သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV/AIDS ရောဂါရှင်တွေကို ခွဲခြားဆက်ဆံမှု အဆုံးသတ်ဖို့ ဒေါ်စုပန်ကြား


သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအသိုင်းအသိုင်းအဝိုင်းတွေ့ဆုံသည့်အခမ်းအနား (ဒီဇင်ဘာ ၁၊ ၂၀၁၃)
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအသိုင်းအသိုင်းအဝိုင်းတွေ့ဆုံသည့်အခမ်းအနား (ဒီဇင်ဘာ ၁၊ ၂၀၁၃)
HIV/AIDS ဝေဒနာရှင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ရေး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ သြစတြေးလျနိုင်ငံ Melbourne မြို့ အစိုးရရုံးမှာကျင်းပတဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ ညီလာခံကြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟာ Melbourne မြို့က မြန်မာမိသားစုတွေနဲ့လည်းတွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေကိုလည်း ဆွေးနွေးပြောဆိုခဲ့တဲ့အကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ ကြီးမှူးပြီး Melbourne မြို့ အစိုးရရုံးမှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် ‘2013 Global World AIDS Day’ ၂၀၁၃ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ညီလာခံကြီးကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေး သံအမတ်ကြီး အဖြစ် ခန့်အပ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့တာပါ။ ဒီအခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည်က HIV/AIDS ဝေဒနာရှင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ ကို ပြောဆိုသွားခဲ့တာပါ။
“ခွဲခြားဆက်ဆံမှုလို့ ကျမတို့ပြောလိုက်ရင် ဒီခွဲခြားဆက်ဆံခံရမှုတွေနဲ့ပတ်သက်ပြီး ကျမတို့ သိပ်ပြီး မစဉ်းစားမိကြတာက များပါတယ်။ တကယ်တော့ လူတစ်ယောက်ဟာ သူကျင်လည်နေတဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ တခြားသူတွေနည်းတူ ပုံမှန်ဆက်ဆံတာမျိုး မခံစားရတာကို ခွဲခြားဆက်ဆံတာလို့ ခေါ်တာပါ။ ကိုယ်နေထိုင်တဲ့ကမ္ဘာကြီးမှာ ကိုယ့်ကိုနှိမ်ပြီး အဆက်ဆံခံရတာ၊ ကိုယ့်ကို မနှစ်မျို့တဲ့ပုံနဲ့ ဆိုးဆိုးဝါးဝါးအဆက်ဆံခံရတာကို ဘယ်သူကမှ မခံစားချင်ကြပါဘူး။ ဒါကြောင့် HIV/AIDS ဝေဒနာခံစားနေရသူတွေကို ဒီလိုမဆက်ဆံမိစေဖို့အတွက် တိုက်တွန်းရတာပါ။ ဒါဟာ သိပ်ကို ရက်စက်သလို နားလည်မှုမရှိတာကို ပြတဲ့အတွက် ဒီလို ခွဲခြားဆက်ဆံတာကို ကျမတို့ကမ္ဘာက လုံးဝ လက်မခံနိုင်ပါဘူး။”
ဒီညီလာခံမတက်ရောက်ခင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Melbourne မြို့မှာရှိတဲ့ မြန်မာမိသားစုတွေနဲ့လည်း ၁ နာရီကြာ တွေ့ဆုံခဲ့တဲ့အကြောင်း တွေ့ဆုံပွဲကျင်းပရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုမျိုးအေး က ဗွီအိုအေကို ပြောပြပါ တယ်။

“ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံကို ရောက်မယ်လို့ သတင်းကြားကြားချင်းမှာပဲ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက အားလုံးကို စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ဒီ မဲလ်ဘုန်းမှာရှိနေကြတဲ့ မြန်မာပြည်သူလူထုရယ်၊ တိုင်းရင်းသား အင်အားစုတွေ ရယ် အားလုံး ၂,၅၀၀ ကျော်ကျော် တက်ရောက်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် မရောက်လာခင်မှာ တက်ရောက်လာကြတဲ့ ဧည့် ပရိသတ်တွေကို ဖျော်ဖြေတဲ့အစီအစဉ် ရှိပါတယ်။ ကရင်တိုင်းရင်းသားတွေ က အကတွေနဲ့ တင်ဆက်ခဲ့ပါတယ်။ နောက်ပြီးတော့မှ တိုင်းရင်းသားလူမျိုး အသီးသီးက နေပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံရေးအတွက် ဝမ်းသာ စကားတွေကို ပြောကြားခဲ့ကြပါတယ်။”

တက်ရောက်လာတဲ့ မြန်မာမိသားစုတွေကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ ပြီးတော့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍနဲ့ ပြည်ထောင်စုထဲမှာ အားလုံး အဆင်ပြေဖို့ဆိုရင် အားလုံးကနေ အပေးအယူ လုပ်ချင်တဲ့စိတ်ရှိဖို့ လိုအပ်ကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“ဘဝဆိုတာ စိန်ခေါ်မှုပါပဲ။ အဲဒါကြောင့်မို့လို့ ကျမတို့ဟာ အင်မတန်မှ ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်တဲ့ ကျမတို့ရဲ့ ပြည်ထောင်စုထူထောင်ရေးကို လုပ်ဖို့ဟာ ကျမတို့မှာ အခွင့်အလမ်းရတယ်။ ဒါဟာ မျိုးဆက်တိုင်း မျိုးဆက်တိုင်းမှာ ရတာမဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့ ပြည်သူပြည်သားများဟာ ဒီခေတ်ဒီအခါမှာ မွေးလာပြီးတော့ မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေး၊ ပြန်လည်ငြိမ်းချမ်းရေး၊ ပြန်လည်ညီညွတ်ရေးကို လုပ်ပိုင်ခွင့်ရှိတာဟာ အထူးအခွင့်အရေးလို့ မြင်စေချင်ပါတယ်။ ဒီဟာကို ပြဿနာကြီးလို့ မမြင်စေချင်ပါဘူး။ စိန်ခေါ်မှုဆိုတာ အခွင့်အရေးပါ။ ပြဿနာမဟုတ်ပါဘူး။ ဒီစိန်ခေါ်မှုကို ကျမတို့အနေနဲ့ မှန်မှန်ကန်ကန် ရင်ဆိုင်ဖို့သာ လိုတာဖြစ်ပါတယ်။”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့လည်း ဒီဥပဒေကို ပြင်ဆင်မှုမရှိဘဲ ဒီအတိုင်း ဆက်လက်ကျင့်သုံး နေမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြည့်ဝတဲ့ လူ့အသိုင်းအဝိုင်းဖြစ်နိုင်မှာမဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း - ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ တောက်လျှောက် တိုက်တွန်းနေတာပါ။ ဒါကြောင့်လည်း သြစတြေးလျရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကနေ ဒီကနေ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်စုဆောင်းတဲ့ လှုပ်ရှားမှုတစ်ခုကို စတင်လိုက်တယ်လို့ ဒေါက်တာမြင့်ချို က ပြောပါတယ်။

“သြစတြေးလျမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေသာ မကဘဲနဲ့ သြစတြေးလျနိုင်ငံသားတွေ အကုန်လုံးပါ ဘာကြောင့် ပြင်သင့်တယ်ဆိုတာကို ကျနော်တို့က ရှင်းပြပြီးတော့ လက်မှတ်ကောက်ခံမယ်၊ အဲဒါတွေကို ဒီဇင်ဘာလကုန် (၃၁) ရက်နေ့ရောက်ရင် အားလုံးစုစည်းပြီးတော့ သြစတြေးလျအစိုးရကို စာနဲ့တကွ တင်ပြီးတော့ ပြည်သူတွေကတော့ တောင်းဆိုနေပြီ၊ သြစတြေးလျအစိုးရက ဒါကို သံတမန်ရေးအရ၊ နည်းပညာအရ၊ နိုင်ငံရေးအရ ပြည်တွင်းမှာရှိနေတဲ့ အစိုးရနဲ့ ပါလီမန်နဲ့ တပ်မတော်တို့ကို တိုက်တွန်းတောင်းဆိုပြီးတော့ အမြန်ဆုံးပြင်ဖို့ ကိစ္စတွေကို လှုံ့ဆော်ပေးဖို့၊ တိုက်တွန်းပေးဖို့ အဲဒါတွေကို ကျနော်တို့ တောင်းဆိုဖို့ရှိပါတယ်။”

မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ သြစတြေးလျနိုင်ငံ ခရီးစဉ်အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ သူ့ရဲ့ ၅ ရက်ကြာ သြစတြေးလျနိုင်ငံခရီးစဉ်အတွင်းမှာ သြစတြေးလျဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော် အပါအဝင် ထိပ်ပိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို သြစတြေးလျ တက္ကသိုလ်တွေက ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေကို လက်ခံရယူခဲ့ပြီး မြန်မာ့နိုင်ငံရေး လက်ရှိ အခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စတွေကိုလည်း အလေးအနက်ထား ပြောဆိုဆွေးနွေးခဲ့ပါတယ်ရှင်။
XS
SM
MD
LG