သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်ခရီးစဉ်


ဒေါ်အောင်ဆန်းစုကြည် ကရင်ခရီးစဉ် သတင်းမှတ်တမ်း- NLD Chairperson
ဒေါ်အောင်ဆန်းစုကြည် ကရင်ခရီးစဉ် သတင်းမှတ်တမ်း- NLD Chairperson
တပ်မတော်နဲ့ ပြည်သူကြား သင့်မြတ်ဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှ ရမယ်လို့ ကရင်ပြည်နယ်ကို ၂ ရက်ကြာ စည်းရုံးရေး ခရီးထွက်ခဲ့တဲ့
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောဆို လိုက်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကရင်ပြည်သူလူထုက ဘယ်လို တုန့်ပြန်ကြသလဲဆိုတာနဲ့ ပတ်သက်လို့ အပြည့်အစုံ ကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်ပြည်နယ်ကို လူထုစည်းရုံးရေး ၂ ရက်ကြာခရီးသွားခဲ့တာပါ။

ဒီကနေ့မှာတော့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင်းက ကပ္ပလီရွာမှာ ဖွဲ့စည်းပုံ ပြင်သင့်တဲ့အကြောင်းရင်းနဲ့ လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့တာမှာ တက်ရောက်လာသူ အများစုက အသစ်ရေးဆွဲရေးထက် ပြင်ဆင်ရေးကို အဓိက ထောက်ခံခဲ့ကြတယ်လို့ NLD ရဲ့ ကရင်ပြည်နယ် ခရီးစဉ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းနိုင် က ဗွီအိုအေကို ပြောပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံကို ဘာကြောင့်ပြင်သင့်တယ်ဆိုတာကို ရှင်းပြတယ်။ ပြီးတော့ ဦးဝင်းမြင့်က လူထုရဲ့သဘောထားကို အသံနဲ့ လက်ညိုးထောင်ပြီးတော့ ဆန္ဒခံယူတယ်။ အရင်မေးတာ ကတော့ ပြင်မလားဆိုတာ မေးတယ်။ ၉၇%က ပြင်ဆင်ဖို့ သဘောတူပြီး ၃% လောက်ကတော့ အသစ်ရေးဆွဲဖို့ သဘောတူတယ်။ မေးခွန်း ၇ခုမေးခွင့်ပြုတယ်။ သမ္မတဖြစ်ရေး၊ မဖြေရေးကိုပဲ မေးကြတာများတာပါ။

သမ္မတဖြစ်ရေး၊ မဖြစ်ရေး သူ့တစ်ယောက်တည်းအတွက်ပြောတာမဟုတ်ဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူ့ဆန္ဒနဲ့လုပ်တာကို ပြည်သူလူထုကို ဆွပေးတဲ့ပုံစံမျိုး လုပ်တာမဟုတ်ပါဘူး။ အားကိုးစရာ ပြင်စရာဆိုလို့ ပြည်သူလူထုပြင်မှ ရတာကို ဘာလက်နက်မှလည်း မယူဘူး။ ဘာနိုင်ငံခြားအကူအညီမှ မယူပဲနဲ့ ပြည်သူလူထုရဲ့ သဘောထားကို ပေးတာပါပဲ။ အဲ့ဒီ့ပုံစံမျိုး အခြေခံပြီးပြောပါတယ်။"

ဒီဟောပြောပွဲကို ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နဲ့ ဖာပွန်မြို့နယ်တွင်းက လူအင်အား ထောင်ပေါင်းများစွာ တက်ရောက် နားထောင်ခဲ့ကြတယ်လို့လည်း ဦးသန်းနိုင်က ပြောပါတယ်။ မနေ့စနေနေ့ကလည်း ဘားအံမြို့ အောင်သံလွင် အားကစားကွင်း မှာပြုလုပ်တဲ့ ဟောပြောပွဲအတွင်း - ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံပြင်ဖို့ အဓိက လိုအပ်ရတဲ့ အကြောင်းရင်းဟာ တပ်မတော်နဲ့ ပြည်သူကြား စိတ်ဝမ်း မကွဲစေဖို့ အဓိကဖြစ်တယ်လို့ သူ့အမြင်ကို အခုလို ရှင်းပြခဲ့ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေက ရေးဆွဲထားတဲ့ ပုံစံကြောင့် ကျမတို့ တပ်မတော်နဲ့ ပြည်သူကြား ရင်ကြားစေ့ဖို့ အင်မတန်မှ ခက်နေတယ်လို့ ကျမမြင်ပါတယ်။ အဲ့တာကြောင့်မို့ ကျမတို့ပြင်ရမယ်။ ဒီလိုပြင်ခြင်းဟာ ပြည်သူအပေါ်မှာရော၊ တပ်မတော် အပေါ်မှာရော၊ စေတနာထားပြီးတော့ ကျမတို့ လုပ်ဆောင်တဲ့ ကိစ္စဖြစ်ပါတယ်။"

နေအိမ်အကျယ်ချုပ် လွတ်မြောက်လာပြီးကတည်းက ပထမဦးဆုံးအကြိမ် သွားရောက်တဲ့ ကရင်ပြည်နယ် ခရီးစဉ်အတွင်းမှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြတာပါ။

" လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ"

(လူထုဟစ်ကြွေးသံနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူတစ်ဦးရဲ့သဘောထား)

"ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ကို ပြင်သင့်ပါတယ်။ မပြင်ရင် ဘယ်လိုမှ မရပါဘူး။ ပြည်သူ့ဆန္ဒပါပြီး ရေးဆွဲထားတာမဟုတ်ပါဘူး။"

ဒီကနေ့ နေ့လည်ပိုင်းမှာတော့ သူ့ရဲ့ကရင်ပြည်နယ်ခရီးစဉ်ကို အဆုံးသတ်ပြီး နေပြည်တော်ကို ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
XS
SM
MD
LG