သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူခရီးစဉ် စတင်


ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူဒုတိယ နိုင်ငံခြားရေးဝန်ကြီး Grace Fu (ဓာတ်ပုံ စင်ကာပူ နိုင်ငံခြားရေးရုံး)
ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူဒုတိယ နိုင်ငံခြားရေးဝန်ကြီး Grace Fu (ဓာတ်ပုံ စင်ကာပူ နိုင်ငံခြားရေးရုံး)
စင်္ကာပူနိုင်ငံမှာ ၄ ရက်ကြာခရီးစဉ်တစ်ခုနဲ့ ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံဆီ ရောက်တဲ့နေ့မှာပဲ စင်္ကာပူ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပထမဆုံးအကြိမ် သွားရောက်တဲ့ အခုခရီးစဉ်အတွင်း လက်ရှိဝန်ကြီးချုပ်အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေ၊ လွှတ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို စင်္ကာပူရောက် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လာတဲ့အတွက် စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေမှာ ဘယ်လို မျှော်လင့်ချက်တွေရှိနေသလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အောက်လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ခေရှန်မာဂန် (K Shanmugam) တို့ရဲ့ ဖိတ်ကြားမှုနဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းမှာ စင်္ကာပူနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ နေအိမ်အကျယ်ချုပ် လွတ်မြောက်လာပြီး ကတည်းက ပထမဆုံးအကြိမ်သွားရောက်တဲ့ ဒီ စင်္ကာပူနိုင်ငံ ခရီးစဉ်အစဖြစ်တဲ့ သောကြာနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Grace Fu နဲ့ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုအတွင်း ဝန်ကြီး Fu က စင်္ကာပူနဲ့ မြန်မာနိုင်ငံကြား ကာလကြာရှည် တည်ရှိနေတဲ့ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဆက်လက် အားပေးသွားမှာဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အပြန်အလှန် အမြင်ချင်း ဖလှယ်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ် ဆောင်ရွက်နေရတဲ့ အတွေ့အကြုံတွေ ပြီးတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ကာလမှာ မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ စိန်ခေါ်ချက်တွေကိုလည်း ပြောဆိုခဲ့ကြတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပြီး ဒီအဖွဲ့ကနေ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ စင်္ကာပူနိုင်ငံကို ဝင်ရောက်လာအောင် ဆွဲဆောင်ဖို့ ဖန်တီးခဲ့ရတာတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ - စင်္ကာပူဝန်ကြီးချုပ် လီရှောင်လွန်း (Lee Hsien Loong) တက်ရောက်မိန့်ခွန်းပြောကြားမယ့် စင်္ကာပူထိပ်သီးညီလာခံ ညစာစားပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလို ပထမဆုံးအကြိမ် စင်္ကာပူကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တင်းကျပ်တဲ့ စင်္ကာပူနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ စင်္ကာပူရောက် မြန်မာတွေ ကြိုဆိုခဲ့ကြတာနဲ့ပတ်သက်ပြီးတော့ -

“မြင်ကွင်းက တော်တော်များများက ပျော်နေကြတယ်။ အနည်းဆုံး ၁၅၀ လောက်တော့ ရှိလိမ့်မယ်ထင်တယ်။ ကျနော့်ရဲ့ အမေလို့ တော်တဲ့ သူတယောက်ဆိုရင်လည်း ၆၉၊ ၇၀ ရှိနေပြီ။ လာကြိုကြတယ်။ ကလေးလေးတွေကအစ ဒေါ်အောင်ဆန်းစုကြည် ပုံလေးတွေ ကိုင်ထားတယ်။ နောက် ကျနော်တို့ စာရွက်စာတမ်းတွေက အကြီးကြီးမဟုတ်ပါဘူး။ စင်္ကာပူရဲ့ ဥပဒေအရ တအား တင်းကျပ်ထားတော့ သေးသေးလေးပါ။ We Love Amay Suu/ နောက် We Love DASSK ပေ့ါ အဲ့လောက်ပါပဲ။ သူကလည်း မှန်တံခါးလေးချပြီး လက်ပြသွားပါတယ်။ ကျနော်တို့က အဲ့လိုလေး ကြိုရရင်လေးကို ကျေနပ်နေကြတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုစိုင်းသီဟ ပြောသွားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ရဲ့ခရီးစဉ် ဒုတိယမြောက်နေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ကျရင်တော့ စင်္ကာပူထိပ်သီးညီလာခံမှာ “မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှု” နဲ့ပတ်သက်လို့ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေကတော့ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ လူထုခေါင်းဆောင်တစ်ဦးအနေနဲ့ အခုလို စင်္ကာပူကို လာရောက်တဲ့အတွက် စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေ နေထိုင်ရတဲ့ အခြေအနေအပေါ် သက်ရောက်မှုရှိမယ်လို့ အကောင်းမြင် မျှော်လင့်နေကြတာပါ။ တနင်္ဂနွေနေ့မှာတော့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာဖြစ်ပြီး ဒီတွေ့ဆုံပွဲအတွက် လူဦးရေ ၅၀၀၀ ဆန့်တဲ့ ခန်းမမှာ ကျင်းပဖို့ ပြင်ဆင်ထားသလိုပါတယ်။ ဒီတွေ့ဆုံပွဲကို တက်ရောက်လိုသူတွေအနေနဲ့ လက်မှတ်ဝယ်ယူရမှာဖြစ်ပြီး ဒီလက်မှတ်တွေကို စင်္ကာပူနဲ့ Myanmar Club တို့က စီစဉ်ရောင်းချနေတာဖြစ်တယ်လို့ တွေ့ဆုံပွဲကိုတက်ရောက်မယ့် ကိုစိုင်းသီဟက ဆက်ပြောပြပါတယ်။

“ကျနော်တို့က အစောကြီးကတည်းက လက်မှတ်ဝယ်ထားပြီးသားပါ။ မျှော်လင့်ချက်တွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ အခု လောလောဆယ် ကျနော်တို့ မျှော်လင့်တာကတော့ ကျနော်တို့ဘဝတွေကို အခု နိုင်ငံခြားမှာ အလုပ်ထွက်လုပ်နေရတဲ့ ကျနော်တို့ဘဝတွေကို ပြန်ပြီးတော့ အခြေချဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်တယောက်ပဲ ကူညီနိုင်လိမ့်မယ်လို့ပဲ အဲ့လိုပဲ မျှော်လင့်ပါတယ်။ သူ ထိုင်းကို သွားတုန်းကလည်း နည်းနည်းပြောင်းလဲလာတယ်။ အခုလည်း ဒီမှာရှိတဲ့လူတွေ တော်တော်များများ ပြောင်းလဲသွားလိမ့်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ မလာခင်ကတည်းက စင်္ကာပူမှာရှိတဲ့ လူတွေက အရင်တုန်းက ဆက်ဆံတာနဲ့ အခု ဆက်ဆံတာ တော်တော်ကို ကွာခြားလာပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီတနင်္ဂနွေနေ့မှာပဲ စင်ကာပူ စီမံခန့်ခွဲရေး တက္ကသိုလ် (Singapore Management University) မှာ - “ခေါင်းဆောင်မှု၏ စိတ်အမြင်အတွေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ စင်ကာပူနိုင်ငံခရီးစဉ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့မှာတော့ စင်္ကာပူလွှတ်တော်ကို သွားရောက် လည်ပတ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဟာလီမာ ယာကော့ (Haliamah Yacob) နဲ့တွေ့ဆုံဖို့ရှိသလို၊ စင်္ကာပူသမ္မတ ဒေါက်တာ တိုနီ တန် ခန် ယမ်း (Tony Tan Keng Yam)၊ ပြီးတော့ စင်္ကာပူဝန်ကြီးချုပ် လီရှောင်လွန်း တို့အပါအဝင် စင်္ကာပူ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး ဂိုခြောက်ထောင်နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
အင်္ဂါနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၄ ရက်ကြာ စင်္ကာပူနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ ဒီစင်္ကာပူခရီးစဉ်မတိုင်ခင်မှာတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ ပိုလန်၊ ဟန်ဂေရီ နဲ့ ချက်သမ္မတနိုင်ငံတွေဆီကို သွားရောက်ခဲ့တာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG