အနောက်နိုင်ငံကြီးတချို့က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သူတို့ရဲ့ ပြောဆိုသံတွေ ပြောင်းသွားခဲ့ပေမဲ့ ဒီနိုင်ငံကြီးတွေရဲ့ မြန်မာနိုင်ငံပေါ်ထားတဲ့ အခြေခံ သဘောထားတွေ ပြောင်းလဲသွားတာ မဟုတ်ဘူးလို့ ယူဆကြောင်း နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်လိုက်ပါတယ်။ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရမှု အထူးအယူခံလွှာ ကိစ္စအတွက် ရှေ့နေတွေနဲ့ ဒီကနေ့တွေ့ဆုံစဉ် အခုလို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ ဒီသတင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာ စံချိန်စံနှုန်းမရှိဘူးလို့ နိုုင်ငံအတော်များများက ဝေဖန်ထားပေမဲ့ ခုရက်တွေနောက်ပိုင်း ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအလွန် အခြေအနေတွေကို စောင့်ကြည့်ရမယ်ဆိုတဲ့ အနောက်နိုင်ငံတချို့ရဲ့ ပြောဆိုသံတွေ ထွက်လာနေပါတယ်။ ဒါဟာ လုပ်ငန်းစဉ်တွေအပေါ် ပြောဆိုတာဖြစ်ပြီး ဒီနိုင်ငံကြီးတွေရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ အယူအဆနဲ့ သဘောထားတွေ ပြောင်းတာမဟုတ်ဘူးလို့ သူယူဆတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောတယ်လို့ ဒီကနေ့နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အရင်တုန်းက တော်တော်များများက လက်ရှိ ကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူး၊ တန်ဖိုး သိပ်မရှိဘူးလို့ ပြောနေပြီးတော့ အခုကျတော့ ဒါကို စောင့်ကြည့်ရမယ်လို့ ပြောတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ အဲဒီ သက်ဆိုင်ရာ အသီးသီးနိုင်ငံတွေက သဘောထား ပြောင်းတယ်လို့ သူ မယူဆဘူးတဲ့။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် လုပ်ငန်းစဉ်ကိုပြောတာပဲတဲ့။ အဲဒီလို ပြောပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေက အယူအဆတွေ ပြောင်းလဲသွားပြီ ဆိုတဲ့ဟာကို မဟုတ်ဘူးလို့ သူက အဲဒီလို ယူဆတယ်။ ဒါဟာ အပြောင်းအလဲ ဖြစ်တယ်လို့ကို သူ မမြင်ဘူးလို့ ပြောတယ်။”
ဒီမိုကရေစီလမ်းကြောင်းမှာ ရွေးကောက်ပွဲဆိုတာဟာ မဖြစ်မနေဖြတ်သန်းရမှာ ဖြစ်ပြီး ဒါဟာ နိုင်ငံရေးအရ လိုအပ်တယ်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ တချို့ရဲ့ ပြောဆိုချက်အပေါ် လက်မခံနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
“ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီဆိုတာ အကုန်လုံး အညီအမျှ ဖြစ်ရမယ်။ သဘောအားဖြင့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကို အာဏာပိုင်တွေက မကြိုက်ဘူး။ မကြိုက်လို့ လက်မခံဘူး၊ ပယ်ချထားတယ်။ အသိအမှတ်မပြုဘူး။ အဲဒီတော့ အဲဒီနောက်မှာ သူက မိမိစိတ်တိုင်းကျ ပြည်သူလူထု ရွေးချယ်သော အစိုးရ မဟုတ်သော လက်ရှိဖွဲ့စည်းပုံအခြေခံအရ ပြည်သူလူထုက ရွေးချယ်တဲ့ပုဂ္ဂိုလ်တွေက အုပ်ချုပ်မယ့်သူကို မရွေးနိုင်ဘူး။ ဒီလိုအခြေအနေမှာ ကိုယ်မကြိုက်ရင် လက်မခံ၊ ကိုယ်ကြိုက်တာလုပ်မယ်ဆိုတာ အဲဒါ ဒီမိုကရေစီမှ မဟုတ်ဘဲတဲ့။ အဲဒီလို ပြောပါတယ်။”
အထူးသဖြင့် လာမယ့် ရွေးကောက်ပွဲကို NLD ပါတီအနေနဲ့ ဝင်ရောက်ခြင်းမရှိတာဟာ ဒီမိုကရေစီစနစ်ကို လိုလားတဲ့သူတွေ ဒီမိုကရေစီရေး အင်အားစုတွေကို ထိခိုက်တယ်လို့ ဝေဖန် ပြောဆိုသံတွေနဲ့ ပတ်သက်လို့လည်း ဒါဟာ ပြည်သူလူထုရဲ့ သဘောထား အစစ်အမှန်ကို မပစ်ပယ်လိုတဲ့အတွက်ကြောင့် NLD ဟာ ရွေးကောက်ပွဲ မဝင်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ဒီရွေးကောက်ပွဲကို ဘာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဝင်သလဲ ဆိုတာကို သူက ပြောပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေက ရာခိုင်နှုန်းများစွာ မဲဆန္ဒတွေ ပေးခဲ့ကြတယ်။ အဲဒီမဲဆန္ဒတွေမှာလည်း အနိုင်ရပါတီတွေ ရှိတယ်။ အထူးသဖြင့် NLD ပေါ့ဗျာ။ အဲဒီလို အခြေအနေမှာ အဲဒီရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲနဲ့ ဒီလောက်အထိ ဖြစ်လာတယ်။ အဲဒီတော့ NLD ဘာကြောင့် ရွေးကောက်ပွဲ မဝင်တာလဲဆိုတာနဲ့ပတ်သက်ရင် ပြည်သူရဲ့ ဆန္ဒ၊ ပြည်သူလူထုရဲ့ ဆန္ဒကို မပစ်ပယ်နိုင်ဘူး။ မျက်ကွယ်မပြုနိုင်ဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲမဝင်တာလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။”
ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။ ရှေ့နေတွေဖြစ်ကြတဲ့ ဦးကြည်ဝင်နဲ့ ဦးဉာဏ်ဝင်း တို့နှစ်ဦးဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ရန်ကုန် တရားရုံးချုပ်မှာ အထူးအယူခံလွှာ လက်ခံမခံ ကြားနာမယ့်အမှုရဲ့ လျှောက်လဲချက်အတွက် ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့စဉ်အတွင်း အခုလို မြန်မာ့နိုင်ငံရေး အခြေအနေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သုံးသပ်လိုက်တာ ဖြစ်ပါတယ်။
အရင်က ၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံရေး အင်အားစုအားလုံး မပါဝင်တဲ့အတွက် နိုင်ငံတကာရဲ့ ယုံကြည်မှုရမှာ မဟုတ်ဘူးလို့ အနောက်နိုင်ငံကြီးတွေက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်း ရွေးကောက်ပွဲကို စောင့်ကြည့်ပြီးတော့ ရွေးကောက်ပွဲနောက်ပိုင်း တက်လာမယ့် အစိုးရသစ်ကို ထိတွေ့ဆက်ဆံရမှာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုထားပါတယ်။