အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျနိုင်ငံ ခရီးစဉ် တတိယနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ သြစတြေးလျ အမျိုးသား တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူခဲ့ပါတယ်။ ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံရယူတဲ့ အခမ်းအနား အတွင်းမှာတော့ မတူကွဲပြားမှုတွေနဲ့ ပေါင်းစပ်ထားတဲ့ သြစတြေးလျနိုင်ငံရဲ့ ထူးခြားမှုတွေဟာ စံနမူနာယူသင့်တဲ့အကြောင်း ချီးကျူးစကား ပြောဆိုခဲ့တာပါ ဒေါ်အောင်ဆန်းစုကြည် ရဲ့သြစတြေးလျ ခရီးစဉ် နောက်ဆုံး အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။
ခရီးစဉ် တစိတ်တပိုင်းအဖြစ် အစိုးရရုံးစိုက်ရာ ကင်ဘာရာမြို့ မှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျ အမျိုးသား တက္ကသိုလ် (ANU) က အမြင့်ဆုံးဖြစ်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ လူမှုအသိုင်းအ၀ိုင်းအတွက် စွမ်းဆောင် ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကိုတော့ ANU တက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ Gareth Evans က ပေးအပ်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ကြိုးပမ်းမှုတွေ ဟာ မြန်မာနိုင်ငံသားတွေ အတွက် သာမက ကမ္ဘာတ၀ှမ်းကိုပါ ရိုက်ခတ်ခဲ့သလို၊ ငြိမ်းချမ်းသာယာပြီး တရားမျှတတဲ့ ကမ္ဘာကြီးတခု ဖြစ်လာအောင် ကြိုးစားခဲ့သူ တဦးအဖြစ်နဲ့လည်း ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ANU တက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ Evans ကပြောဆိုခဲ့တာပါ။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကာလကြာရှည် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ရည်စူးပြီး ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့်ရတာ ဖြစ်တယ် လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကတော့ မတူညီတဲ့ လူမျိုးတွေ၊ ယဉ်ကျေးမှုတွေ အတူတကွ နေထိုင်ကြတဲ့ သြစတြေးလျနိုင်ငံဟာ စံနမူနာ ယူသင့်တဲ့ ထူးခြားမှုတခု အဖြစ်နဲ့ ဆုလက်ခံရယူတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားတာပါ။
“မတူညီတဲ့ စံတန်ဘိုးတွေ၊ မတူညီတဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေကို သြစတြေးလျ နိုင်ငံသားတွေက လက်ခံကြပြီး၊ ဒါတွေအားလုံးကိုလည်း အတူတကွ ပေါင်းစည်းပြီး၊ သြစတြေးလျ ရယ်လို့ ထူးထူးခြားခြား ဖန်တီးနိုင်စွမ်း ရှိတာကို ဒီကနေ့ ကျမအနေနဲ့ အားရကျေနပ်မိတယ်လို့ပဲ ပြောချင်ပါတယ်။”
ကမ္ဘာပေါ်မှာ အသေးဆုံး တိုက်ကြီးတခုဖြစ်တဲ့ သြစတြေးလျဟာ နိုင်ငံအားဖြင့် ဆဋ္ဌမမြောက် အကြီးဆုံးဖြစ်ပြီး၊ လူမျိုးပေါင်းစုံ ရောထွေး နေထိုင်မှု အများဆုံး တိုင်းပြည်တွေထဲက တခုလည်း ဖြစ်ပါတယ်။ လူဦးရေ ၂၂ သန်းလောက်ရှိတဲ့ သြစတြေးလျ နိုင်ငံမှာ လူ ၄ ယောက်မှာ ၁ ယောက်ဟာ သြစတြေးလျတိုက် ပြင်ပက ရောက်လာကြသူတွေပါ။
၁၇၇၈ ခုနှစ်က ဗြိတိသျှ နယ်ချဲ့တွေ ရောက်မလာခင် ကတည်းက ရှိနှင့်ပြီးသားဖြစ်တဲ့ ဌာနေတိုင်းရင်းသားတွေ အပါအ၀င် ဒီကနေ့ခေတ်မှာတော့ လူမျိုးနွယ်တွေ၊ အုပ်စုတွေ ခန့်မှန်းချေ ၅၀၀ လောက် ရှိပါတယ်။ ဒါပေမဲ့လည်း ဥရောပက အခြေချသူတွေ အများစု နေထိုင်လာကြတဲ့ သြစတြေးလျဟာ ဒီကနေ့ခေတ်မှာတော့ စီးပွားရေး အင်အားနဲ့ သြဇာ အရှိန်အ၀ါတွေ ခေါင်းထောင် လာနေတဲ့ အာရှနိုင်ငံတွေနဲ့ နီးစပ်လိုတဲ့ သဘောထားတွေလည်း ပိုမိုကြီးထွားလာနေတာပါ။
ဒေါ်အောင်ဆန်းစုကြည် ကတော့ အရှေ့တိုင်းနဲ့ အနောက်တိုင်း ပေါင်းစပ်ထားတဲ့ သြစတြေးလျနိုင်ငံရဲ့ ဂုဏ်အင်္ဂါကို ထိန်းသိမ်းဖို့က ပိုအရေးကြီးတယ်လို့ ANU တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံရယူတဲ့ အခန်းအနားအတွင်း ပြောသွားပါတယ်။
“အာရှတိုက်သားတွေချည်းပဲ ဖြစ်စရာမလိုပါဘူး။ ဒီကနေ့ခေတ် သြစတြေးလျမှာက တချိန်ကလို အာရှပုံစံမျိုး ဇာတ်သွင်းနိုင်အောင် ကြိုးစားချင်ကြတာတွေ ခေတ်စားနေတယ် ဆိုတာကို ကျမနားလည်ပါတယ်။ တကယ်တော့ အရှေ့နဲ့ အနောက် သူများနဲ့မတူအောင် ပေါင်းစပ်ထားတဲ့အတွက် သြစတြေးလျနိုင်ငံက ထူးခြားနေတာပါ။ ဒီလို ထူးခြားမှုမျိုးကိုလည်း ဆက်ထိန်းထားကြပါ။”
ဒေါ်အောင်ဆန်းစုကြည် ရဲ့ သောကြာနေ့က ကင်ဘာရာခရီးစဉ် အတွင်းမှာတော့ အစိုးရအိမ်တော်မှာ ဘုရင်ခံချုပ် Quentin Bryce နဲ့လည်း နေ့လည်စာစားရင်း တွေ့ဆုံတာပါ။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ခရီးစဉ် အတွင်းမှာတော့ ဆစ်ဒနီ၊ ကင်ဘာရာနဲ့ မယ်လ်ဘုန်းမြို့တွေကို သွားရောက်ပြီး အစိုးရထိပ်တန်း တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံနေတာ ဖြစ်ပါတယ်။
သီတင်းတပတ်နီးပါးကြာ ခရီးစဉ်အတွင်းမှာတော့ သြစတြေးလျရောက် မြန်မာနိုင်ငံသားတွေနဲ့ လည်း တွေ့ဆုံနေတာဖြစ်ပြီး သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက် တခုအဖြစ် ကုလသမဂ္ဂက ကြီးမှူးကျင်းပမယ့် နိုင်ငံတကာ HIV/AIDS ညီလာခံမှာလည်း မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန် တဦးအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။