သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်ဖွယ်ရှိ


နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးရင် ပြန်လွှတ်ပေးမယ် ဆိုတဲ့အကြောင်း စစ်အစိုးရ အရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ NLD ပါတီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ် ဆိုတဲ့ကိစ္စကို မသိသေးဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲက နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သက်တမ်း ပြည့်မှာက နိုဝင်ဘာလ ၁၃ ရက်နေ့ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးရင် ပြန်လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ အရာရှိတဦးက ပြောထားတဲ့အကြောင်း AFP သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။ ဆရာဦးဉာဏ်ဝင်းတို့ရော ဘယ်လို သိထားပါလဲ။

“ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှကို မကြားဘူး။ အဲဒီ နိုဝင်ဘာ ၁၃ ဆိုတာက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ထိန်းသိမ်းထားတဲ့ ကာလ၊ ပြစ်ဒဏ်ချမှတ်တဲ့ ကာလ ကုန်ဆုံးတဲ့နေ့ရက် ဖြစ်တယ် ဆိုတာကိုတော့ ဥပဒေအရ ကျနော်တို့ အရင်ကတည်းက ပြောနေပါတယ်။ နောက်ထပ် ချုပ်နှောင်ဖို့ဆိုတာ ဘယ်ဥပဒေမှာမှ မရှိဘူး။ ဒါကြောင့် အဲဒီရက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ့်ရက်လို့ တွက်ထားပါတယ်။”

အရင်ကာလတွေတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေဘက်က အကြောင်းအမျိုးမျိုး ပြပြီးတော့ နေအိမ်အကျယ်ချုပ်ကို သက်တမ်းတွေ ဆက်တိုးထားတာ ရှေ့မှာ ရှိခဲ့ပါတယ်။ အခုတခေါက်ရော ဘယ်လိုထင်ပါလဲခင်ဗျ။

“အခုဖြစ်ပေါ်နေတဲ့ နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်း အခြေအနေ၊ ရွေးကောက်ပွဲ အခြေအနေ၊ ဒီအခြေအနေ အားလုံးကို အကျုံးဝင်အောင် ထည့်သွင်းစဉ်းစားရင် ခုနပြောသလို အကြောင်းရှာပြီးတော့ ဥပဒေမဲ့ လုပ်ရပ်မျိုးကို ဒီအချိန်မှာ မလုပ်လောက်ဘူးလို့တော့ ကျနော်တို့ မျှော်မှန်းပါတယ်။”

အရင်ကာလတွေတုန်းက အဲဒီလို အကြောင်းရှာပြီးတော့ ဆက်ပြီး ဖမ်းဆီးတာတွေဟာ ဥပဒေအရ အကျုံးဝင်ခဲ့ပါသလားခင်ဗျ။

“အရင်ကာလတုန်းကတော့ သူတို့က နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေကို အသုံးပြုတယ်။ ဒါလည်း ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး။ အကျဉ်းကျနေတဲ့လူ၊ အပြင်နဲ့ အဆက်အသွယ် မရှိတဲ့လူက နိုင်ငံတော်ကို အနှောင့်အယှက်ဖြစ်အောင် ဘာလုပ်နိုင်မှာလဲ။ အဲဒီလို အကြောင်းပြချက်တွေနဲ့ အရင်တုန်းကတော့ လုပ်ခဲ့ဖူးပါတယ်။ အခု ဒီဟာကို လုပ်စရာအကြောင်း မရှိတော့ဘူးလို့ ကျနော် ယူဆတယ်။”

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ကျနေတဲ့ အချိန်မှာပဲ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်တယ်၊ အခုဆိုရင် အာဏာပိုင်တွေဘက်က ပါတီဟာ တရားမဝင်ဘူးဆိုပြီး ကြေညာခဲ့တယ်၊ ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သာ ပြန်လွတ်လာခဲ့မယ်ဆိုရင် NLD ပါတီရဲ့ အခြေအနေဟာ ဘယ်လိုဖြစ်လာနိုင်မယ်လို့ ဆရာတို့ တွက်ထားပါလဲခင်ဗျ။

“အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင် NLD ပါတီရဲ့ အခု ကျနော်တို့ ကြိုးစား ဆောင်ရွက်နေတဲ့ ကျစ်လျစ်ခိုင်မာမှု၊ ပြည်သူအကြား အနှံ့အပြား ရောက်ရှိသွားမှု၊ ဒါတွေဖြစ်လာမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်လာရင် ပြည်သူလူထု အပေါ်မှာ အခြေခံတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုနဲ့ ထိတွေ့မှုကို အဓိကထား လုပ်ဆောင်မယ်လို့ ကျနော် အဲဒီလို ယူဆပါတယ်။”

နိုင်ငံရေးအရရော အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်လာနိုင်မယ်လို့ တွက်ပါသလားခင်ဗျ။

“ဟုတ်ကဲ့၊ ပြည်သူနဲ့ နိုင်ငံရေးပါတီ ထိတွေ့ဆက်ဆံမှုက ကြီးမားသော အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။”

ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG