သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူကွဲပြားမှုတွေနဲ့ ရင်ဆိုင်ဖို့ ဒေါ်စု တိုက်တွန်း


အထူးအိုလံပစ်အားကစားပြိုင်ပွဲ၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးညီလာခံတွင် မိန့်ခွန်းပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဖြောင်းခြမ်း၊ ကိုရီးယား။ ဇန်နဝါရီ ၃၀၊ ၂၀၁၃
အထူးအိုလံပစ်အားကစားပြိုင်ပွဲ၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးညီလာခံတွင် မိန့်ခွန်းပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဖြောင်းခြမ်း၊ ကိုရီးယား။ ဇန်နဝါရီ ၃၀၊ ၂၀၁၃
တောင်ကိုရီးယားနိုင်ငံဆီ ငါးရက်ကြာခရီး သွားရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့က ဖျောင်းချမ်း အထူး ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ခဲ့သလို ဒီအားကစားပြိုင်ပွဲမှာ ကျင်းပတဲ့ ဖွ့ံ့ဖြိုးရေးဆိုင်ရာ ညီလာခံမှာလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အားကစား စိတ်ဓာတ် မြှင့်တင်ရေးအတွက် အထူး လုပ်ဆောင်မယ်လို့ ကတိပေးခဲ့သလို သူများ နည်းတူ မဟုတ်ဘဲ ကွဲပြားမှုရှိနေတာအတွက် ကျန်တဲ့ လူမှုအသိုင်းအဝိုင်းက ဝိုင်းပယ်ထားတာမျိုး ဟာ မဖြစ်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီအကြောင်းအပြည့်အစုံကို အေပီသတင်းပေါ်အခြေခံပြီး ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ အရှေ့မြောက်ခြမ်းမှာရှိတဲ့ ဖျောင်းချန်း တောင်ပေါ်မြို့ကလေးမှာ ကျင်းပတဲ့ ၂၀၁၃ ခုနှစ် ဆောင်းရာသီ အထူးအိုလံပစ်ပွဲတော် ဖွင့်ပွဲကို တက်ရောက်ခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြိုင်ပွဲ ပထမနေ့မှာ ယှဉ်ပြိုင်ကြသူတွေကို အားပေးခဲ့ ပါတယ်။ နှင်းတွေ ထူထူထပ်ထပ်ကျနေတဲ့ ကွင်းထဲမှာ ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲကို အားပေးခဲ့သလို မသန်မစွမ်းဖြစ်နေပေမယ့် ကွဲပြားတဲ့စွမ်းရည် အသီးသီးရှိနေတဲ့ အားကစားသမားတွေနဲ့ လည်း တွေ့ဆုံစကားပြောခဲ့တာပါ။

ဒီ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ Alpine နဲ့ cross-country စကိတ် စီးပြိုင်ပွဲတွေ၊ နှင်းလျှောစီးပြိုင်ပွဲ၊ အမြန်စကိတ်စီးပြိုင်ပွဲနဲ့ အလှစကိတ်စီးပြိုင်ပွဲတွေ အပြင် ဟော်ကီပြိုင်ပွဲနဲ့ Snowshoeing လို့ခေါ်တဲ့ နှင်းစီးဖိနပ်စီးပြီး ပြိုင်ရတာလို အားကစားနည်း ၇ မျိုးကို အားကစား သမား ၃,၀၀၀ လောက် ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။

အဲဒီပွဲမှာကျင်းပတဲ့ “ဆင်းရဲတွင်း သံသရာလည်နေမှုနဲ့ စွမ်းရည်ရှိတဲ့ မသန်မစွမ်းသူတွေကို ဖယ်ကျဉ်ထားတာ အဆုံးသတ်ရေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ညီလာခံ ကိုလည်း DASSK တက်ရောက်ခဲ့ပါတယ်။
အထူးအိုလံပစ်အားကစားပြိုင်ပွဲ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးညီလာခံ တာဝန်ရှိသူများနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ ဇန်နဝါရီ ၃၀၊ ၂၀၁၃။
အထူးအိုလံပစ်အားကစားပြိုင်ပွဲ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးညီလာခံ တာဝန်ရှိသူများနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ ဇန်နဝါရီ ၃၀၊ ၂၀၁၃။
သူများနည်းတူမဟုတ်ဘဲ ကွဲပြားမှု ရှိနေတာအတွက် ကျန်တဲ့ လူမှု အသိုင်းအဝိုင်းက ဝိုင်းပယ် ထားတာမျိုး ဟာ မဖြစ်သင့်ဘူးလို့ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ထဲမှာ သိပ်မကြာခင်က ဗုဒ္ဓ ဘာသာနဲ့ မူဆလင်တွေကြားဖြစ်ပွားတဲ့ အကြမ်းဘက်မှုတွေကို ဥပမာပေးပြီးပြောခဲ့ တာပါ။

“ဒီလိုဖြစ်ခဲ့တာအတွက် မြန်မာနိုင်ငံမှာမှ ပြဿနာ ထူးထူးခြားခြား ရှိနေတယ်လို့ ပြောလို့မရ ပါဘူး။ ဒါက ဘာကိုပြသလဲဆိုတော့ ကျမတို့မှာ အထူးအခွင့်အလန်းတွေရှိတယ် ဆိုတာပါ။ ကျမကတော့ ကျိန်းသေပြောရဲပါတယ်။ သိပ်မကြာခင် အချိန်တွေအတွင်းမှာပဲ ကျမတို့ သဟဇာတဖြစ်ပြီး ငြိမ်းချမ်းရေးကို ရနိုင်မယ်ဆိုတာပါ။”

ဒီလို ငြိမ်းချမ်းရေးရဖို့အတွက် စာနာစိတ်ကိုယ်စီရှိဖို့လိုတယ်လို့လည်း ပြောပါတယ်။

“ပြဿနာတွေဖြစ်လာတာမို့ ရှက်နေစရာမလိုသလို ဒီပြဿနာတွေ အတွက်လည်း ကြောက်နေစရာမလိုပါဘူး။ ကျမတို့အားလုံးလုပ်ရမှာက မှန်ကန်တဲ့အဖြေကို ရအောင်ရှာဖို့ပါ။ လူမှုအသိုင်းအဝိုင်းထဲမှာ ဖြစ်နေတဲ့ ဘယ်ပြဿနာမျိုးအတွက်မဆို မှန်ကန်တဲ့အဖြေ ရအောင် ရှာဖို့ဆိုရင် စာနာစိတ်ရှိဖို့ လိုပါတယ်။”

အခုလို လူမှုအသိုင်းအဝိုင်း မတူကွဲပြားမှုကြောင့် ဖြစ်ပွားနေတဲ့ ပြဿနာတွေအတွက် စာနာ စိတ်ထားဖြေရှင်းဖို့ စိတ်ထားတတ်ဖို့ ပြောဆိုခဲ့သလို မြန်မာနိုင်ငံရဲ့ လက်ရှိ အားကစား အခြေနေကိုလည်း သုံးသပ်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အားကစားနဲ့ အားကစားဆိုင်ရာပညာရေးကို နှစ်ရှည်လများ လျစ်လျူရှုတာ ခံနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံခဲ့ပြီး ဒါကိုအထူးအားပေးဖို့ လုပ်ဆောင်မယ် လို့ ကတိပြုခဲ့ပါတယ်။

“ကျမတို့နိုင်ငံမှာ ပညာရေးအတွက် လျစ်လျူရှုတာကို ခံခဲ့ရပါတယ်။ ကျောင်းတွေမှာဆိုရင် အားကစားပညာရေးကို သိပ်မအလေးမထားသလို အားကစား အထောက်အကူပစ္စည်းတွေ လည်း မရှိလှပါဘူး။ ကုန်ကုန်ပြောမယ် ရိုးရိုးအားကစားနည်းအတွက်တောင် မရှိပါဘူး။ ဒါ့ကြောင့် ဒါကို အားပေးချင်ပါတယ်။ ကျမတို့ရဲ့လူငယ်တွေ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းဖို့သာ မကပဲ အားကစားစိတ်ဓာတ်တွေရှိလာဖို့ လုပ်ရမှာပါ။ အတူတကွ လက်တွဲ လုပ်ကိုင်နိုင်စွမ်း တို့၊ အဖွဲ့အစည်းနဲ့ လုပ်ဆောင်တဲ့စိတ်ဓာတ် ရှိဖို့ဆိုတဲ့ အားကစားစိတ်ဓာတ်မျိုး ရှိကြဖို့ လိုနေပါတယ်။”

ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွင်း ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးညီလာခံကို တက်ရောက်လာသူတွေဟာ စွမ်းရည်ရှိတဲ့ မသန်မစွမ်းသူတွေရဲ့ ရပိုင်ခွင့်တွေ တိုးတက်လာ စေဖို့အတွက် ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့လည်း ရှိပါတယ်။

ဒီ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွေဟာ အရင်တုန်းက တက်ရောက်သူသိပ်မရှိဘဲ စိတ်ဝင်စားမှု နည်းပါးခဲ့တာပါ။ အခုတော့ ကမ္ဘာတဝန်းမှာ ကျင်းပနိုင်ဖို့အတွက် ပွဲစီစဉ်သူတွေ က စုစုစည်းစည်း ကြိုးပမ်းနေတာပါ။ လာမယ့် ၂၀၁၈ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပွဲတော် ကိုလည်း ဒီ ဖျောင်းချန်းမှာပဲ ကျင်းပမှာဖြစ်ပါတယ်။
XS
SM
MD
LG