သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံရောက်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို ထွက်ခွာဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိစဉ်။ စက်တင်ဘာ ၁၆၊ ၂၀၁၂။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို ထွက်ခွာဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိစဉ်။ စက်တင်ဘာ ၁၆၊ ၂၀၁၂။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ်ထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာနိုင်ငံအတွက် ပညာရေး ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို အကျယ်တဝင့် ဆွေးနွေးဖြစ်လိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးလိုက်တယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ဘယ်နှစ်ယောက်ပါတယ်။ ဘယ်သူတွေပါတယ်ဆိုတာ အတိအကျ စိစစ်ရဦးမယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဒေါ်ခင်မျိုးသက်က ပြောပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့ မနက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီကို ရောက်လာပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၃ရက်နေ့အထိ ၁၇ရက်ကြာ သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်း အစိုးရထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံရာမှာတော့ မြန်မာနိုင်ငံအတွက် ပညာရေးအပါအဝင် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို အကျယ်တဝင့် ဆွေးနွေးဖို့ ရှိတယ်လို့ နိုင်ငံခြားရေးပြောခွင့်ရVictoria Nulandက တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ရှင်တို့သိတဲ့အတိုင်းပါပဲ။ အမေရိကန်၊ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ သိပ်အရေးပါ ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးအပါအဝင် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေအတွက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက သူနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးဖို့ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် တက်လာပြီးတဲ့နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာသလို အမေရိကန်အစိုးရဘက်က ဦးသိန်းစိန်အပါအဝင် အရင်စစ်ခေါင်းဆောင်ဟောင်းတွေကို ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းပေးတာ အပါအဝင် ဒဏ်ခတ်အရေးယူမူ အတော်များများကို လျော့ချပေးခဲ့တာ တွေ့ရပါတယ်။

တနင်္လာနေ့မှာလည်း အကျဉ်းသား ၅၁၄ ယောက်ကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထပ်ပြီး လွှတ်ပေးခဲ့တာမို့ ဒါဟာ အရေးယူဒဏ်ခတ်မူတွေ အားလုံး ဖယ်ရှားပေးဖို့အတွက် အကြောင်းအချက် ဖြစ်လာနိုင်မလားဆိုတဲ့ အမေးကိုတော့ မစ် နျူလမ်က ဒီအကျဉ်းသားတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိအောင် လုပ်ရဦးမယ်လို့ ဆိုပါတယ်။

“ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၅၁၄ယောက် လွှတ်ပေးတယ်လို့ ကြေညာတာ တွေ့ရပါတယ်။ ဒါပေမယ့် အရင်အခါတွေတုန်းကလိုပဲ ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့ စာရင်းတွေမှာ ဒီလူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေ ဟုတ်မဟုတ်၊ သေသေချာချာ မစစ်ဆေးရသေးပါဘူး။ ဒါကိုသေချာအောင်လုပ်ဖို့ အချိန်လိုတယ်ဆိုတာ ရှင်တို့လည်း သိပါတယ်။ ဒါကြောင့် ဒါကို သေသေချာချာ သိအောင်လုပ်ဖို့ လိုပါသေးတယ်။”

မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသား တယောက်မကျန်လွှတ်ပေးဖို့ အမေရိကန်အစိုးရ ဘက်က တောင်းဆိုနေတာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲလာဖို့ အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မူတွေချပြီး ဆောင်ရွက်နေတာမှာ ပြီးခဲ့တဲ့ နှစ်ကစပြီး အရပ်သားအစိုးရသစ်တရပ် မြန်မာနိုင်ငံမှာ ပေါ်လာခဲ့သလို ဒီအစိုးရသစ်က ပြုပြင်ပြောင်းလဲရေးတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ဆောင်လာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို လွှတ်တော်မှာ ပါဝင်ခွင့်ပေးလာသလို နိုင်ငံရေးအကျဉ်းသား အများအပြားကိုလည်း လွှတ်ပေးခဲ့တဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အများအပြားနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့ အများကြီးလိုနေသေးတယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော သမ္မတဦးသိန်းစိန်နဲ့ပါ ဆွေးနွေးပြောဆိုမူတွေ လုပ်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“ကျမတို့က သမ္မတဦးသိန်းစိန်နဲ့လည်း ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ရှေ့ဘာဆက်လုပ်ဆောင်မယ်ဆိုတာကိုတော့ လာမယ့်သီတင်းပတ်တွေထဲမှာ ပြောလို့မရသေးပါဘူး။”
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမူတွေ လုပ်နေတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်မှုတွေ တရားဥပဒေစိုးမိုးမူရှိရေးတွေ လုပ်ဆောင်ဖို့ဟာ အများကြီးလိုအပ်နေသေးတယ်လို့လည်း မစ်နျူလမ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးကလင်တန်နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဖို့ ရှိသလို Asia Society အဖွဲ့က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ဆုကို လက်ခံရယူဖို့လည်း ရှိပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်လွှတ်တော်က ချီးမြှင့်မယ့် အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံးဆုဖြစ်တဲ့ လွှတ်တော်ဂုဏ်ထူးဆောင်ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။
XS
SM
MD
LG