင့် လူငယ်တွေကသာ တိုင်းပြည်ကို တိုးတက် ပြောင်းလဲစေချင်တယ် ဆိုတဲ့ စိတ်ဆန္ဒရှိရင် တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိတ်ချရပြီလို့ ဆိုပါတယ်။

“လူငယ်တွေဟာ တကယ်ပဲ ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်၊ လူမှုရေး ဖြစ်စဉ်တွေမှာ စိတ်ပါဝင်စားတယ်၊ ဒီတိုင်းပြည်ကို ပြောင်းလဲဖို့ဟာ လူငယ်တွေက မိမိတို့ရဲ့တာဝန် ဖြစ်တယ်ဆိုတဲ့ အစွဲ ရှိပြီဆိုရင် ကျမတို့ တိုင်းပြည်အတွက် စိတ်ချရပါပြီ။ ဒီလို အခြေအနေ မရှိရင်တော့ မနက်ဖြန် ဒီမိုကရေစီ ရလို့ရှိရင်တောင်မှ စိတ်ချရဦးမှာ မဟုတ်ပါဘူး။ အနာဂတ်ကို ထိန်းသိမ်းသွားရမှာ လူငယ်တွေရဲ့တာဝန် ဖြစ်ပါတယ်။ အဲဒါကြောင့် လူငယ်တွေ အနေနဲ့ ဒီတာဝန်ကို ဘယ်လိုမြင်လဲ၊ ဒီတာဝန်ကို ဘယ်လိုထမ်းဆောင်မယ်လို့ စိတ်ကူးလဲ ဆိုတာ ကျမတို့ သိဖို့ အများကြီး လိုပါတယ်။ ဒီတော့မှ ကျမတို့ အတူတူ လက်တွဲပြီး လုပ်လို့ရမယ်။ ကျမတို့ အနေနဲ့ ပံ့ပိုးသင့်တဲ့ နေရာက ပံ့ပိုးပေးလို့ ရမှာ ဖြစ်ပါတယ်။”

လူငယ်တွေဘက်ကလည်း မိမိတို့မှာရှိတဲ့ စိတ်ကူး အကြံဉာဏ်တွေကို ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

“လူငယ်တွေ အနေနဲ့လည်း ကျမတို့ရဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေ၊ လူမှုရေး လုပ်ဆောင်မှုတွေမှာ ပိုပြီးတော့ အင်အား များလာအောင်လို့၊ ပိုပြီးတော့ အားရှိလာအောင်လို့၊ ပိုပြီးတော့ ပီပြင်လာအောင်လို့ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ အကြံဉာဏ်တွေ ရှိတယ်ဆိုရင်လည်း ကျမတို့ အနေနဲ့ ဖိတ်ခေါ်ပါတယ်။ အကြံဉာဏ်သစ်တွေကို ကျမတို့ အမြဲပဲ လိုနေပါတယ်။ အကြံဉာဏ်သစ်ဆိုတာလည်း ကြောက်စရာ မဟုတ်ပါဘူး။ အားလုံးကနေပြီးတော့ အကြံဉာဏ်သစ်ဆိုတာ၊ တခါတလေလည်း လက်ခံလို့မရတာ ရှိတာပေါ့၊ ရှိတဲ့အခါကြတော့ အလုပ်မဖြစ်ဘူးပေါ့။ အလုပ်မဖြစ်ဘူး ဆိုရင်လည်း ကျမတို့ အနေနဲ့ အလုပ်မဖြစ်ဘူး ဆိုတာကို ရဲရဲဝံ့ဝံ့ မြင်နိုင်ရမယ်။

“ဒါကတော့ အကြံ အဟောင်းတွေရော၊ အကြံ အသစ်တွေရော၊ လုပ်နည်းလုပ်ဟန် အဟောင်းတွေရော၊ လုပ်နည်းလုပ်ဟန် အသစ်တွေရော အလုပ်မဖြစ်ဘူးဆိုရင် ကျမတို့က ပြောင်းလဲနိုင်တဲ့သတ္တိ ရှိရမယ်။ ဘယ်လိုပြောင်းလဲမလဲ ဆိုတာ ဆုံးဖြတ်နိုင်တဲ့ ပညာ ရှိရမယ်။ အဲဒါကြောင့် လူငယ်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြကြပါ။ ရဲရဲရင့်ရင့်နဲ့ တင်ပြကြပါ၊ ကျမတို့ ဆွေးနွေးတယ် ဆိုတာဟာ၊ စိတ်သဘောထားတွေ၊ အမြင်တွေကို ဖလှယ်တယ် ဆိုတာဟာ တယောက်နဲ့တယောက် တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ တယောက်နဲ့တယောက် အပြစ်ရှာဖို့လည်း မဟုတ်ဘူး၊ တယောက်ကိုတယောက် ကူညီ မစပေးဖို့လို့ ကျမက ဒီအမြင်နဲ့ပဲ လုပ်စေချင်ပါတယ်လို့ ပြောပါရစေ။”

အခုလို လူငယ်တွေ့ဆုံပွဲ လုပ်ပေးတာဟာ လူငယ်တွေ အချင်းချင်း အတွေ့အကြုံ အမြင်ချင်း ဖလှယ်နိုင်ပြီး လူငယ်ကွန်ယက် ပေါ်ပေါက်ဖို့ ပိုပြီး နည်းစပ်လာတာကြောင့် အများကြီး အကျိုးရှိပါတယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူငယ်တဦးက ပြောပြပါတယ်။

“အကျိုးရှိပါတယ်၊ အများကြီး အကျိုးရှိပါတယ်။ အကျိုးဖြစ်ထွန်းလာပါတယ်၊ အကုန်လုံးအတွက်။ လူငယ်တွေ အမြင်လည်း ကျယ်လာပါတယ်။ လူငယ်တွေ တော်တော်များများက၊ တချို့နေရာက လူငယ်တွေ၊ ရန်ကုန်တိုင်းက လူငယ်တွေ၊ မသိတဲ့သူ တော်တော်များများ ကျနော်တို့ ဒီမှာ တွေ့ခဲ့ရတယ်။ လူငယ်ကွန်ယက်ပေါ့၊ ပြောရမယ်ဆိုရင်တော့။

“အန်တီပြောပုံအရ လူငယ်ကွန်ယက်ကို ကျနော်တို့ တော်တော်များများ ဒီမှာ စာရင်းပေးခဲ့တယ်။ တယောက်နဲ့တယောက် လုပ်ကိုင်ချင်တဲ့လူနဲ့၊ ပြီးတော့ စာမတတ်တဲ့ လူတွေကို စာတတ်ဖို့၊ တင်ပြနေတဲ့ လူတွေကို တင်ပြနေတဲ့ ဟာလေးတွေ၊ အဲဒီအဖွဲ့တွေ ပြီးသွားတဲ့ အချိန်မှာ ကျနော်တို့ တယောက်နဲ့တယောက် ဖလှယ်ကြတာပေါ့။ ဖုန်းနံပါတ်တွေ ဘာတွေ၊ ဘယ်လိုဆက်သွယ်ရမယ် ဆိုတဲ့ဟာတွေ၊ ဒါက တိုးတက်တဲ့ အမြင်တခုကို ရခဲ့တာပဲ၊ ကျနော်တို့အတွက် ရခဲ့တာပေါ့။

“ကျနော်တို့လိုပဲ ကျန်တဲ့ လုပ်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ရှိနေတဲ့အတွက် ဒီလို အန်တီနဲ့ တွေ့ဆုံတဲ့ အချိန်မှာ သူကလည်းလုပ်တယ်၊ ငါကလည်းလုပ်တယ်၊ ပိုပြီးတော့ ကျနော်တို့က ဝမ်းလည်း ဝမ်းသာတယ်။ လုပ်အားလည်း ပိုပြီးတော့ တက်ကြွတာပေါ့။ လုပ်ရတာ ပိုအဆင်ပြေတယ်ပေါ့။ ဟိုတုန်းက ကိုယ့်ရင်ထဲက ရှိတဲ့ဟာတွေ၊ ခံစားချက်တွေ အကုန်လုံး တယောက်နဲ့တယောက် ဖလှယ်ခဲ့ရပါတယ်။”

ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူငယ်တဦး ပြောပြခဲ့တာပါ။

လူငယ်တွေအကြား အသိပညာ တိုးပွားလာအောင် NLD အနေနဲ့ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပြူတာ နည်းပညာသင်တန်း ပို့ချပေးနိုင်ဖို့ စီစဉ်နေသလို နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ဟောပြောပွဲတွေကိုလည်း အခါအားလျော်စွာ ကျင်းပသွားမယ်လို့ တက်ရောက်လာကြတဲ့ လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG