သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဖို့ဝိန်း မြန်မာမိသားစုတွေနဲ့ တွေ့ဆုံ


အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ မြန်မာ မိသားစုများနှင့် တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ စက်တင်ဘာ ၂၅၊ ၂၀၁၂။
အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ မြန်မာ မိသားစုများနှင့် တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ စက်တင်ဘာ ၂၅၊ ၂၀၁၂။
ကိုယ့်ရောက်ရာအရပ်မှာ အကောင်းဆုံး ပညာတွေကို ရှာယူပြီး တိုင်းပြည်အတွက် အကျိုးပြုနိုင်အောင် ကြိုးစားကြဖို့ အမေရိကန် ပြည်ထောင်စုမှာ ခေတ္တရောက်နေ တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ အချိန်ပိုင်းအတွင်းကပဲ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့နဲ့ အနီးတဝိုက် ပြည်နယ်တွေ က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ခုလို ပြောသွားတာပါ။ ဒီတွေ့ဆုံပွဲအကြောင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ပြန်အကျိုးပြုချင်တယ်ဆိုရင် ဘယ်နေရာမှာပဲ ရောက်နေရောက်နေ အဲဒီ နေရာဒေသကနေ အကောင်းဆုံး ဆိုတဲ့ ပညာရပ်တွေကို ရှာဖွေ သင်ယူနိုင်အောင် ကြိုးစားရမယ်၊ ဒါမှသာ ကိုယ့်နိုင်ငံအတွက်လည်း ပြန်ပြီး အကျိုးပြုနိုင်မှာ ဖြစ်တယ် လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖို့ဝိန်းမြို့မှာ မကြာသေးခင် အချိန်ပိုင်းကပဲ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောသွားခဲ့တာပါ။

“ဒီနိုင်ငံကို ရောက်နေတဲ့အချိန်မှာ ဒီနိုင်ငံက အကောင်းဆုံး သင်ယူနိုင်တာတွေကို သင်ယူစေချင်ပါတယ်။ ဒါဟာ အရေးကြီးဆုံးပါ။ သင်ယူချင်စိတ်က အရေးကြီးဆုံးပါ။ ကျမ ခဏခဏ ပြောပါတယ်။ လူတွေဟာ ကျမရဲ့ မျက်စိထဲမှာ လူဆိုးရယ် လူကောင်းရယ်၊ လူတော်ရယ် လူညံ့ရယ် လို့ ဆိုတာထက် သင်လို့ ရတဲ့သူနဲ့ သင်လို့ မရတဲ့သူ ဆိုတာကို ကြည့်တယ်။ အဲဒီတော့ သင်လို့ရတဲ့သူတွေက ကျမတို့ နိုင်ငံအတွက်တင်သာမက တကမ္ဘာလုံးအတွက်၊ လူသားများအတွက် အင်မတန်မှ တန်ဖိုးရှိတယ်။ သင်လို့မရတဲ့သူတွေ ဆိုတာဟာ တန်ဘိုးဟာ တဖြည်းဖြည်းချင်း လျော့လျော့သွားပြီးတော့ နောင်ကျလို့ရှိရင် သူ့ရဲ့ အသိုင်းအဝိုင်းအတွက် တန်ဖိုးမဲ့တဲ့သူ ဖြစ်သွားလိမ့်မယ်။

ဒီတော့ သင်ယူနိုင်ဖို့ဆိုတာ အဓိက ပထမ လိုအပ်ချက်က ဘာလဲဆိုတော့ ကိုယ့်မှာ သင်ယူစရာတွေ ရှိသေးတယ် ဆိုတဲ့ အသိရှိမှ သင်ယူလို့ ရနိုင်တယ်။ တချို့က ကိုယ့်ကိုယ်ကို သင်ယူစရာ မရှိတော့ဘူး။ ငါတို့က အားလုံး တတ်သွားပြီလို့ ထင်သွားလို့ရှိရင် ဆက်ပြီးတော့ သင်ကြားဖို့ မလွယ်ပါဘူး။ ကျမတို့ရဲ့ နိုင်ငံသူနိုင်ငံသားများဟာ ဒီမှာရောက်နေတဲ့ အခါ အခုတင်မဟုတ်ဘူး၊ တသက်လုံး သင်စရာတွေ ရှိနေတယ်ဆိုတာကို နှလုံး သွင်းထားစေချင်ပါတယ်။ ဒီလို သင်ယူမှ ကျမတို့ရဲ့နိုင်ငံကို အကျိုးပြုနိုင်မှာပါ။”

ကိုယ်ရောက်နေတဲ့၊ ကိုယ်ကို ခိုလှုံခွင့်ပေးထားတဲ့ နိုင်ငံအတွက် ဂုဏ်ယူရတဲ့ သူတွေ ဖြစ်အောင် ကြိုးစားကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ တခြား ပြည်နယ်တွေ က မြန်မာတွေနဲ့ တွေ့ဆုံပွဲတွေမှာ ပြောခဲ့သလိုပဲ ဒီကနေ့မှာ လည်း ဒေါ်အောင်ဆန်းစုကြည်က ဖို့ဝိန်းမြို့မှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ညီညွတ်ကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ပင်လုံလို စိတ်ဓာတ် ရှင်သန်ဖို့ ဘာတွေ လုပ်ဖို့ လိုအပ်မလဲလို့ တက်ရောက်လာသူတဦးရဲ့ အမေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေခဲ့ပါတယ်။

“ကျမတို့ တိုင်းရင်းသားများ အားလုံးရဲ့ စွမ်းဆောင်မှုနဲ့ လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကို ကျမ နည်းနည်း ရှင်းပြချင်တယ်။ ၂၁ ရာစု ပင်လုံလို့ ကျမတို့ ပြောတာဟာ ဘာရည်ရွယ်ချက်နဲ့ ပြောတာလဲ ဆိုတာ သိပ်ပြီးတော့ သဘောပေါက်ပုံမရဘူး။ အဓိက ရည်ရွယ်ချက်ကတော့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်တခုကို ကျမတို့ မွေးမြူဖို့ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ အခြေခံအားဖြင့် ဘာလဲ ဆိုတော့ ကျမတို့ ကြားထဲမှာ မတူညီတဲ့ဟာတွေ ဘာပဲရှိရှိ ဒီ မတူညီမှုတွေ အပေါ်မှာ အခြေခံပြီးတော့ ညီညွတ်မှုရအောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ ပင်လုံစိတ်ဓာတ်လို့ ကျမ ပြောချင်ပါတယ်။”

ဒီနေ့ အခမ်းအနားမှာ ဖို့ဝိန်းမြို့ရဲ့ မြို့တော်ဝန် Tom Henry ကလည်း ဒေါ်အောင်ဆန်းစုကြည် ဖို့ဝိန်းမြို့ကို ရောက်လာတဲ့ ဒီနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် ကြေညာသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဆက်ပြီး ထောက်ခံသွားမယ် ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖို့ဝိန်းမြို့က လှိုက်လှဲစွာ ကြိုဆိုတဲ့ အကြောင်းတွေ ပြောဆိုပြီးတော့ လက်ရှိ ဖို့ဝိန်းမြို့တော်ဝန် တယောက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းကြည် ဖို့ဝိန်းမြို့ကိုရောက်လာခဲ့တဲ့ ဒီနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်တဲ့ အကြောင်း၊ ဖို့ဝိန်းမြို့ခံ အားလုံးကလည်း သူနဲ့အတူ ဝိုင်းဝန်း ဂုဏ်ပြုကြဖို့” - ဖို့ဝိန်းမြို့တော်ဝန် Tom Henry က ကြေညာသွားတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်း မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် အင်ဒီယားနားမှာရှိတဲ့ မြင်းမွေးတဲ့ ခြံတခုကိုလည်း သွားရောက်ဦးမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ အင်ဒီယားနားပြည်နယ် ခရီးစဉ်ပြီးရင်တော့ မနက်ဖြန် စက်တင်ဘာလ ၂၆ ရက်နေ့မှာ နယူးယောက်မြို့ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီးတော့ ပညာရေးနဲ့ဆိုင်တဲ့ ဆွေးနွေးပွဲတခုမှာ ပါဝင် ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီနောက် မြန်မာပြည်ကို မပြန်ခင်မှာတော့ အမေရိကန် အနောက်ဘက်ခြမ်း ပြည်နယ်တချို့ကိုလည်း ခရီးဆက်ပြီး အဲဒီမှာရှိတဲ့ မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံဦးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG