သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌသစ် Trump အမည်တင်သွင်း


သမ္မတTrump က ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌသစ်အဖြစ် အမည်စာရင်းတင်သွင်းခံရသူအမေရိကန်ဘဏ္ဍာရေးဌာန ဒုတိယဝန်ကြီး David Malpass
သမ္မတTrump က ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌသစ်အဖြစ် အမည်စာရင်းတင်သွင်းခံရသူအမေရိကန်ဘဏ္ဍာရေးဌာန ဒုတိယဝန်ကြီး David Malpass

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌသစ်အဖြစ် အမေရိကန်ဘဏ္ဍာရေးဌာန ဒုတိယဝန်ကြီး David Malpass ကို ခန့်အပ်ထားဖို့ ဗုဒ္ဓဟူးနေ့က အမည်စာရင်း အဆိုတင်သွင်းလိုက်ပါတယ်။ သူဟာ ကမ္ဘာ့ဘဏ်ကို ဝေဖန်ခဲ့သူလည်း ဖြစ်ပါတယ်။ တကယ်လို့ သူ့ရဲ့ခန့်အပ်မှုကို အတည်ပြုခဲ့မယ်ဆိုရင် Malpass ဟာ ဇန်နဝါရီလက ရာထူးသက်တမ်း ကုန်ဆုံးပြီး ရာထူးက နုတ်ထွက်သွားတဲ့ Jim Yong Kim ရဲ့နေရာမှာ အစားထိုးမယ့်သူလည်း ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

လက်ရှိ အမေရိကန်ဘဏ္ဍာရေးဌာန ဒုတိယဝန်ကြီး David Malpass ဟာ ဝါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်ပေမယ့် သူဟာ အခုတော့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဖြစ်နိုင်မယ့်အခြေအနေ ရောက်နေပါပြီ။ အစဉ်အလာအရ ကမ္ဘာ့ဘဏ်မှာ ရှယ်ယာအများဆုံးထည့်ဝင်တဲ့ အမေရိကန်ပြည်ထောင်စုဟာ ဥက္ကဋ္ဌရာထူးအတွက် ခန့်အပ်ရမယ့် ပုဂ္ဂိုလ်နေရာကို တင်သွင်းရတာဖြစ်ပါတယ်။ ဇန်နဝါရီလက ရာထူူးသက်တမ်း မပြည့်မီ သုံးနှစ်ကြိုပြီး နုတ်ထွက်သွားခဲ့တဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဟောင်း Jim Yong Kim ရဲ့နေရာမှာ သမ္မတ ထရမ့်က Malpass ကို ခန့်အပ်ဖို့ ဗုဒ္ဓဟူးနေ့က အမည်တင်သွင်းခဲ့ပါတယ်။

“ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဟောင်း ဒေါက်တာ Jim Yong Kim ရာထူးကနေ နုတ်ထွက်သွားပြီးတဲ့နောက် သူ့နေရာ အစားထိုးဖို့ ကျနော် အရည်အချင်း အထူးပြည့်စုံတဲ့လူတွေကို တွေ့ဆုံခဲ့ပါတယ်။ ဒီသိပ်ကိုအရေးကြီးတဲ့ တာဝန်နဲ့ အသင့်တော်ဆုံးကတော့ David ဖြစ်ပါတယ်ဆိုတာ ကျနော် သိလာပါတယ်။ သူဟာ ဒုတိယဘဏ္ဍာရေးဝန်ကြီးအပြင် နိုင်ငံတကာ ရေးရာဌာနမှာ သူဟာ ကမ္ဘာ့ဘဏ်နဲ့ IMF လုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံရှိသလို စီးပွားရေး၊ ငွေရေးကြေးရေး နိုင်ငံခြားရေးပေါ်လစီတို့မှာ နှစ်လေးဆယ်ကြာ အတွေ့အကြုံရှိထားတဲ့ သူလည်းဖြစ်ပါတယ်။”

အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒုတိယဝန်ကြီး Marpass ဟာ နိုင်ငံတကာစီးပွားရေးဘာသာရပ်နဲ့ ဂျော့ရှ်တောင်း တက္ကသိုလ်က အောင်မြင်ခဲ့ပြီး သမ္မတရော်နယ်ရီဂင်လက်ထက်က ဒုတိယလက်ထောက် ဘဏ္ဍာရေးဝန်ကြီးအပြင် သမ္မတ George H. W. Bush လက်ထက်က ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ လက်ရှိရာထူးမှာ တင်းမာနေတဲ့ အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေး ညှိနှိုင်းမှုနဲ့ပတ်သက်လို့ ဝင်ရောက်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ အမည်တင်သွင်းခြင်းခံရသူ ဒုတိယဝန်ကြီး Malpass ကတော့ သူ့အနေနဲ့ ကမ္ဘာမှာ ဆင်းရဲတဲ့နိုင်ငံတွေကို အကူအညီပေးနိုင်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ အမည်တင်သွင်းတဲ့အခန်းအနားမှာ အခုလို ပြောခဲ့ပါတယ်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆိုးရွားလှတဲ့ ဆင်းရဲမွဲတေမှုအခြေအနေပပျောက်ရေးနဲ့ စီးပွားရေးအခွင့်အလမ်းကောင်းတွေကို ဖန်တီးရာမှာ အောင်မြင်မှုတွေကို စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။”

Malpass ဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ဘဏ်ပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်လာ ၁၃ ဘီလီယံထည့်ဝင်ဖို့ အစီအစဉ်ကိုလည်း ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာမှာ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ကို ကမ္ဘာ့ဘဏ်က ငွေချေးတဲ့ကိစ္စနဲ့ပတ်သက်လို့ အတော်လေး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ကို ၁၉၈၀ ခုနှစ်က စဝင်ခဲ့တဲ့ တရုတ်ဟာ ဖွံ့ဖြိုးမှုအတွက် ဒေါ်လာ ၆၂ ဘီလီယံနီးပါး ချေးယူခဲ့တာဖြစ်တဲ့အတွက် တရုတ်ကို ငွေထပ်မချေးသင့်တော့ဘူးလို့ သူက ၂၀၁၇ နိုင်ငံခြားဆက်ဆံရေးကော်မတီညီလာခံမှာ ထောက်ပြခဲ့တာဖြစ်ပါတယ်။ Malpass ဟာ သမ္မတထရမ့်နဲ့ ကာလကြာရှည် ရင်းနှီးသူဖြစ်တဲ့အပြင် ၂၀၁၆ ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရရှိခဲ့ပြီးတဲ့နောက် ကြားကာလ ထရမ့်အဖွဲ့မှာလည်း ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ သမ္မတ ထရမ့်လက်ထက် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ထမ်းဆောင်စဉ် ကမ္ဘာ့ဘဏ်မှာ ထိရောက်တဲ့အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုတယ်လို့လည်း မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိပါတယ်။

ဒါ့အပြင် သူဟာ နိုင်ငံပေါင်းစုံ ညှိနှိုင်းဆောင်ရွက်တဲ့စနစ်ကိုလည်း ဝေဖန်ခဲ့သူဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာ့ဘဏ်လို နိုင်ငံပေါင်းစုံ စုပေါင်းလုပ်ဆောင်ရတဲ့အဖွဲ့အစည်းကို အခု ဝေဖန်သူတစ်ဦးက အုပ်ချုပ်ရမယ့်အခြေဆိုက်တဲ့အတွက်ကြောင့် မီးရှို့ခဲ့သူတဦးဟာ မီးသတ်သမားဘဝရောက်ခဲ့ပြီလို့ လိုက်ဘေးရီးယား ဝန်ကြီးဟောင်း Gyude Moore က မကြာမီက ဝေဖန်ထောက်ပြခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရာထူးကို ဘဏ်ရဲ့အုပ်ချုပ်ရေးမှူး ဘုတ်အဖွဲ့ရဲ့ မဲအများစုနဲ့ ဆုံးဖြတ်တာဖြစ်ပြီး ရှယ်ယာအများဆုံးပါဝင်တဲ့ အမေရိကန်ပြည်ထောင်စုက မဲရဲ့ ၁၆ % ကို ရရှိထားတာ ဖြစ်ပါတယ်။ မဲပေးရာမှာ ဗီတိုအာဏာသုံး ပယ်ချခွင့်လည်း မရှိပါဘူး။ ဒါပေမယ့် ဘဏ်ကိုစတည်ထောင်ကတည်းက ဥက္ကဋ္ဌရာထူးကို အမေရိကန်နိုင်ငံသားတွေချည့်ပဲ ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ၇၅ နှစ်ကြာ ကမ္ဘာ့ဘဏ်သက်တမ်းမှာ အမျိုးသားတွေချည့်ပဲ ဖြစ်ခဲ့ပါတယ်ရှင်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌသစ် Trump အမည်တင်သွင်း
please wait

No media source currently available

0:00 0:04:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG