သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု လွတ်မြောက်ရေး မျှော်လင့်ပြီး ထောက်ခံသူ ရာနဲ့ချီစုဝေး


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ့် မျှော်လင့်ချက်နဲ့ NLD ရုံးရှေ့တွင် စောင့်မျှော်နေကြသည့် ပြည်သူများ (နိုဝင်ဘာလ ၁၂၊ ၂၀၁၀)
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ့် မျှော်လင့်ချက်နဲ့ NLD ရုံးရှေ့တွင် စောင့်မျှော်နေကြသည့် ပြည်သူများ (နိုဝင်ဘာလ ၁၂၊ ၂၀၁၀)

နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြန်လွတ်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရန်ကုန်မြို့မှာရှိတဲ့ အဲန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှာ အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးသူတွေဟာ ဒီမနက်ပိုင်းကစလို့ ထောင်နဲ့ချီ ရောက်နေကြပါတယ်။ ရုံးချုပ်အတွင်းထဲမှာလည်း အဲန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းက အစုံအလင် ရောက်နေကြပြီ ဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ အဲန်အယ်လ်ဒီ ရုံးချုပ်က အခြေအနေတွေ ဘယ်လိုရှိသလဲ ဆိုတာကို ဘန်ကောက်ရုံးက စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာဟာ တကယ်တော့ မနက်ဖြန် နိုဝင်ဘာလ ၁၃ ရက်နေ့မှာမှ သက်တမ်းစေ့မှာဖြစ်ပါတယ်။ ဒါပေမဲ့ မနက်ဖြန်ဟာ စနေနေ့ ရုံးပိတ်ရက် ဖြစ်တာကြောင့် ဒီကနေ့ လွတ်လာမယ်ဆိုပြီး အများက စောင့်စားနေကြတာပါ။ မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲအဖြစ် ဖော်ဆောင်နိုင်တဲ့ ခေါင်းဆောင်တယောက်လို့ သတ်မှတ်ထားကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ လွတ်များ လွတ်လာမလားဆိုပြီး မြန်မာနိုင်ငံအတွင်းက ပြည်သူတွေတင်မကပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာပါ။

ရန်ကုန်မြို့မှာတော့ ဒီကနေ့ မနက် အစောပိုင်းကတည်းက အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ တဖွဲဖွဲနဲ့ ရောက်လာနေကြတာ နေ့လည် ၁၂ နာရီလောက်မှာ ဧည့်ပရိတ်သတ်က ထောင်နဲ့ချီ ရှိသွားပြီလို့ အဲန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က အဖွဲ့ချုပ်ရုံးထဲကနေ အခုလို ပြောပြပါတယ်။

“ရုံးရှေ့မှာကတော့ လူတွေက အပြည့်ဖြစ်နေပြီဗျာ။ ရုံးရှေ့မှာ ပရိတ်သတ်က ထောင်နဲ့ချီနေပြီ။ ဒီမှာ အခြေအနေက အဲဒီလိုဖြစ်နေတယ်။ ဥက္ကဋ္ဌရော၊ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးရော၊ ဦးဝင်းတင်ရော ရုံးထဲမှာ ထိုင်နေတယ်။ ကျန်တဲ့သူတွေ အကုန်လုံး လူကြီးတွေလည်း ရောက်နေတယ်။ သတင်းထောက်တွေနဲ့ လူငယ်တွေက ဒေါ်စု ဓါတ်ပုံတွေကို ကိုင်ထားပြီးတော့ ပရိတ်သတ် ထောင်ဂဏန်းလောက်က အထူးသဖြင့် လူငယ်တွေများတယ်။ မြို့နယ်အသီးသီးက လာကြာတဲ့အဖွဲ့ဝင်တွေ။ မန္တလေးတို့ ဘာတို့ကလည်း အခု ထပ်ပြီးတော့ ရောက်လာတယ်ဗျ။ အဲဒီအဖွဲ့တွေကတော့ ဒီမှာ ကြိုနေကြတာပေါ့ဗျာ။”

