သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပြန်လည်သင့်မြတ်ရေး NLD အစိုးရ ဦးစားပေးဆောင်ရွက်


 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားစဉ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်တက်လာခဲ့တဲ့ ၆ လတာကာလ အတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ အာဆီယံပါလီမန်များ ညီလာခံ ဖွင့်ပဲွဲမှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ရခိုင်အရေးကိစ္စ အပါအဝင် တခြားစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ကြိုးပမ်းနေပြီး ၊ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်း အပြုသဘောဆောင် ကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အစိုးရသစ်လက်ထက်မှာ တိုးတက်မှုတွေရှိလာပေမယ့်လည်း တိုင်းရင်းသား မဟာမိတ်တွေကိုလည်း လက်တွဲဆွေးနွေးသင့်တယ်လို့ တိုင်းရင်းသားခေါင်းဆောင် တဦးက ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

၃၇ ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံကို နေပြည်တော်မှာ ဒီကနေ့ စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အစိုးရသစ်တက်လာချိန်ကစတင်ပြီး ၆ လတာအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ဦးစားပေး လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

"ကျမတို့ အစိုးရသစ်ရဲ့ ပထမဦးစားပေးလုပ်ငန်းစဉ်ကတော့ ကျမတို့ လူ့အဖွဲ့အစည်းတခုလုံးမှာရှိတဲ့ အစိတ်အပိုင်းအားလုံးအကြား အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နဲ့ သဟဇာတဖြစ်ရေးကို ဖော်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာပဲ စစ်မှန်တဲ့ ဒီမိုကရက်စတစ် ဖယ်ဒရယ် ပြည်ထောင်စုထူထောင်ဖို့ ခြေလှမ်း တရပ်အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ကျမတို့ နိုင်ငံ လွတ်လပ်ရေးရချိန်ကစလို့ ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို နိဂုံံးချုပ် အဆုံးသတ်နိုင်ဖို့ဖို့ ယခင်အစိုးရက စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျမတို့အနေနဲ့ ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ပြီး ကျမတို့ ပြည်သူအားလုံး နှစ်ပေါင်း များစွာ မျှော်လင့်တောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ကြဉ်းပေးဖို့ ရည်မှန်းထားပါတယ်။"

NLD အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့ အပေါ် ထောက်ခံတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကပြောပါတယ်။ NLD အစိုးရသစ်လက်ထက်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက်မှုတွေရှိလာပေမယ့် မဟာမိတ်တွေနဲ့ အခုထက် ပိုပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

" အားရကျေနပ်မှုရှိတယ်လို့တော့ ဘယ်သူမှ ပြောလို့ရမှာမဟုတ်ပါဘူး။ ဘယ်အစိုးရပဲလုပ်လုပ် ပြောလို့ရမှာမဟုတ်ပါဘူး။ သို့သော်လည်းပဲ အရင်ထက်စာရင်တော့ အခုပိုပြီးတော့ တိုးတက်မှုရှိပါတယ်။ ညီလာခံမှာ လက်မှတ်မထိုးရသေးတဲ့သူတွေ ပထမဆုံးတက်ခွင့်ပေးတာ စုံစုံညီညီ တက်လာတာတို့က ကောင်းပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ ပြောချင်တာက ဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့ပေါ့နော်။ ကူညီချင်တဲ့သူတွေရော ကူညီနိုင်မယ့် သူတွေရော ပူးပေါင်းဆောင်ရွက်ချင်တဲ့သူတွေရော ပူးပေါင်းဆောင်ရွက်နိုင်မယ့် သူတွေရော ဝန်းရံမယ့်သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ အားလုံးက ကျနော် သိသလောက်က ဘာကူညီရမလဲ။ ဘယ်လို ဝန်းရံရမလဲဆိုတာ မသိတဲ့အချက်ပဲ။ ကျနော်ထင်တယ် မဟာမိတ်တွေကို အထိုက်လျောက်တော့ လက်တွဲဆွေးနွေးရင် ပိုပြီးတော့ ကောင်းမယ်လို့ ထင်ပါတယ်။"

ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အတူ NLD အစိုးရသစ်အတွက် နောက်ထပ် စိန်ခေါ်မှုတခု ကတော့ ရခိုင်ပြည်နယ်က မတူညီတဲ့လူမှုအသိုင်းအဝိုင်း ၂ ခုကြားက တဘက်နဲ့တဘက် တင်းမာနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း တဘက် နဲ့ တဘက် အဆင်ပြေပြေ နဲ့ သဟဇာတဖြစ်ဖို့ NLD အစိုးရက ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ပြောသွားပါတယ်။

"ရခိုင်ပြည်နယ်မှာရှိတဲ့ မတူညီတဲ့ အသိုင်းအဝိုင်းတွေအကြားမှာ သဟဇာတဖြစ်မှု နဲ့ နားလည်မှုတွေဆောင်ကြဉ်းပေးနိုင်ဖို့ကိုလည်း ကျမတို့ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်အခြေအနေဟာ ရှုပ်ထွေးနက်နဲပါတယ်။ ကျမတို့နိုင်ငံရဲ့ နယ်နိမိတ်ကိုကျော်ပြီး အာဆီယံဒေသ ၊ ပြင်ပကမ္ဘာရဲ့ စိုးရိမ်ပူပန်စရာ ကိစ္စတခုဖြစ်လာနေပါတယ်။ ဒီစိန်ခေါ်မှုတွေကို ဘက်ပေါင်းစုံကနေ သုံးသပ်ဖြေရှင်းနိုင်တဲ့နေရာမှာ ကျမတို့ကို ကူညီနိုင်ဖို့အတွက် ဒေါက်တာ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။"

မြန်မာနိုင်ငံအနေနဲ့ တချိန်က အရှေ့တောင်အာရှ ဒေသမှာ ထိပ်တန်းရောက်ခဲ့ပေမဲ့၊ စစ်အစိုးရတွေ လက်အောက်မှာ နိမ့်ကျတဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရပြီး၊ အခုအခါ အရပ်သားစစ်စစ် အစိုးရက တိုင်းပြည်ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေ သလို၊ ဒေသတွင်း နိုင်ငံတွေနဲ့ အပြုသဘောဆောင်တဲ့ အကူအညီတွေပေးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က အလေးထားပြောကြား သွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အစိုးရသစ်ဖြစ် လာချိန်က စတင်ပြီး NLD အစိုးရသစ် အပေါ်မှာ ပြည်သူလူထု ရဲ့ မျှော်လင့်ချက် ကလည်း အတော်လေးကို ကြီးကြီးမားမားရှိနေခဲ့တာဖြစ်ပါတယ်။ အစိုးရသစ်ရဲ့ လက်ရှိလုပ်ဆောင်နေတဲ့အပေါ်မှာ မြန်မာနိုင်ငံရေးအကဲခတ် ဦးစည်သူအောင်မြင့်က အခုလိုသုံးသပ်ပါတယ်။

"အခုဆိုရင် ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲလို့ပဲပြောပါစို့ တကယ်ကို ညီလာခံ အစစ်ကြီးကတော့ မစနိုင်သေးဘူးပေါ့။ အဲ့တာကြီးကို သူတို့စပြီးတော့ ကျင်းပလိုက်နိုင်ပြီ ဒီကျင်းပပြီးကတည်းက လွတ်လပ်ရေးရပြီးကတည်းက သမိုင်းမှာ မတွေ့ရဘူးတဲ့ အခင်းအကျင်းတွေ အကုန်လုံး ဒီမှာ လာပြီးတော့မှ တပ်မတော်ရော တောတွင်းက လက်နက်ကိုင်တွေရော ပြည်သူလူထု က ရွေးကောက် တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေရော အကုန်လုံး ဒီမှာ ဆုံပြီးတော့မှ ပြောဆိုညှိနှိုင်းတဲ့ စကားဝိုင်းကြီးကို စပြီးတော့ တည်လိုက်နိုင်ပြီ ဆိုတာကလည်း ဒါ တိုးတက်မှုပဲ ပြီးတော့မှ ရခိုင်ကိစ္စဆိုရင်လည်း ကျနော့်တဦးချင်းအမြင်ကတော့ တိုးတက်မှုတွေ အများကြီးရှိတယ်လို့မြင်တယ်။ ဒါပေမဲ့ ဒီပြဿနာတွေက နှစ်ပေါင်းများစွာ ရှိလာတဲ့ပြဿနာတွေ ဖြစ်တဲ့အခါကျတော့ အခုမှ တိုးတက်မှုဆိုတာက စရုံပဲ စရသေးတဲ့အခါကျတော့ ရှေ့ကို အများကြီး သွားရလိမ့်ဦးမယ်လို့ ကျနော်မြင်ပါတယ်။"

အာဆီယံ ပါလီမန်များညီလာခံကိုတော့ ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့က စတင်ပြီး အောက်တိုဘာလ ၃ ရက်နေ့အထိ နေပြည်တော်မှာ ၄ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG