သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြီး ၄ ကြီး ဆွေးနွေး အဖြေရှာဖို့ ဒေါ်စုလိုလား


ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သတင်းမီဒီယာများ အားတွေ့ဆုံ။ သတင်းဓာတ်ပုံ NLD Chairperson
ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သတင်းမီဒီယာများ အားတွေ့ဆုံ။ သတင်းဓာတ်ပုံ NLD Chairperson

မြန်မာ့နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေးနဲ့သာ အဖြေရှာနိုင်မယ်လို့ မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လွှတ်တော်တွင်းက မဲအချိုးကျ ကိုယ်စားပြုစနစ်နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့သလို အစိုးရဟာ ဗဟိုချုပ်ကိုင်မှု ကြီးထွားနေဆဲပဲ လို့ ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ လွှတ်တော်ဝင်း အဆောက်အအုံ အတွင်း မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းထောက်တွေ နဲ့ တွေ့ဆုံမှု အခြေအနေ အရပ်ရပ်ကို မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

ဒီကနေ့ ညနေပိုင်းမှာဘဲ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်တွေကို လွှတ်တော်ဝင်း အတွင်းက အိုင် ၁၂ အဆောက်အအုံမှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေး အခက်အခဲတွေ အားလုံး ပြေလည်စေအောင် လို့ကတော့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့သာ အဖြေရှာနိုင်မှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

"နိုင်ငံတစ်နိုင်ငံရဲ့ပြဿနာတွေကို နောက်ဆုံးကျတော့ ဘယ်လိုဘက်ကနေ လှည့်ပတ် ကွေ့ကောက်ပြီးတော့ပဲ ပြောပြော၊ ဆွေးနွေးတိုင်ပင်ပြီးတော့ ညှိနှိုင်းပြီးတော့ မညှိနှိုင်းပဲနဲ့ ဘယ်တော့မှ သဘောတူညီချက် မရဘူး။ အဲ့သလိုဆွေးနွေး ညှိနှိုင်းတိုင်ပင်ပြီးတော့ ရလာတဲ့ သဘောတူညီချက်အရသာ နို်င်ငံ တစ်နိုင်ငံမှာ တကယ့် ပြန်လည်ရင်ကြားစေ့ရေးနဲ့ တကယ့် ပဋိပက္ခများ ပြေငြိမ်းရေး ကို လုပ်နိုင်မယ်။ ဒါဟာ အတွေ့အကြုံ အရပြောနေတာ။ စိတ်ကူးယဉ်ပြီး ပြောနေတာ မဟုတ်ဘူး။ အဲ့တော့ မျှော်လင့်ချက် ရှိသလား ရှိတယ်။ အဲ့ဒီ့ အဓိက မျှော်လင့်ချက်က ဘာလဲ၊ အခုဖြစ်နေတဲ့ပြဿနာတွေ စိုးရိမ်မှုတွေကို စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ စားပွဲလေးထောင့် လည်း ရပါတယ်။ လေးပွင့်ဆိုင်ဆိုတော့ လေးထောင့်က ပိုအဆင်ပြေလည်း ပြေမှာပေါ့။ အဲ့ဒီ့တော့ ဝိုင်းထိုင်ပြီးတော့ ဆွေးနွေးပြီးတော့ ညှိနှိုင်းပြီးတော့ အပေးအယူလုပ်ပြီးတော့ အဖြေရှာတဲ့နည်းဟာ တကယ့်ပြည်သူ အတွက် မျှော်လင့်ချက်ပဲ။ ပြည်သူတွေလည်း သဘောကျမှာပဲ။"

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအဝင် နိုင်ငံရေး ပြဿနာတွေကို သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ဖို့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ၂၀၁၃ နှစ်ကုန်ပိုင်း ကတည်းက တောင်းဆိုခဲ့ပေမယ့် မအောင်မြင်သေး ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အရင် စစ်အစိုးရ လက်ထက် ကတည်းက တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့ပေမယ့် မအောင်မြင်သေးတဲ့ အခြေအနေကို ထောက်ပြပြီး တွေ့ဆုံဆွေးနွေးရေး မလုပ်နိုင်တဲ့ စိတ်ဓာတ်အပေါ်မှာ နားမလည်နိုင် ဖြစ်ရတယ်လို့လည်း ပြောဆိုခဲ့တာပါ။

တခါ အခု ပြည်သူ့လွှတ်တော်မှာ ကော်မရှင်ဖွဲ့ လုပ်ကိုင်နေတဲ့ မဲအချိုးကျ ကိုယ်စားပြု စနစ်နဲ့ ပတ်သက်ပြီးလည်း အခုလို ပြောပါတယ်။

" တခြား PR သုံးတဲ့နိုင်ငံတွေ ကြည့်လိုက်လို့ရှိရင် PR ကြောင့်မို့လို့ အမျိုးသား ရင်ကြားစေ့ရေး ရသွားတယ်ဆိုတာ တခါမှ မကြားဖူးဘူး။ PRပဲဖြစ်ဖြစ် တခြား ဘာစနစ်ပဲဖြစ်ဖြစ် ဆွေးနွေးညှိနှိုင်းပြီး တိုင်ပင်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေး တိုင်းပြည်ရဲ့ တည်ငြိမ်ရေး အတွက် တိုးတက်ရေးအတွက် ဒီမိုကရေစီ ထွန်းကားရေး အတွက် လိုအပ်တဲ့ ခြေလှမ်းတွေ ဆိုပြီး သတ်မှတ်လိုက်တဲ့ အထဲမှာ ရွေးကောက်ပွဲ စနစ်တွေလည်း ပါသွားတယ်။ အဲ့တာကတော့ သူ့နိုင်ငံ၊ သူ့နိုင်ငံနဲ့ သင့်တော်တဲ့ စနစ်တွေပေါ့။ တနိုင်ငံနဲ့ တနိုင်ငံလည်း တူတာမဟုတ်ပါဘူး။"

ဒါ့အပြင် လက်ရှိ အစိုးရဟာ ဗဟိုချုပ်ကိုင်မှု များလွန်းတယ်လို့လည်း မှတ်ချက်ပေး ပါတယ်။

"အုပ်ချုူပ်ရေးပိုင်း ဆိုင်ရာ ကတော့ ကျမတို့အတွက် ခန ခန ပြောပါတယ်။ ဗဟိုဦးစီး စနစ် က မပျောက်သေးပါဘူး။ ဗဟိုက အာဏာက အင်မတန် များလွန်းတယ်။ အခုထက်ထိလည်း ဗဟိုရဲ့ဆုံးဖြတ်ချက် တွေနဲ့ပဲ လုပ်ထားတာက များတာပါပဲ။ နောက် ဥပဒေပြု တာကတော့ ဥပဒေပြု မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်နှစ်ရပ် က တိုးတက်လာတယ် ဆိုတာကတော့ ကျမတို့က ဒီလွှတ်တော်ထဲမှာ ပါဝင်လို့ပြောတာမဟုတ်ပါဘူး။ အခုဒီမှာ မီဒီယာတွေလည်း သိမှာပါ။ အရင်တုန်းက ရောက်လာတုန်းက ၂၀၁၁ ဦးပိုင်းမှာ မီဒီယာတွေ ဒီကိုလာတုန်းက ဘယ်လိုပုံစံရှိတယ်။ အခုဘယ်လိုပုံစံရှိတယ် ကွာခြားမှုတွေရှိတယ်ဆိုတာတော့ ကျမတို့ ငြင်းလို့မရပါဘူး။"

တချိန်တည်းမှာဘဲ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ရေဒီယိုကနေ မိန့်ခွန်းပြောတာမှာ သူ့အစိုးရ လက်ထက် မအောင်မြင်ခဲ့တဲ့ အခြေအနေတွေ ရှိနေသေးတဲ့ အကြောင်း ဝန်ခံခဲ့တာပါ။ တခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခြေခံ ပြင်ဆင်ရေး လူထုလက်မှတ် ကောက်ခံမှုမှာလည်း ပါတီက မျှော်လင့်ထားတဲ့ အတိုင်း လက်မှတ်ပေါင်း ၅ သန်းနီးပါး ကောက်ယူရရှိခဲ့ပြီး ဒါဟာဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ ပမာဏအကြီးဆုံး လွတ်လပ်တဲ့ လူထု ဆန္ဒ ကောက်ယူမှု လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

"ကျမတို့ လုပ်တဲ့မဲက လျှို့ဝှက်မဲ မဟုတ်ဘူး။ လျှို့ဝှက်မဲ မဟုတ်တော့ မလုပ်ရဲတဲ့ သူတွေ ရှိတယ်။ ဝန်ထမ်းတွေက မလုပ်ရဘူးဆိုပြီး ပြောခံရတဲ့ ဝန်ထမ်းတွေလည်း ရှိတယ်။ စသည်ဖြင့် စသည်ဖြင့် နောက်ပြီးတော့ ခက်တယ်လေ။ သူက မဲရုံတွေ ထောင်ထားတာ မဟုတ်ဘူး။ တချို့နေရာတွေဆို တကယ် စိတ်ပါဝင်စားတဲ့ သူတွေက စိတ်ရှိတဲ့ သူတွေက ဘယ်နေရာသွားပြီး လက်မှတ်ထိုးရမလဲ ဆိုပြီးတော့ စုံစမ်းပြီးတော့ သွားထိုးရတဲ့ဟာတွေလည်း ရှိတယ်။ အဲတော့ အခြေအနေခြင်းက လုံး၀ မတူပါဘူး။ သို့သော်လည်း ကျမက ရဲရဲဝံ့ဝံ့ပြောရဲတာ တခုကတော့ ရှိပါတယ်။ ဒီနိုင်ငံရဲ့ သမိုင်းမှာ ဒီလို လူ ၅ သန်းကျော်ကနေပြီးတော့ ကိစ္စ တခုကို လက်မှတ်ထိုးပြီးတော့ မိမိတို့ရဲ့ ဆန္ဒ အရ ပွင့်ပွင့်လင်းလင်း လျို့ဝှက်မဟုတ်ဘဲနဲ့ လက်မှတ်ထိုးပြီး ထောက်ခံခဲ့တယ်ဆိုတာ တခါမှ မရှိဖူးဘူး။ ဒါ ဒီနိုင်ငံမှာ ပထမ ဦးဆုံးပဲ ။"

မြန်မာနိုင်ငံရေး ဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားတာမှာတော့ မြန်မာ လူထုရဲ့ နိုင်ငံရေး အသိအမြင်တိုးလာတယ်လို့ ရှုမြင်တဲ့ အကြောင်း၊ ဒါပေမယ့် လူထုရဲ့ လိုအပ်ချက် အခြေခံ စားဝတ်နေရေး အလုပ်အကိုင် တို့နဲ့ ပတ်သက်လို့တော့ တိုးတက်လာတာ မရှိလို့ ပြည်သူတွေ စိတ်ပျက် လက်ပျက် ဖြစ်ကြရတာကိုလည်း နားလည် သဘောပေါက်ထားတဲ့ အကြောင်း ဖြေကြားခဲ့ပြီး ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီး ပြောကြားခဲ့တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး လုပ်ကိုင်နိုင်တဲ့ အခြေအနေ ယုတ်လျော့သွားသလား ဆိုတဲ့ မေးခွန်းကိုလည်း ပြန်လည် ထောက်ပြ ပြောဆို သွားကြောင်းပါ။

XS
SM
MD
LG