အလားတူပဲ အဲန်အယ်လ်ဒီ ရုံးချုပ်အပြင်ဘက်မှာ ရောက်နေတဲ့ လူငယ်အဖွဲ့ဝင် တဦးကလည်း အပြင်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမလားဆိုပြီး စိတ်ဓါတ် တက်ကြွစွာနဲ့ လာစောင့်နေကြတဲ့ အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“လူ ၁ ထောင်ကျော်ရှိတယ် အခုလေ။ အပြင်မှာကလေ အဖွဲ့ချုပ်အဖွဲ့ဝင်တွေရော၊ ပြည်သူလူထုတွေရော အရမ်းများတာပဲ။ ခုချိန်ထိကို မျှော်လင့်နေတုန်းပဲ။ ကျမတို့ အန်တီထွက်လာတဲ့ အချိန်အထိကို စောင့်ဖို့။ အဘ ဦးတင်ဦးလည်း ရှိတယ်။ အခုချိန်ထိကတော့ အကုန်လုံး ဘာမှမပြောသေးဘူး။ စောင့်မှာပေါ့။ အန်တီ ထွက်လာတဲ့အချိန်အထိ စောင့်မှာ။ အမှန်ဆိုရင် ရုံးက ၄ နာရီဆိုရင် ပိတ်တာလေ။ ဒါပေမဲ့ အခုချိန်ထိ စောင့်နေတုန်းလို့။ ဒီအတိုင်းပဲ စောင့်ရမှာပဲရှင်။ စောင့်နေတုန်း။ တက်ကြွတာမှ ပြောမနေနဲ့။ အကုန်လုံး အန်တီပုံတွေလည်း ကိုင်ထားတယ်။ ကျမတို့ လူငယ်တွေဆိုရင် အန်တီ့ပုံပါတဲ့ အကျီ ၤလေးတွေ ဝတ်ထားတယ် အကုန်လုံး။ ပြည်သူလူထုကလည်း အယောက် ၅၀၀ ကျော်ရှိတယ်။ ဟိုဘက်ခြမ်းမှာ စောင့်နေတာ။ ဒီဘက်ခြမ်းမှာကျတော့ ကျမတို့ လူငယ်တွေရော၊ လူကြီးတွေရော၊ တိုင်းနယ်ပြည်က လူတွေရော အကုန်လုံးရှိတယ်။ အန်တီကို စောင့်နေကြတာ။ အခုတော့ ရေတွေဘာတွေကို အန်တီမေက စီစဉ်ပေးထားလို့ ရေတော့ သောက်ရတယ်ရှင့်။ မနက် ၉ နာရီကတည်းက စောင့်နေတာ။”

ဒါကတော့ အဲန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှာ မနက် ၉ နာရီကတည်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမှာကို ကြိုဆိုဖို့အတွက် စောင့်နေတဲ့ လူငယ်အဖွဲ့ဝင်တဦး ပြောပြသွားတာပါ။ အဲန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှာ ရောက်နေသူတွေထဲမှာ ပြည်နယ်တိုင်းက အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ အပြင် တခြား အဖွဲ့ဝင်မဟုတ်တဲ့ ဒေသခံပြည်သူတွေလည်း ရာနဲ့ချီ ရောက်နေကြတယ်လို့ သိရပါတယ်။ အခု ရုံးချုပ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ကြိုဆိုဖို့အတွက် စောင့်နေကြသူတွေကတော့ လိုအပ်ရင် ညလုံးပေါက် ဆက်စောင့်သွားမယ်လို့ ပြောနေကြပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်အလာကို ကြိုဆိုဖို့ လူတွေ ထောင်နဲ့ချီပြီး အဲန်အယ်လ်ဒီ ရုံးချုပ် အပြင်ဘက်မှာ ရောက်နေသလိုပဲ အာဏာပိုင်တွေဘက်ကလည်း လုံခြုံရေးကို တိုးချဲ့လာတယ်လို့ အဲဒီမှာ ရောက်နေတဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မနက်ပိုင်းက ချထားတဲ့ လုံခြုံရေး တပ်ဖွဲ့တွေအပြင် ညနေ ၃ နာရီလောက်မှာတော့ လုံခြုံရေး ထရပ်ကားတွေ သုံးလေးစီးလောက် အဲန်အယ်လ်ဒီ ရုံးချုပ်နားကို ထပ်ရောက်လာတာကြောင့် မကြာခင် လွတ်လာတော့မလား ဆိုတဲ့ ပြောဆိုမှုတွေ လူထုအကြား ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှာတော့ လုံခြုံရေး အခြေအနေတွေဟာ ထူးထူးခြားခြား ပြောင်းလဲမှုမရှိပေမဲ့ စစ်ကားတွေ လမ်းထဲမှာ အဝင်အထွက် လုပ်နေတာကို တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီကနေ့ညနေ ၄ နာရီ ရုံးပိတ်ချိန် မတိုင်ခင် လွတ်လာမယ်ဆိုတဲ့ ပြောဆိုမှုတွေ ရန်ကုန်လူထုအကြားမှာ အခိုင်အမာ ထွက်ပေါ်နေပေမဲ့လည်း အခု ညနေ ၆ နာရီ ထိုးတဲ့ အထိတော့ လွတ်မလာသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော် ၁၄ နှစ်နီးပါးကို နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံ ထားခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG