သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအရေး ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်


တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ စစ်အစိုးရကြား မပြေမလည် ဖြစ်နေတာကို ကြားသိရတဲ့ အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စနေနေ့ နေ့လယ်ပိုင်းက သူ့ရဲ့ အကျိုးဆောင်ရှေ့နေ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် စစ်အစိုးရက အဓမ္မ ဖိအားပေး လုပ်ဆောင်နေတဲ့အပေါ် ငြိမ်းအဖွဲ့လို့ခေါ်တဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က လက်မခံတဲ့အတွက် အဲဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အစိုးရကြား တင်းမာမှုတွေ ဖြစ်နေတဲ့အပေါ် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

“တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေ အဲဒီအဖွဲ့တွေဟာ အစိုးရနဲ့ မကျေမလည် ဖြစ်တာတွေ၊ ဒီသတင်းကို မီဒီယာတွေကနေ သူကြားတယ်။ သူကတော့ ဒါကို စိတ်မကောင်းဘူးတဲ့။ ဒီကိစ္စတွေဟာ နိုင်ငံရေးအရ ဖြေရှင်းမှသာ ရေရှည်အကျိုးရှိမယ်လို့ အဲဒီလို ပြောပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲကာလအတွင်း မဲပေးတဲ့နေရာတွေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ကိုက်ညီခြင်းရှိမရှိ ပြည်သူအများစု သိရှိလာအောင် လုပ်ဆောင်ပေးဖို့ တာရှိဝန်ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“နောက်တခုက ရွေးကောက်ပွဲ ကျင်းပတဲ့ကာလမှာ မဲပေးတာတွေက တရားဥပဒေနဲ့ ကိုက်ညီခြင်း ရှိမရှိ၊ ဒါတွေ ဥပဒေမှာက ဘယ်လိုပါတယ်၊ ဘယ်လို ပြဋ္ဌာန်းချက်တွေ ရှိတယ် ဆိုတာ ပြည်သူအများ သိဖို့လိုတယ်တဲ့။ အဲဒီတော့ ကိုယ့်အဖွဲ့အစည်း အနေနဲ့ ကိုယ်တတ်နိုင်သမျှ ဒါကို လုပ်ဖို့လိုပါတယ်တဲ့။ ရွေးကောက်ပွဲ ဝင်တဲ့ပါတီတွေက ပိုပြီးတော့တောင် တာဝန်ရှိပါတယ်လို့ အဲဒီလို ပြောပါတယ်။”

ကြိုတင်ဆန္ဒမဲတွေ ကောက်ယူပြီး အာဏာပိုင်တွေဖက်က အတင်းအကျပ် မဲပေးခိုင်းနေတဲ့ ကိစ္စဟာလည်း တရားမျှတမှု မရှိဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“လက်ရှိပြဌာန်းပြီးသား ဥပဒေထဲက တချို့အချက်တွေ၊ ဥပမာအားဖြင့်ဗျာ ကြိုတင်ဆန္ဒမဲ သတင်းတွေက ဖြစ်ဖြစ်နေတယ်။ ကြိုတင်ဆန္ဒမဲနဲ့ မမှန်တာလုပ်တယ်ပေါ့ဗျာ။ ကျနော်တို့ သိပ်တော့မသိပါဘူး။ အဲဒီတော့ ကြိုတင်ဆန္ဒမဲဆိုတောင်မှ အဲဒါက အဲဒီမဲပေးမယ့်ပုဂ္ဂိုလ်က မဲပေးလိုမှ ပေးလို့ရတယ်ဆိုတာ ဥပဒေမှာ တခါတည်းပါတယ်ဗျာ။ အဲဒါတွေကို ပြည်သူတွေ သိဖို့လိုတယ်တဲ့။ ခုနကလို အိမ်လာပြီး မဲပေးလိုက်ပါဆိုပြီး ဒီလို ပြောခွင့်မရှိဘူး။ ဒါမျိုးတွေကို ပြည်သူတွေ သိဖို့လိုတယ်လို့ နမူနာအားဖြင့် ပြောတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်၊ NLD ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ တရားမျှတမှု မရှိတဲ့အချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတမှု မရှိတဲ့ အချက်တွေကို ပြည်သူတွေ သိရှိနိုင်ဖို့ တတ်နိုင်သလောက် ဥပဒေ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း၊ အဲဒီလို မသိဘဲနဲ့ မဲဆန္ဒရှင်တွေက မဲပေးရင် အဓိပ္ပာယ်မရှိနိုင်ဘူးလို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့တုန်းကပဲ ဦးဉာဏ်ဝင်းကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

NLD ကတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့အတွက် တရားဝင် ထုတ်ဖော် ပြောဆို ထားပြီးဖြစ်ပါတယ်။

ဦးဉာဏ်ဝင်းနဲ့အတူ တခြား အကျိုးဆောင် ရှေ့နေတွေဖြစ်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ နှစ်ယောက်ဟာလည်း စနေနေ့ နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG