သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ထမ်းတွေ လူထုစည်းဝေးပွဲ မသွားဖို့ တားမြစ်မှု ဒေါ်စုဝေဖန်


ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ဟားခါးမြို့ရောက်ရှိ။ (သတင်းဓာတ်ပုံ- NLD Chair Person FB)
ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ဟားခါးမြို့ရောက်ရှိ။ (သတင်းဓာတ်ပုံ- NLD Chair Person FB)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ် ဟားခါးမြို့ခရီးစဉ်မှာ ဌာနဆိုင်ရာအကြီးအကဲတွေက သူတို့ရဲ့ ဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် မကြိုဆိုဖို့နဲ့ လူထုတွေ့ဆုံပွဲကို မတက်ရောက်ဖို့အတွက် ညွှန်ကြားခဲ့တယ် လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒီကနေ့ မနက်က ကျင်းပတဲ့ ဟားခါးမြို့ လူထုတွေ့ဆုံပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ညွှန်ကြားတာဟာ လူအခွင့်အရေးချိုးဖောက်တာဖြစ်ပြီး လွှတ်တော်မှာ တင်ပြအရေးယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဟောပြောဖို့နဲ့ လူထုသဘောထား ရယူဖို့အတွက် ချင်းပြည်နယ်ကို သွားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ မနေ့ညနေ ၅နာရီလောက်က ဟားခါးမြို့ကို ရောက်ရှိခဲ့ပြီး ဒီကနေ့ မနက် ၈နာရီကနေ ၁၀နာရီအထိ ဟားခါးမြို့အားကစားကွင်းမှာ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဟားခါးမြို့ခရီးစဉ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် မကြိုဆိုဖို့နဲ့ လူထုတွေ့ဆုံပွဲကို မတက်ရောက်ဖို့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေက ညွှန်ကြားခဲ့ကြောင်းကို ဒေသခံတယောက်က အခုလို ပြောပါတယ်။

"မနေ့က ဝန်ထမ်းတယောက်က ကျနော့်ကိုပြောတယ်။ သူက ကျောင်းဆရာမပေါ့။ သူတို့ကျောင်းဆရာတွေဆီကို ဖုန်းဆက်တယ်။ ဖုန်းလာတယ်။ ဝန်ထမ်းတွေပေါ့။ လူထုရဲ့ကြိုဆိုပွဲနဲ့ စကားပြောတဲ့ တွေ့ဆုံပွဲမှာ မသွားရဘူး။ ဝန်ထမ်းတွေမှာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း ရှိတယ်။ နိုင်ငံရေးနဲ့မပါတ်သက်ရဘူး။ မသွားရဘူး။ သွားလို့ရှိရင်အရေးယူမှာပေါ့။ အဲ့လိုပြောတယ်။"

ဒီလိုတားမြစ်ထားတဲ့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေကို လွှတ်တော်အထိ တင်ပြပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်လည်းဖြစ်၊ ဟားခါးခရိုင်ဥက္ကဌလည်းဖြစ်တဲ့ ဦးဝှက်ချွန်းက ပြောပါတယ်။

" ဝန်ထမ်းတချို့က အခမ်းအနားမတက်ဘူး။ ဆွေးနွေးပွဲမသွားဘူး။ အထက်ကနေ တားတယ်ဆိုတဲ့ဟာကို သူကကြားတယ်။ အဲ့တာကိုကြားတဲ့အတွက် ဒါ အခြေခံဥပဒေ ရှင်းလင်းပွဲပဲ။ ပါတီနိုင်ငံရေးနဲ့ မဆိုင်ဘူး။ NLD ပါတီဝင်ပါလို့ စည်းရုံးတာမဟုတ်ဘူး။ အခြေခံဥပဒေအတွက်ပဲ။ အစိုးရ တာဝန်လည်းဖြစ်တယ်။ ဒါ NLD တာဝန်လည်းဖြစ်တယ်။ အထက်ကနေ တားတယ်ဆိုတဲ့ဥစ္စာက လူ့အခွင့်အရေး ပိတ်ဆို့တာပဲဖြစ်တယ်။ အဲ့တာကို သူစုံစမ်းပြီးမှ လွှတ်တော်အထိကို တက်မယ်။ အဲ့တာ အနှောင့်အယှက်ပေးတဲ့ ဌာနကို အတိအကျစာရင်းပေးပါ။ အရေးယူမယ်ဆိုပြီး သူအဲ့လိုပြောတယ်။"

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖလမ်းမြို့ကို ရောက်ရှိစဉ်မှာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို မကြိုဆိုဖို့၊ လူထုတွေ့ဆုံပွဲ ကိုလည်း ဌာနဆိုင်ရာဝန်ထမ်းတွေကို မတက်ရောက်ဖို့ တားမြစ်ခဲ့တယ်လို့ ဦးဝှက်ချွန်းက ပြောပါတယ်။

ဟားခါးမြို့မှာ ဒီလို တားမြစ်တာရှိ- မရှိနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ရှိသူတဦးက အခုလို ဖြေဆိုပါတယ်။

" မသိဘူးဗျ။ ကျနော်တို့ ဘာမှ မသိရဘူး။"

ဒီကနေ့ ဟားခါးမြို့မှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲကိုတော့ လူပရိတ်သတ် ၂ထောင်လောက် တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီခေါင်းဆောင် ဦးထွန်းထွန်းဟိန်၊ ဦးဌေးဦးတို့ကလည်း ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး လူထုသဘောထားကောက်ယူရာမှာ တက်ရောက်လာသူရဲ့ ၉၀ရာနှုန်းကျော်က ဖွဲ့စည်းပုံ အသစ်ရေးဆွဲရေး ထက် ပြင်ဆင်ရေး ကို ထောက်ခံကြောင်း လက်ထောင်ပြီး သဘောထား ထုတ်ဖော်ခဲ့ပါတယ်။
ဟားခါးလူထု တွေ့ဆုံပွဲပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကို ပြန်လည်ထွက်ခွာခဲ့ပြီး မနက်ဖြန်မှာတော့ ကလေးမြို့မှာ လူထုတွေ့ဆုံပွဲကျင်းပမှာ ဖြစ်ပါတယ်။
XS
SM
MD
LG