သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် (၇၁) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြော (Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် (၇၁) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြော (Myanmar State Counsellor Office)

မြန်မာနိုင်ငံကို စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဖြစ်လာအောင် အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ကြီးနားမြို့မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းရေးရဖို့က အရေးကြီးတာကြောင့် ၊ ငြိမ်းချမ်းရေးအတွက်ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ပြောကြား လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ရှိနေပြီး၊ ကျင်းပပြုလုပ်တဲ့ (၇၁) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ မနောကွင်းမှာကျင်းပပြုလုပ်တဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး၊ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးဖြစ်ပေါ်လာအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

"ဒီ ပြည်ထောင်စုဟာ ကျွန်မတို့လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အစစ်အမှန် အပြည့်အဝမဖြစ်သေးဘူး။ ဒါကို ဖြစ်အောင်လို့ ကျွန်မတို့နိုင်ငံတော် အစိုးရသာမက ပြည်သူလူထု တွေအားလုံး ဝိုင်းဝန်းပြီးတော့ကြိုးစားဖို့လိုတယ်။ အစိုးရတစ်ခုတည်းကိုပဲ အားကိုးတယ် ဆိုတာ ဒီမိုကရေစီမဆန်ပါဘူး။ တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူလူထုပေါ်မှာ အခြေခံတဲ့စနစ်မို့ ပြည်သူလူထုရဲ့ အားကိုအစိုးရတွေကပြန်ပြီးအားကိုးရပါတယ်။"

လွတ်လပ်ရေးရပြီးတဲ့နောက် ၁၉၄၈ ခုနှစ်က ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ ကချင်ပြည်နယ်နေ့ကိုတော့ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ ရှမ်းတိုင်းရင်းသား စဝ်ရွှေသိုက် တက်ရောက်ခဲ့တာဖြစ်ပြီး၊ ဒါဟာ ကချင်ပြည်နယ်နေ့ဆိုပေမယ့်လည်း မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကို ဖော်ပြတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောပါတယ်။ ဒါ့အပြင် ပြည်တွင်းစစ် အဆုံးသတ်ပြီး ၊ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြောင်းအလဲတွေကို သိသိသာသာဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ကျွန်မတို့နိုင်ငံသာအေးချမ်းသွားမယ်ဆိုရင်၊ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေး ရမယ်ဆိုရင် သမ္မတကြီးမိန့်ဆိုခဲ့တဲ့အတိုင်း ဆယ်နှစ်အတွင်းတောင် မဟုတ်ဘူး၊ တစ်နှစ်အတွင်းတောင် သိသိသာသာအပြောင်းအလဲတွေ မြင်ရမယ်လို့ ယုံကြည်တယ်။တကယ့်ကို ပြည်တွင်းစစ်မီးတွေ အားလုံးငြိမ်းသွားပြီးတာနဲ့ တစ်နှစ်အတွင်းမှာအပြောင်းအလဲတွေ ကို သိသိသာသာမြင်ရလိမ့်မယ်။ကျွန်မတို့လိုချင်တဲ့ ခိုင်မာတဲ့အခြေအနေကိုတော့ သမ္မတကြီးမိန့်ဆိုတဲ့အတိုင်းပဲ ဆယ်စုနှစ်တစ်စုတော့ သေသေချာချာကြိုးစားပြီးစနစ်တကျခိုင်မြဲအောင် လုပ်ဖို့က အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ "

ဒါ့ကြောင့် နိုင်ငံတဝှမ်းမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ခရီးတစ်ခုကိုစဖို့ဆိုတာ ပထမခြေလှမ်းကအရေးအကြီး ဆုံးပါ။ ပြည်ထောင်စုကြီးတကယ်ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စပြီးတော့လှမ်းမယ့် ခြေလှမ်းက ငြိမ်းချမ်းရေးခြေလှမ်း ဖြစ်တယ်ဆိုတာထပ်ပြီးတော့ သတိပေးပါရစေ။ ဒါကလည်းအမြဲပဲကြုံတိုင်းသတိပေးတဲ့ကိစ္စမို့ အထွေအထူးပြောဖို့မလိုပါဘူး။"

ပြီးခဲ့တဲ့လပိုင်းတုန်းကတော့ ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ စစ်ပွဲတွေကို ၄ လ ကြာ ရပ်ဆိုင်းသွားမယ်လို့ မြန်မာ့တပ်မတော်ဘက်က ကြေငြာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်နေ့အခမ်းအနားတက်ရောက်ပြီး တဲ့နောက်မှာတော့ ၊ မြစ်ကြီးနားမြို့က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းကို သွားရောက်ခဲ့ပြီး၊ ကျောင်းသားကျောင်းသူတွေ နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ ဇန်နဝါရီလ ၉ ရက်နေ့ကတော့ ကချင်ပြည်နယ်အထက်ပိုင်းက ပူတာအို နဲ့ နောင်မွန်မြို့တွေကို သွားရောက်ခဲ့ပြီး၊ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စီမံကိန်း ဓါတ်အားပေးစက်ရုံကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း ၊ ဒေါက်တာဝင်းမြတ်အေး နဲ့ တခြားအစိုးရအဖွဲ့ တာဝန်ရှိသူတွေလိုက်ပါသွားခဲ့ကြပါတယ်။

XS
SM
MD
LG