( Zawgyi/ Unicode )
အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ဟာ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အောက်တိုဘာလ ၂၄ ရက်၊ ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုခရီးစဉ်ဟာ လက်ထောက်နိုင်ငံခြားရေးအနေနဲ့ မစ္စတာ Stilwell ရဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း နေပြည်တော်မှာ အရပ်ဘက်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ရန်ကုန်မြို့မှာတော့ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေနဲ့ လူမျိုးစုတိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ရှိပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ လူမှုအဝန်းအဝိုင်းခေါင်းဆောင်တွေ၊ ပဋိပက္ခဘေးဒဏ်သင့်ခဲ့သူတွေ၊ လူသားစာနာမှု အကူအညီပေးနေတဲ့ အမေရိကန်ရဲ့ လက်တွဲလုပ်ဆောင်ဘက်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
လက်ထောက်ဝန်ကြီး David Stilwell ရဲ့ ဒီခရီးစဉ်ဟာ အာရှဒေသ ၆ နိုင်ငံခရီးစဉ် တစိတ်တပိုင်းဖြစ်ပြီး ဂျပန်နိုင်ငံကနေတဆင့် မြန်မာနိုင်ငံကိုလာမှာပါ။ မြန်မာနိုင်ငံကနေတဆင့် မလေးရှား၊ အဲဒီနောက် ထိုင်းနိုင်ငံကိုခရီးဆက်ပြီး ဘန်ကောက်မြို့တော်မှာ ကျင်းပမယ့် ၃၅ ကြိမ်မြောက် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၊ အင်ဒို-ပစိဖိတ် စီးပွားရေးဖိုရမ်တို့ကို တက်ရောက်မှာပါ။
ထိုင်းနိုင်ငံ လေးရက်ခရီးစဉ်ပြီးရင်တော့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကို ဆက်သွားမှာဖြစ်ပါတယ်။
............
( Unicode )