သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းအရေး စုံစမ်းစစ်ဆေးဖို့ ဒေါ်စုတောင်းဆို


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သောင်းချီတဲ့ မုံရွာလူထုကို မိန့်ခွန်းပြောစဉ်။ (နိုဝင်ဘာလ ၃၀၊၂၀၁၂)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သောင်းချီတဲ့ မုံရွာလူထုကို မိန့်ခွန်းပြောစဉ်။ (နိုဝင်ဘာလ ၃၀၊၂၀၁၂)
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒ ထုတ်ဖေါ်ကြတဲ့ သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့သောကြာနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ် ကန့်ကွက်နေကြတဲ့ ဒေသခံလူထုနဲ့ အတူ သံဃာတော်တွေကိုပါ လုံခြုံရေးတပ်ဖွဲ့က ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တာနဲ့ပတ်သက်ပြီး မုံရွာမြို့မှာ ကျင်းပခဲ့တဲ့ လူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ကအခုလို ပြောဆိုလိုက်တာပါ။

“ဘယ့်လို့ကြောင့် ဒီ့လောက်တောင်မှ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲလို့ ကျမတို့ပြည်သူတွေ မေးပိုင်ခွင့်ရှိတယ်လို့ ကျမယုံကြည်ပါတယ်။ ကျမကလည်း ဒီမေးခွန်းကို မေးတာဟာ ပြဿနာရှာချင်လို့ မေးတာမဟုတ်ဘူး။ ပြဿနာရှင်းချင်လို့ မေးတာ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ခဲ့တာလဲ။ ကျမပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ ဒီလောက်ဟာ လုံးဝ မလိုအပ်ဘူး။ ဒါပေမဲ့ ကျမ ဒီလိုပြောလို့ ကျမ ပြည်သူတွေကို စိတ်ဆွပေးချင်တာမဟုတ်ဘူးနော်။ ကျမ စိတ်ဆွပြီးတော့ စည်းရုံးတဲ့အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး။ ကျမတို့ ပြည်သူတွေအနေနဲ့ စဉ်းစဉ်းစားစားနဲ့ ဆုံးဖြတ်နိုင်အောင်လို့ ဒါကြောင့် ကျမ တင်ပြတာပါ။”

ဒေါ်အောင်ဆန်းစုကြည် မုံရွာလူထုကို ပြောဆိုသွားတာပါ။ ဆန္ဒထုတ်ဖေါ်သူတဦး ကတော့ ပြည်သူလူထုအကျိုးကိုငဲ့ကွက်ပြီး ဒီလက်ပန်းတောင်စီမံကိန်းကို ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းခဲ့သလို ဖျက်သိမ်းစေလိုကြောင်း၊ ဒါပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ အတတ်နိုင်ဆုံး ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတာတွေ ရပ်ဆိုင်းစေလိုတယ်ဆိုရင် သူတို့အနေနဲ့ ရပ်ဆိုင်းပေးမှာဖြစ်တယ်လို့ Reuters သတင်းဋ္ဌာနကို ပြောပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင် အမြန်ဆုံး ဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းသွားမှာ ဖြစ်ကြောင်းနဲ့ သပိတ်စခန်းတွေကို ဖြိုခွဲခဲ့တဲ့ တာဝန်ရှိသူတွေအနေနဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို ဝန်ချတောင်းပန်ဖို့ တိုက်တွန်းထားကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG