သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ဒီစီကို ဆိုက်ရောက်


ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်ထွက်ခွာစဉ်
ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်ထွက်ခွာစဉ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီကို ဒီကနေ့ မနက် ၁၁နာရီလောက်မှာ ရောက်ရှိလာပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု အမေရိကန် ခရီးစဉ်ဟာ NLD ပါတီ အတွက် သာမက နိုင်ငံတခုလုံးအတွက် နိုင်ငံရေးအရ အကျိုးရှိတဲ့ ခရီးစဉ်တရပ်ဖြစ်ပြီး ရှေ့လျှောက် မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးမှာ အခြေအနေကောင်းတွေ မြင်တွေ့ရဖို့ မျှော်လင့်နိုင်လိမ့်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့ နာယကပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဦးတင်ဦးကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်အနီးကဒဲလက်စ် နိုင်ငံတကာ လေဆိပ်ကနေ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရက်မစ်ချဲလ် လည်း ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ဒီကနေ့ အမေရိကန် ပြည်ထောင်စုကို ရောက်လာမှာဖြစ်ပါတယ်။

သီတင်းနှစ်ပတ်ကျော်လောက် ကြာမယ့် အခု ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံဖို့ရှိသလို အမေရိကန် ပြည်ထောင်စုက ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဘွဲ့တွေကို လက်ခံရယူမှာဖြစ်ပါတယ်။
အမေရိကန်မှာရောက်နေကြတဲ့ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတာပါ။

မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေး ကူညီခဲ့တဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကိုယ်တိုင် ခုလို လာရောက်ပြီးတော့ ကျေးဇူးတင်စကား ပြောနိုင်မှာ ဖြစ်သလို ဒီခရီးစဉ်ဟာ NLD ပါတီအတွက် သာမက အစိုးရနဲ့ တိုင်းပြည် တခုလုံးအတွက် နိုင်ငံရေးအရ အကျိုးရှိတဲ့ ခရီးစဉ်တရပ်ဖြစ်တယ်လို့ NLD ပါတီ နယကအဖွဲ့ဝင် ဦးတင်ဦးက ပြောပါတယ်။

“အခုဟာက သူသွားတာကတော့ Political Significant ရှိတာပေါ့ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနိုင်ငံတော်တင်သာမက ကမ္ဘာမှာ ဖြစ်နေတဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး စသဖြင့်ပေါ့။ အဲ့တာတွေမှာ အဓိကလုပ်နိုင်စွမ်းရှိတဲ့ ပြည်သူတရပ်လုံး နိုင်ငံတကာက ဒီမိုကရေစီအင်အားစုတွေက ထောက်ခံတဲ့ ခေါင်းဆောင်ဆိုတော့ကာ သွားတဲ့အတွက်ကတော့ နိုင်ငံရေးအကျိုးအမြတ် အများကြီး ရှိတာပေါ့ဗျာ။ အထူးသဖြင့်ကတော့ ကျနော်တို့ ပါတီတခုတည်းတင် ဘယ်ကမလဲ။

ပြည်သူလူထုတရပ်လုံး၊ တိုင်းရင်းသားတရပ်လုံး အားလုံးအတွက်ပေါ့။ စစ်တပ် အပါအဝင်ပေါ့။ အံဝင်သွားပြီပေါ့ဗျာ။ အခုအစိုးရလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ အကုန် အပါအဝင်ပေါ့ဗျာ။ နိုင်ငံဆိုတဲ့ ဂုဏ်သိက္ခာအနေနဲ့ကတော့ ကြီးမြတ်တာပေါ့။ သူက ကျေးဇူးတင်သူတွေကို သွားပြီးတော့ ကျေးဇူးတင်စကားပြောတယ်။ နောက်ပြီးတော့ ကင်းကွာနေတဲ့ မြန်မာတွေကို သွားပြီးတော့ တွေ့တယ်။ နိုင်ငံရေးလူပ်ရှားမူကတော့ တိုးတက်တာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်နဲ့ မရှေးမနှောင်းဆိုသလိုပဲ မြန်မာသမ္မတ ဦးသိန်းစိန်ဟာလည်း နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပမယ့် အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ဒီရက်ပိုင်း ရောက်လာဖို့ ရှိနေပါတယ်။

