မြန်မာနိုင်ငံ အတွင်းက ပြုပြင်ပြောင်းလဲမှုတွေ ကျေနပ် အားရစရာ အခြေအနေ ရှိလာခဲ့မယ်ဆိုရင် ဗြိတိန်နိုင်ငံ ဘက်က တုံ့ပြန်မှု တွေဟာလည်း နှောင့်နှေး ကြန့်ကြာ မနေသင့်ဘူး ဆိုပြီး ဗြိတိန်ဝန်ကြီးချုပ် David Cameron က ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ ဗြိတိန်နိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဆက်ရှိနေမယ်ဆိုရင် အရေးယူထားတာတွေ လျှော့ပေးသင့်တယ်ဆိုတဲ့ သဘောမျိုး မလေးရှားနိုင်ငံ ခရီးစဉ်အတွင်းမှာ ရည်ညွန်းပြောဆိုသွားတာဖြစ်ပါတယ်။
“ဒီနေ့ ကမ္ဘာဟာ စိတ်ပျက်စရာ အမှောင်တိုက်တွေ ဖုံးလွှမ်းခဲ့တဲ့ သမိုင်းကြောင်းတွေနဲ့ ပြည့်နေခဲ့တာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီ အလင်းရောင်တွေ၊ လွတ်လပ်မှု အလားအလာတွေ တွေ့နေရပါပြီ ဆိုပြီး ဗြိတိန်နိုင်ငံ ခြားရေး ဝန်ကြီး David Cameron က ပြောသွားတာပါ။ မေးခွန်း ထုတ်စရာ တွေ။ ချင့်ချင့်ချိန်ချိန်နဲ့ ယုံရမှာတွေ၊ အယုံမလွယ်ဖို့ သတိထားရမှာတွေ ရှိနေတာ မှန်ပေမယ့်လည်း သမ္မတ ဦးသိန်းစိန်ဟာ ရိုးသားစွာနဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို ယုံကြည် လက်ခံသူ တွေထဲမှာ အင်ဒိုနီးရှား သမ္မတယောက်ထဲ မဟုတ်ပါဘူး။ မလေးရှား ဝန်ကြီးချုပ်သာမက နှစ်ပေါင်းများ စွာ ဒီမိုကရေစီရေး အတွက် ရုန်းကန် တိုက်ပွဲဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံယုံကြည် ထားတာ ဖြစ်ပါတယ်လို့ ပြောသွားတာပါ။”
ဗြိတိတ်ဝန်ကြီးချုပ်ဟာ ဂျပန်နိုင်ငံ ကနေ အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံကို သွားရောက်ပြီး မနက်ဖြန် သောကြာနေ့ မှာ မြန်မာနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ အရပ်သားအစိုးရအဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး နောက်ပိုင်း မြန်မာနိုင်ငံကို ရောက်လာမယ့် အနောက်နိုင်ငံတွေထဲက အကြီးဆုံး နိုင်ငံခေါင်းဆောင် တယောက်ရဲ့ ခရီးစဉ် ဖြစ်ပါတယ်။
ဒေးဗစ် ကင်မရွန်းဟာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဥရောပသမဂ္ဂကတော့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေး မပေးကိစ္စနဲ့ပတ်သက်လို့ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ဆွေးနွေး ကြဖို့ရှိနေပါတယ်။