သုံးရလွယ်ကူစေသည့် Link များ

ဒေါ်စု နဲ့ ကုလအဖွဲ့အစည်း အကြီးအကဲများတွေ့ဆုံ


မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့ အစည်းတွေနဲ့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက အကြီးအကဲတွေကို နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ငြိမ်းချမ်းရေး ကဏ္ဍ အရေးကြီးတယ်ဆိုတာကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို ဟန်ချက်ညီ လုပ်ဆောင်ဖို့ တိုက်တွန်းပြီး ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံ အခြေစိုက် ကုလ သမဂ္ဂ အဖွဲ့အစည်း အသီးသီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကြီးအကဲတွေနဲ့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံတွင်း ပညာရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စ အရေးကြီးတဲ့ အကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

“အဓိကတော့ Exchange of View ပေါ့နော်။ ကျနော်တို့ ဆွေးနွေးပွဲမှာတော့ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရေတို စီမံချက်တွေ နောက် ရေရှည်ရည်မှန်းချက်တွေ ချမှတ်အကောင်အထည်ဖော်ရေး ကိစ္စတွေ နောက်ပြီးတော့ ကုလသမဂ္ဂရဲ့ SDG ရည်မှန်းချက်တွေ ပြည့်မှီရေး အဲဒီကိစ္စတွေမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂရယ်၊ နောက်ပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကြားမှာ ပူးပေါင်းဆောင်ရွက်မယ့် Future Corporation aတွပေါ့နော်၊ အဲဒါတွေကို ဆွေးနွေးခဲ့တယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ကဏ္ဍ နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ အရေးပါမှုကိုလည်းကျနော်တို့ ၀န်ကြီးကနေပြီးတော့ Stress လုပ်ခဲ့ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံတွင်း စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ရှိနေသေးတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အတွင်း စားနပ်ရိက္ခာ အပါအ၀င် အရေးပေါ် အကူအညီတွေ၊ နောက် လတ်တလော တိုက်ပွဲတွေ၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေကြောင့် ပုံမှန် အခြေအနေ မရှိသေးဘဲ ဒုက္ခသည် စခန်းတွေ ရှိနေဆဲ ဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ကုလ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီတွေ ပေးနေကြတာပါ။အရင် အစိုးရ လက်ထက်တုန်းကတော့ ကုလ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီ အထောက်အပံ့ ပေးရေးမှာ ကန့်သတ်ချက် တချို့လည်း ရှိခဲ့ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးသစ်နဲ့ ကုလ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံတာမှာတော့ သီးခြား အကူအညီပေးရေး လုပ်ငန်းစဉ် တခုချင်းစီ အလိုက် ဆွေးနွေးခဲ့တာမျိုးတော့ မရှိဘဲ ရှေ့လုပ်ငန်းစဉ်တွေကိုသာ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

“ဆွေးနွေးပွဲကတော့ ဆရာမတို့ သိတဲ့အတိုင်း UN အေဂျင်စီတွအကုန် နောက်ပြီးတော့ ဒီ International Organizations aတွနဲ့ ဆွေးနွေးတာဆိုတော့လေ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ General ပုံစံမျိုးနဲ့ ဆွေးနွေးတာရှိပါတယ်။ ဘာသာရပ်တခုကို အသေးစိတ်ဆွေးနွေးတာတော့ မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့မြန်မာနိုင်ငံနဲ့ ကုလ သမဂ္ဂရယ် အခြား International Organizations တွေနဲ့ အရှေ့ကို ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ Forward Looking နဲ့ ဆွေးနွေးကြတာပါခင်ဗျ။”

နိုင်ငံတကာ အကူအညီတွေနဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိုတော့ ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် နိုင်ငံတကာ အကူအညီတွေက ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့၊ ရေရှည် အကျိုးရှိဖို့၊ နောက် လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို ဟန်ချက်ညီညီ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို အစိုးရဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG