သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတပ်ချုုပ် မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံ


မြန်မာနိုင်ငံကို ၄ ရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး တိုးမြင့် ဆောင်ရွက်ဖို့ အတွက်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော် အကြီးအကဲတွေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနဲ့ အိန္ဒိယတို့ဟာ ကီလိုမီတာ ထောင့်ခြောက်ရာကျော် ရှည်လျားတဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မဟာဗျူဟာမြောက် အိမ်နီးချင်း နိုင်ငံတွေဖြစ်တာနဲ့အညီ ဗိုလ်ချုပ်ကြီး Bipin Rawat ရဲ့ ဒီခရီးစဉ်ဟာ ကာကွယ်ရေးအပါအဝင် တခြား နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ယုံကြည်စွာ တည်ဆောက်နိုင်ရေးအတွက် သမိုင်း မှတ်ကျောက်တင်နိုင်မယ့် ခရီးစဉ်ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ နေပြည်တော်မှာရှိတဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားဖို့ ရှိပြီး ပြင်ဦးလွင်မှာရှိတဲ့ ကာကွယ်ရေးတက္ကသိုလ်ကိုလည်း သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။

မနှစ် အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံ Goa မြို့မှာ ကျင်းပတဲ့ BRICS နဲ့ BIMSTEC ထိပ်သီးညီလာခံတွေကို တက်ရောက်ပြီး နယူးဒေလီမြို့ကို ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယအစိုးရက နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ဒေသမှာရှိတဲ့ လက်နက်ကို အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ခြေကုတ် လှုပ်ရှားနေကြတဲ့အပေါ် အိန္ဒိယဘက်က စိုးရိမ်မှုတွေ ရှိနေတာပါ။ အဲဒီ လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာ့နယ်မြေအတွင်း လှုပ်ရှားခွင့် မပေးဘူးလို့ မြန်မာဘက်က ပြန်လည် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG