သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု NLD ဥက္ကဋ္ဌ ဆက်လုပ်မည်


အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ ( မတ် ၁၇ ၂၀၁၆)
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ ( မတ် ၁၇ ၂၀၁၆)

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာယူထားပေမယ့် NLD ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိနေမှာဖြစ်တယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား လိုက်ပါတယ်။ ဒါအပြင် တိုင်းနဲ့ပြည်နယ် (၁၄)ခုက ဝန်ကြီးချုပ်တွေဟာ NLD ပါတီဝင်တွေသာဖြစ်မယ်လို့ မနေ့က သတင်းထောက်တွေ နဲ့တွေ့ဆုံရာမှာ ပြောဆို လိုက်ပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် အစိုးရတွေ ဘယ်လိုဖွဲ့စည်းမလဲ၊ နောက် ဝန်ကြီးချုပ် အမည်တွေကို ဘယ်တော့သိရမလဲ စတာတွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

မနေ့ကြာသပတေးနေ့က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ဦးထင်ကျော် တင်သွင်းတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး (၁၈)ဦးကို ကန့်ကွက်မဲမရှိအတည်ပြုခဲ့ပါတယ်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် ပါဝင်တာကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ပါတီဥက္ကဋ္ဌနေရာကပါ နှုတ်ထွက်ပေးရမယ်လို့ အများက ထင်နေကြပေမယ့် ဖွဲ့စည်းပုံအရ ပါတီဥက္ကဋ္ဌအဖြစ် ဆက်ပြီးရှိနေမှာဖြစ်ပြီး ပါတီတာဝန်တွေကိုတော့ ထမ်းဆောင်ခွင့်ရမှာမဟုတ်ဘူးလို့ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်က မနေ့က မန္တလေးတိုင်း လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

" ပုဒ်မ ၂၃၂ (ည) မှာ ဘာပါသလဲဆိုတော့ ပြည်ထောင်စုအဆင့်ဝန်ကြီးတဦးသည် အစိုးရဝန်ထမ်းဖြစ်ခဲ့လို့ရှိရင် ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး မှတ်ယူရမည်ဆိုပြီး ဒီအတိုင်းပဲ ရေးတယ်။ အဲ့တော့ ဋ မှာ ကျတော့ ပြည်ထောင်စုဝန်ကြီး သည် နိုင်ငံရေးပါတီ တခုခု၏ အဖွဲ့ဝင်ဖြစ်လို့ရှိရင် ပါတီ၏ လုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခြင်း မပြုရပဲ ပြောထားတယ်။ နှုတ်ထွက်ခြင်း မပြုရဆိုတာ မပါပါဘူး။ ဆိုလိုက်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဟာ ခေါင်းဆောင်ပါပဲ။ ပါတီရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခြင်း မပြုတာပဲရှိမယ်။ ရှေ့တုန်းကလည်း ရှိခဲ့ဖူးပြီ။ ဦးသိန်းစိန်တုန်းကလည်း အဲ့သလိုပဲ။ ကျနော်တို့ လွှတ်တော်မှာ မေးတယ်။ ဒီအတိုင်းပဲ ဖြေပါတယ်။ နော် ပါတီလုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြု။"

တဆက်တည်း တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေဟာလည်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ သမ္မတက ပဲ ခန့်အပ်ရမှာ ဖြစ်တဲ့အတွက် NLD ပါတီဝင်တွေပဲဖြစ်မယ်လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။

" ဆိုပါစို့ ဆိုလို့ရှိရင် ရခိုင်မှာ၊ ရှမ်းပြည်မှာ ကျနော်တို့ လွှတ်တော်မှာ အများစု မနိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့က ကျနော်တို့ရဲ့ ဗဟိုမှာ မဲအပြတ်အသတ်နိုင် ထားတဲ့အတွက် သမ္မတက ဝန်ကြီးချုပ်ကို ခန့်အပ်မယ့်အတွက် တိုင်း၊ ဒေသကြီး ဝန်ကြီးချုပ်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်တွေပဲဖြစ်ပါမယ်။ အဲ့တော့ တိုင်းဝန်ကြီးတွေကတော့ ဘာပဲပြောပြော ကျနော်တို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အပေါ်မှာရော တခြားအဖွဲ့အစည်းတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပါပါမယ်။ "

သမ္မတ ဦးထင်ကျော်က ခန့်အပ်တာဝန်ပေးထားတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အမည်စာရင်းတွေကို မတ်လ (၂၈)ရက်နေ့မှာ သက်ဆိုင်ရာလွှတ်တော်တွေမှာ တင်သွင်းမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်တွေကိုလွှတ်တော်တွေမှာ အတည်ပြုပြီးနောက် ပြည်နယ်နဲ့ တိုင်းအစိုးရတွေကို သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေက ဦးဆောင်ဖွဲ့စည်းပြီး လွှတ်တော်ရဲ့အတည်ပြုချက်ရယူမှာဖြစ်ပါတယ်။

လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် သတင်းပြေးနေတဲ့ NLD ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး အဖွဲ့ဝင် လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို NLD ကပဲ ဦးဆောင်ဖွဲ့စည်းမှာနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို အခုလိုပြောပါတယ်။

" ကျနော် ဝန်ကြီးချုပ်ဖြစ်မယ် ဆိုတာက ဖြစ်ကောင်းဖြစ်နိုင် တာပေါ့နော်။ ရွေးချင် လည်းရွေးမှာပေါ့။ အခုလောလောဆယ် အထိကတော့ ကျနော်တို့ ဒီက အမည်မတင်သွင်းသေးဘူးပေါ့နော်။ အဲ့တော့ ကျနော်တို့ မူကိုက အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုမှာဖွဲ့ထားတော့ အဲ့ဒီ့တော့ တိုင်းဒေသကြီး တွေမှာ တချို့နေရာတွေမှာ ပါချင်ပါမယ်။ တိုင်းဒေသကြီးတိုင်း တခြားပါတီကပါမယ်လို့ ကျနော်တို့ ယူဆလို့မရဘူး။ "

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရဆိုရင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပု၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာခက်အောင်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိမ်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အဖြစ် ဒေါက်တာမြင့်နိုင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဒေါက်တာ လင်းထွဋ်နဲ့ မကွေးတိုင်းဝန်ကြီးချုပ် အဖြစ် ဒေါက်တာအောင်မိုးညို တို့ဖြစ်ပါတယ်။

XS
SM
MD
LG