ခုလိုမျိုး မြန်မာနိုင်ငံက ခေါင်းဆောင်နှစ်ဦးရဲ့ အမေရိကန် ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ထပ်ပြီး လျှော့ပေါ့မှုတွေ လုပ်ကောင်း လုပ်လာနိုင်တယ်လို့ အကဲခတ်တချို့က သုံးသပ် ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ချက်ချင်း မြန်မြန်ဆန်ဆန်ကြီး မဖြစ်နိုင်ပေမဲ့လို့ အပြောင်းအလဲတွေ ကတော့ တဖြည်းဖြည်းချင်းတော့ ဖြစ်လာနိုင်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

“ဒီလိုပြောရမယ်ဗျ။ အခုကတော့ Economic Sanctions က တနှစ်လျှော့ပေးလိုက်တဲ့ သဘောလေ။ ဟိုတုန်းက ဒီလို တနှစ်လျှော့ပေးလိုက်တယ်ဆိုရင်တော့ နောက်ထပ် ဆက်လက် လုပ်သင့်လုပ်ထိုက် တာရှိတဲ့အပေါ်မှာ အခုလို ထူးထူးခြားခြားလေးတွေ တိုးတိုးတက်တက် ဖြစ်လာရင်တော့ တခုပြီး တခု ဒီလိုပဲ လျှော့သွားစရာ အကြောင်းရှိပါတယ်။ ဒီလိုသဘောတော့ မှန်းလို့ရတာပေါ့။

တခါတည်း ဝုန်းခနဲ ဒိုင်းခနဲ အကုန်လုံး ဒီလိုတော့လည်း ကျနော်တို့ ပြောလို့ဆိုလို့ မရသေးဘူးထင်တယ်ခင်ဗျ။ အမေရိကန်ကလည်း ကွန်ကရက်ရှိသေးတာကိုးဗျ။ ကွန်ကရက်ဆိုတာက ပြည်သူလူထုရဲ့ သဘောထား ဆန္ဒနဲ့ အများကြီး ပါသေးတာကိုး။

ဒါတွေကလည်းပဲ သမ္မတကြီး အာဏာတခုတည်းနဲ့တော့ မဟုတ်ဘူးလေ။ သမ္မတကနေ တဆင့် ကွန်ကရက်ကနေ လုပ်တာဆိုတော့ ကွန်ကရက်ရဲ့ သဘောသဘာဝတွေလည်း လိုသေးတာကိုးဗျ။ ဒါပေမယ့် အခြေအနေကောင်းတွေကတော့ အရင်ကထက်စာရင် ပိုပြီးတော့ တိုးတက်ကောင်းမွန်လာတယ်လို့ ဒီလိုတော့ တွက်လို့ရပါတယ်ခင်ဗျာ။ ”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ကွန်ဂရက်စ်လွှတ်တော်က အရပ်သားတွေကို ပေးအပ်တဲ့ အမြင့်ဆုံးသော ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု အပါအဝင် Asia Society အဖွဲ့က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ဆု၊ Atlantic Council ရဲ့ ကမ္ဘာ့နိုင်ငံသား ဆုတွေကို ဒီခရီးစဉ်အတွင်း လက်ခံရယူသွားမှာ ဖြစ်ပါတယ်။

Yale, Harvard နဲ့ Kentucky ပြည်နယ် Louisville တက္ကသိုလ်တွေကို သွားရောက် စကားပြောဖို့လည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု တကြိမ် အမေရိကန် ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကြောင့် ဆယ်စုနှစ်တခုကျော်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးတဲ့နောက် ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
XS
SM
MD
LG