သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု သြစတြေးလျ ဝန်ကြီးချုပ်နဲ့တွေ့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် သြစတေးလျဝန်ကြီးချုပ် Tony Abbott တို့ Canberra တွင် တွေ့ဆုံစဉ် (နိုဝင်ဘာလ ၂၈၊ ၂၀၁၃)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် သြစတေးလျဝန်ကြီးချုပ် Tony Abbott တို့ Canberra တွင် တွေ့ဆုံစဉ် (နိုဝင်ဘာလ ၂၈၊ ၂၀၁၃)။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေး ကိစ္စကို အဓိက ပြောဆိုခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ သြစတြေးလျ ဝန်ကြီးချုပ် ကတော့ မြန်မာနိုင်ငံမှာ နောက်တကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် တန်းတူညီမျှ ယှဉ်ပြိုင်ခွင့်ရတဲ့ အခြေအနေတွေ ပေါ်ပေါက်ဖို့ အရေးကြီးတာကို အလေးထား ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြစတြေးလျ ခရီးစဉ် နောက်ဆုံး အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေ ရှိခဲ့ပေမဲ့ အသွင်ကူးပြောင်းရေးအတွက် အဓိက အဟန့်အတား ဖြစ်နေရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ဘူး ဆိုရင်တော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ပေါက်ဖို့ မဖြစ်နိုင်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် က တောက်လျှောက်ဆိုသလို ပြောဆိုနေတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် သြစတေးလျဝန်ကြီးချုပ် Tony Abbott တို့ Canberra တွင် တွေ့ဆုံစဉ် (နိုဝင်ဘာလ ၂၈၊ ၂၀၁၃)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် သြစတေးလျဝန်ကြီးချုပ် Tony Abbott တို့ Canberra တွင် တွေ့ဆုံစဉ် (နိုဝင်ဘာလ ၂၈၊ ၂၀၁၃)။

အိမ်ရှင် သြစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ် Tony Abbott နဲ့ တွေ့ဆုံအပြီးမှာလည်း အချေအတင် ပြောစရာတွေ ဖြစ်နေရတဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ရေး အတွက် ပြည်တွင်းပြည်ပက ထောက်ခံမှုရဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် က ဒီကိစ္စကို အာရုံစိုက်ပြီး သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

“ကျမအနေနဲ့ အလေးထား ပြောချင်တာကတော့ ကျမတို့ဟာ ဒီမိုကရေစီခရီးကို စရုံပဲစရပါသေးတယ်၊ တချို့လူတွေ မြင်နေသလို၊ အပြည့်အ၀ အခြေအနေမျိုးတော့ မရောက်သေးပါဘူး။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တင်မကပါဘူး၊ လုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိနေပါသေးတယ်။ အခြေခံဥပဒေကို မပြင်ဆင်နိုင်ပဲနဲ့တော့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အသိုင်းအဝိုင်းတခုလည်း ဖြစ်မလာနိုင်ပါဘူး။”

အေချေအတင် ဖြစ်စရာ အခြေအနေတွေအောက်မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ဆိုရင်တော့ နိုင်ငံခြားသား နဲ့ ဆွေမျိုးသားချင်း တော်စပ်သူ အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရရဲ့ အဆင့်မြင့် ရာထူးတွေကို တာဝန်ယူခွင့်လည်း မရှိပါဘူး။

ဒီအတွက်လည်း လာမယ့် ၂၀၁၅ ခုနှစ်မှာ နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ NLD ပါတီရဲ့ ခေါင်းဆောင်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာမှာ လွတ်လပ်မျှတတဲ့ အခြေအနေမျိုး ရှိမှာမဟုတ်တဲ့ အကြောင်းလည်း အစိုးရရုံးစိုက်ရာ ကင်ဘာရာမြို့မှာ သြစတြေးလျ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံအပြီး ပြုလုပ်ခဲ့တဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် သြစတေးလျဝန်ကြီးချုပ် Tony Abbott တို့ Canberra တွင် တွေ့ဆုံစဉ် (နိုဝင်ဘာလ ၂၈၊ ၂၀၁၃)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် သြစတေးလျဝန်ကြီးချုပ် Tony Abbott တို့ Canberra တွင် တွေ့ဆုံစဉ် (နိုဝင်ဘာလ ၂၈၊ ၂၀၁၃)။

သြစတြေးလျ ဝန်ကြီးချုပ် ကလည်း မြန်မာနိုင်ငံ မှာ နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ လွတ်လပ်မျှတတဲ့ အခြေအနေတွေ ပေါ်ပေါက်အောင် ဖန်တီးနိုင်တဲ့ အခွင့်အလန်းတွေ ရှိနေတဲ့အတိုင်း အစိုးရက ဆောင်ရွက်ဖို့ ပြောဆိုသွားခဲ့တာပါ။

“ဖြစ်နိုင်တဲ့ နည်းလမ်းရှိတယ် ဆိုတာကတော့ ရှင်းပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့လည်း မြန်မာအစိုးရက နားလည်တယ်လို့ ယူဆပါတယ်။ သေချာတာကတော့၊ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက်ဖို့နဲ့ တန်းတူညီမျှ ယှဉ်ပြိုင်နိုင်အောင် ထင်သာမြင်သာ ဆောင်ရွက်ရပါလိမ့်မယ်။”

ပြင်ဆင်စရာတွေ အများအပြား ရှိနေတဲ့ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော်တွင်းက တာဝန်ရှိသူတွေ၊ သမ္မတတို့ တွေ့ဆုံဆွေးနွေးရေး အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက မကြာသေးခင်ကပဲ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ထောက်ခံကြဖို့ ဒေါ်အောင်ဆန်းစုကြည် ကတိုက်တွန်းနေသလို၊ NLD ပါတီကလည်း ပြည်တွင်းမှာ သဘောထား စစ်တမ်း ကောက်ယူတဲ့ အစီအစဉ်တွေကို လုပ်ဆောင်နေတာပါ။

ကြာသပတေးနေ့ အစောပိုင်းက ဆစ်ဒနီမြို့မှာရှိတဲ့ Lowy နိုင်ငံတကာ မူဝါဒရေးရာဌာနက ကမကထလုပ် ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲ အတွင်းမှာတော့ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အလားအလာတွေနဲ့ ပတ်သက်လို့ အားတက်စရာ မျှော်လင့်ချက်တွေ ရှိနေတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုသွားပါတယ်။

“အလားအလာတွေ ကောင်းတယ်လို့ ကျမပြောရတာကတော့ လူထုအများစုက ဒီကိစ္စနဲ့ ပတ်သက်လို့ ပိုပြီးနားလည် သဘောပေါက် လာကြသလို၊ ပြင်ဆင်ဖို့ကိုလည်း ပိုပြီးထောက်ခံလာကြတာကြောင့် ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတုန်းက လူထုဆန္ဒခံယူပွဲမှာ မဲပေးကြရတုန်းက အခြေခံဥပဒေထဲမှာ ဘာတွေ ပါတယ်ဆိုတာကို အများစုက မသိခဲ့ကြပါဘူး။

တကယ်တော့ တော်တော်များများက မဲတောင် မပေးခဲ့ကြပါဘူး။ ဒီလိုမဲတွေ မပေးခဲ့ပေးမယ့်လည်း နောက်ဆုံးမှာ မဲတွေကို တွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အများစုရဲ့ ထောက်ခံမှုတွေ အနှေးနဲ့အမြန် ကျမတို့ ပြင်စရာရှိတာတွေ ပြင်နိုင်မယ် လို့လည်း ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း ကျမတလျှောက်လုံး ပြောသလို မြန်မြန်ဖြစ်တယ်ဆိုရင်တော့ ပိုကောင်းပါတယ်။”


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ခရီးစဉ် အတွင်းမှာတော့ အစိုးရထိပ်တန်း တာဝန်ရှိသူတွေနဲ့ သာမက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာပါ။

သီတင်းတပတ်ကြာ ခရီးစဉ်အတွင်းမှာတော့ ဆစ်ဒနီ၊ ကင်ဘာရာနဲ့ မယ်လ်ဘုန်းမြို့တွေကိုပါ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာမှာ သြစတြေးလျရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက် တခုအဖြစ် ကုလသမဂ္ဂက ကြီးမှူးကျင်းပမယ့် နိုင်ငံတကာ HIV/AIDS ညီလာခံမှာလည်း မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန် အဖြစ်နဲ့ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG