သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ ဖယ်ဒရယ်စနစ် ဒေါ်စု ရည်ညွှန်း


ဒေါ်အောင်ဆန်းစုကြည် တိုရန်တိုမြန်မာ မိသားစုတွေ နဲ့တွေ့ဆုံစဉ်။ သတင်းဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန။
ဒေါ်အောင်ဆန်းစုကြည် တိုရန်တိုမြန်မာ မိသားစုတွေ နဲ့တွေ့ဆုံစဉ်။ သတင်းဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန။

ကနေဒါနိုင်ငံ ဖယ်ဒရယ်စနစ်ကနေ မြန်မာနိုင်ငံအတွက် လေ့လာစရာတွေ အများကြီး ရှိနေကြောင်း တိုရန်တိုမြို့မှာ မနေ့ သောကြာနေ့က ပြုလုပ်တဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ တိုရန်တိုမြို့တော်ခန်းမမှာ ကျင်းပတဲ့ ဒီတွေ့ဆုံပွဲကို မြို့တော်ဝန် John Tory ကိုယ်တိုင် တက်ရောက်ပြီး ကြိုဆို အဖွင့်စကားပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ကနေဒါနိုင်ငံကို လာရတဲ့ အဓိကအကြောင်းအရင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

" ကျမတို့ဒီမှာ လာရတဲ့ အဓိက အကြောင်းရင်းကတော့ Forum of Federations အဖွဲ့ကနေပြီးတော့ ကျမတို့မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီသောအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်အကြောင်း ပိုမိုပြီးတော့ ကျမတို့နားလည်ရအောင်လို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။ လာတဲ့အဖွဲ့ထဲမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေပါတယ်။ ကျမတို့အစိုးရကိုယ်စားလှယ်တွေပါတယ်။ တပ်မတော် ကိုယ်စားလှယ်တွေ ပါပါတယ်။ ဆိုတော့ ဒီလိုလာတဲ့အခါမှာ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ခွင့်လည်းရတယ်။ နောက်ပြီးတော့ ကျမတို့အားလုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အကြောင်းလည်း ပိုပြီးတော့ သိလာရတယ်။"

ခိုင်မာနေပြီဖြစ်တဲ့ ကနေဒါ ဖယ်ဒရယ်စနစ်မှာ အခက်အခဲတွေ ဘယ်လိုကျော်ဖြတ်ခဲ့သလဲ ဆိုတာကို သူဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ လေ့လာခဲ့ကြောင်း တဆက်တည်း ပြောပါတယ်။

" ကနေဒါနိုင်ငံရဲ့ ဖက်ဒရယ်တည်ဆောက်မှုလမ်းကြောင်းဟာ ကျမတို့နိုင်ငံလောက် မခက်ခဲခဲ့ပေမဲ့လည်း အများကြီးပဲ ကျမတို့သင်ယူစရာတွေရှိခဲ့ပါတယ်။ နောက်ပြီးတော့ ကနေဒါနိုင်ငံဟာဆိုရင် ဖက်ဒရယ်ပြည်ထောင်စုတခုအနေနဲ့ ခိုင်မာသွားပြီဆိုတော့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ခဲ့ရလဲ ကျော်လွှားခဲ့ရလဲ နောက်ပြီးတော့ စိန်ခေါ်မှုတွေဟာ ဘယ်တော့မှ အဆုံးမရှိဘူးဆိုတာလည်း ကျမတို့နားလည်ဖို့လိုပါတယ်။"

ဒါ့အပြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ဦးဆောင်နေသူတဦးအနေနဲ့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အခြေအနေကိုလည်း ပြောပြသွားပါတယ်။

" အဲ့တော့ တချို့ကနေပြီးတော့ ကျမတို့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုတွေဟာ အခုထက်ထိ တိုးတက်မှုမရှိဘူးဆိုတာ. တိုးတက်မှုရှိတယ်ဆို တခါတလေလည်း ဆုတ်ယုတ်မှုရှိရမှာပဲ ရှေ့တိုးရင်း နောက်ဆုတ်ရင်း ရှေ့တိုးရင်း နောက်ဆုတ်ရင်းနဲ့ ကျမတို့လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားရမှာပဲ တခြားနိုင်ငံတွေရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကြည့်လိုက်လို့ရှိရင် ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ကြည့်လိုက်လို့ရှိရင် ဒီလိုပဲဆိုတာ မြင်ရပါလိမ့်မယ်။ တချို့နိုင်ငံတွေမှာဆိုရင် ဆယ်စုနှစ်ပေါင်းများစွာမက ရာစုနှစ်နဲ့ချီပြီးတော့တောင်မှ ငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းခဲ့ကြရတာပါပဲ။"

ဒါအပြင် သူရဲ့ပြည်ပခရီးစဉ်တိုင်း သက်ဆိုင်ရာနိုင်ငံရောက်နေတဲ့ မြန်မာမိသားစုတွေနဲ့ တတ်နိုင်သလောက်တွေ့ဆုံရာမှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ရှင်းပြပြီး အမေး၊ အဖြေ ပုံစံမျိုးနဲ့ ဆွေးနွေးပွဲ ထိရောက်မှုရှိအောင် ကြိုးပမ်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အထူးသဖြင့် NLD အစိုးရလက်ထက် နိုင်ငံရေးအရ အမည်မည်းစာရင်းထားရှိတာကို ပယ်ဖျက်ခဲ့ကြောင်းနဲ့ နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေအနေနဲ့ ပြည်ပရောက် မြန်မာတွေအတွက် ဗီဇာကိစ္စ အဆင်ပြေအောင် အထူးအလေးထားဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသွားပါတယ်။

" ကျမတို့ဟာ အမည်မည်းစာရင်း Blacklists လုပ်ထားတယ်ဆိုတာ အခုနိုင်ငံရေးအရ ကျမတို့မလုပ်တော့ပါဘူး။ ဗီဇာမပေးတာဟာ ကျမတို့သာမာန်ဗီဇာတွေပေးပါတယ်။ တချို့ ခဏ ခဏ ဝင်လိုက်ထွက်လိုက် Multiple Entry ကျတော့ သူ့ရဲ့အလုပ်ပေါ်မှာ မူတည်ပြီးတော့ ပေးပါတယ်။ တချို့ကျတော့ အင်တာပိုလ်ကနေပြီးတော့ သတ်မှတ်ထားတဲ့ အမည်မည်းစာရင်းမှာ သတ်မှတ်ထားတဲ့သူတွေစာရင်းမှာပါရင်တော့ ကျမတို့မပေးပါဘူး။ ကျန်တာကတော့ ဘယ်နိုင်ငံရေးလှုပ်ရှားမှုမှာပါခဲ့လို့ ဘယ်နိုင်ငံရေးပါတီနဲ့ဆက်သွယ်မှုရှိလို့ ဆိုပြီး မပေးတာတွေလည်း ကျမတို့ မရှိတော့ပါဘူး။"

NLD အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ နိုင်ငံတကာရောက်နေတဲ့ မြန်မာတွေကို ခွဲခြားမှုမရှိပဲ ကြိုဆိုလက်ခံဖို့နဲ့ အကာအကွယ်ပေးဖို့ အချက် ပါဝင်ကြောင်း ပြောပါတယ်။

"ကျမတို့အစိုးရသစ်ဖွဲ့လိုက်ကတည်းက နိုင်ငံခြားရေးရုံးမှာ မူဝါဒချပြီးသားပါ နိုင်ငံခြားရေးရုံးမှာ ရှိတဲ့သံတမန်များ၊ ကမ္ဘာတဝှမ်းမှာ ရှိတဲ့သံတမန်များ သံရုံးတွေ သံရုံးဝန်ထမ်းတွေရဲ့ အဓိက အလုပ်တခုဟာ ကျမတို့ရဲ့ပြည်သူပြည်သူတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ပါ။ ကျမတို့ပြည်သူပြည်သားဆိုတဲ့နေရာမှာ အရင်တုန်းက နိုင်ငံသားဖြစ်ခဲ့တယ် အခုတခြားနိုင်ငံသားဖြစ်သွားတယ်ဆိုတဲ့ခွဲခြားခြင်းမရှိပဲနဲ့ ကျမတို့ကနေပြီးတော့ ကိုယ့်ရဲ့မိသားစုသဖွယ် နွေးနွေးထွေးထွေးကြိုဆိုရမယ် လက်ခံရမယ် ဆက်သွယ်ရမယ်ဆိုတာကျမတို့မူဝါဒချပြီးသားပါ။ အဲ့ဒီ့ချပြီးသားအတိုင်းပဲ သံရုံးတွေကလုပ်နေပါတယ်။"

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုတွေတွေ့ဆုံချိန် မြို့တော်ခန်းမ အပြင်မှာတော့ ကချင်၊ ကရင်နဲ့ ရိုဟင်ဂျာ အဖွဲ့တွေက ဆန္ဒပြခဲ့ကြပါတယ်။

ဇွန်လ ၅-၉ ရက်နေ့ထိ ၅ ရက်ကြာ ကနေဒါခရီးစဉ်အပြီးမှာ ဆွီဒင်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ အော်ရိဘန် အာလင်းနဲ့ ဆွီဒင်ဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန်တို့ရဲ့ ဖိတ်ကြား ချက်နဲ့ ဆွီဒင်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဆက်လက် ထွက်ခွာသွားပါတယ်။ ဇွန်လ (၁၂)ရက်နေ့မှာတော့ ဆွီဒင်နိုင်ငံရောက် မြန်မာ တိုင်းရင်းသားမိသားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG