သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ကာကွယ်ရေး ဦးစီးချုပ် တွေ့ဆုံ


ဒေါ်စုနဲ့ ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံ (သတင်းဓါတ်ပုံ-Senior General Min Aung Hlaing's facebook)
ဒေါ်စုနဲ့ ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံ (သတင်းဓါတ်ပုံ-Senior General Min Aung Hlaing's facebook)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နေပြည်တော်က ပေါင်းလောင်း ရိပ်သာမှာ ဒီကနေ့ တွေ့ဆုံကြပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့၊ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး တပ်မတော်နဲ့ NLD ကြား အကြိတ်အနယ်ညှိနှိုင်း နေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အခုလို ထပ်မံတွေ့ဆုံကြတာပါ။

ဒေါ်အောင်းဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ တတိယ အကြိမ်မြောက် တွေ့ဆုံမှုဖြစ်တဲ့ ဒီကနေ့ နေ့လယ်ပိုင်းက ဆွေးနွေးပွဲဟာ ၁ နာရီကျော်ကြာခဲ့ပြီး NLD ပါတီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြသလို၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲအပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဒုတိယအကြိမ် တွေ့ဆုံတာပါ။

အဲဒီတွေ့ဆုံပွဲအတွင်းမှာတော့ ရွေးကောက်ပွဲလွန်ကာလ အကူးအပြောင်း ကာလတွင်း တည်ငြိမ်အေးချမ်းရေး နောက် လွှတ်တော်သစ်ခေါ်ယူရေး နောင်တက် လာမယ့် အစိုးရသစ် ဖွဲ့စည်းရေးအပါအဝင် အစိုးရသစ်နဲ့ ဆက်လက် ဆောင်ရွက် ရမည့် ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG