သုံးရလွယ်ကူစေသည့် Link များ

ကွယ်လွန်သူ နာမည်ကျော် ဗြိတိသျှအဆိုတော် David Bowie ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ သူ့ရဲ့ အပြာရောင်ဂျင်း ဆိုတဲ့ သံစဉ်စာရွက်ကို လေလံတင်ရောင်းချပြီး ရလာမယ့်ငွေကို မြန်မာနိုင်ငံမှာ ကျား-မ တန်းတူညီမျှရေးအတွက် သုံးစွဲဖို့ စီစဉ်နေပါတယ်။

၁၉၈၄ ခုနှစ်တုန်းက ထုတ်ဝေပြီး၊ ဗြိတိန်နိုင်ငံမှာ ရွှေနဲ့ အမေရိကန်မှာ ပလက်တီနမ်ဆုတွေ ဆွတ်ခူးခဲ့တဲ့ David Bowie ရဲ့ Tonight လို့ အမည်ပေးထားတဲ့ တေးအယ်လ်ဘမ်မှာ ပါဝင်တဲ့ အပြာရောင်ဂျင်း သံစဉ်စာရွက်မှာတော့ သူ့လက်မှတ်နဲ့အတူ ဓာတ်ပုံ ၂ ပုံလည်း ပါဝင်ပါတယ်။

ဆင်းရဲမွဲတေမှုနဲ့ မညီမျှမှုတွေတိုက်ဖျက်ရေး ဗြိတိန်နိုင်ငံက ပရဟိတအဖွဲ့တခုဖြစ်တဲ့ Oxfam နဲ့ ပူးတွဲဆောင်ရွက်နေတဲ့ ဂီတလောကက အမျိုးသမီးတွေရဲ့ The Music Circle အဖွဲ့က လန်ဒန်အရှေ့ပိုင်းမှာ ရှေ့လထဲကျင်းပမယ့် နှစ်စဉ်ဈေးရောင်းပွဲတော်မှာ လေလံတင် ရောင်းချသွားမှာ ဖြစ်တယ်လို့လည်း အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဈေးရောင်းပွဲကို မေလ ၁၄ ရက်မှာ စတင်မှာ ဖြစ်ပေမဲ့ David Bowie ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ သံစဉ်စာသားပိုစတာကိုတော့ အခုကတည်းက စတင်လေလံဆွဲ ၀ယ်ယူလို့ရနိုင်ပြီး အခုအခါ အနည်းဆုံး ဗြိတိသျှပေါင်ငွေ ၃၀၀ လောက် ပေးနေကြတဲ့ သံစဉ်စာရွက်ဟာကို ဒီထက်ပိုပေးပြီး ၀ယ်ယူကြလိမ့်မယ်လို့လည်း ပွဲစီစဉ်သူတွေ မျှော်လင့်နေကြပါတယ်။

ဂီတနဲ့ ထူးခြားတဲ့ဖက်ရှင် ဖန်တီးမှုတွေနဲ့ အနုပညာသမိုင်းမှာ ထင်ရှားခဲ့တဲ့ David Bowie ကတော့ ဒီနှစ်ဆန်းမှာပဲ ကင်ဆာရောဂါနဲ့ အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG