သုံးရလွယ်ကူစေသည့် Link များ

ဂွမ်ဂျူး လူ့အခွင့်အရေးနဲ့ မြို့တော်သူဆု ဒေါ်စုလက်ခံယူ


Gwangju လူ့အခွင့်အရေးနဲ့ မြို့တော်သူဆု ဒေါ်စုလက်ခံယူနေစဉ်။ ( ဇန်နဝါရီ ၃၁၊ ၂၀၁၃)
အခုအခါမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ တောင်ကိုရီးယားနိုင်ငံမှာ (၄)ရက်မြောက်နေ့အဖြစ် ရောက်ရှိနေပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကိုးရီးယားနိုင်ငံက အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုတော့၊ ဒီခရီးစဉ်တလျှောက်မှာ လိုက်ပါသတင်းယူနေတဲ့ ကျမတို့ရဲ့ ၀ိုင်းတော်သား ဦးရော်နီညိမ်းကို မေးကြည့်ပါမယ်။
မေး။ ။ ဦးရော်နီရေ ဒေါ်စုရဲ့ တောင်ကိုးရီးယားခရီးစဉ် စတုတ္ထမြောက်နေ့မှာ ဘာသတင်းတွေထူးတယ်ဆိုတာ ပြောပြပါဦး ရှင်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒီကနေ့ ဇန်န၀ါရီ (၃၁)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ၊ ကွယ်လွန်သူ နိုဘယ်လ် ငြိမ်းချမ်း ရေးဆုရှင် သမ္မတဟောင်း ကင်ဒေးဂျုံအထိမ်းအမှတ် Convention Center မှာ ဂွမ်ဂျူးမြို့တော်ဝန် ခန်ဝန်ထေး (Kan Won-tae)က သူ့ကို ၂၀၀၄ ခုနှစ် ဂွမ်ဂျူး လူ့အခွင့်အရေးဆုနဲ့ ဂုဏ်ထူးဆောင် ဂွမ်ဂျူးမြို့တော်သူဆုတွေကို ချီးမြှင့် တဲ့ အခမ်းအနားတွေကိုတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းထဲမှာ လွန်ခဲ့သောနှစ်တွေများစွာကတည်းက ခင်ခင်မင်မင်နဲ့ ထောက်ခံပံ့ပိုးမှုတွေ ပေးခဲ့တဲ့ Gwangju မြို့သူမြို့သား တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမတို့တွေ ၀မ်းနည်းစရာတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အတူ ရပ်တည်ပေးခဲ့တဲ့ မိတ်ဆွေတွေကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မိတ်ဆွေစစ်မိတ် ဆွေမှန်တွေ ရဲဘော်ရဲဘက်တွေ ဖြစ်လို့ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပထမအချက် အနေနဲ့ ပြောသွားတာပါခင်ဗျာ။

ဒေါ်အောင်ဆန်းစုကြည် ပြောတာ မြန်မာနိုင်ငံမှာ ကျမတို့ဟာ ဒီမိုကရေစီကို ရှေ့ရှုလျှောက်လှမ်းနေတာကြောင့် မိတ်ဆွေစစ် မိတ်ဆွေမှန်တွေဆီ ကနေ အကူအညီအထောက်အပံ့တွေ ရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒီလိုရရှိတဲ့ ပံ့ပိုးမှု တွေနဲ့ ပြည်သူတွေလိုလားနေကြတဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဆုလက်ခံရယူတဲ့ပွဲမှာ ပြောသွားတာပါ။ နောက်ထပ် သူပြောတာက မြန်မာနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့ဟာ ရင်းနှီးချစ်ခင်ပွင့်လင်းစွာ ဆက်ဆံပေါင်းသင်းကြခြင်းအားဖြင့် ရေရှည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြည့်ဝတဲ့ လူ့ဘောင်ကြီးတစ်ခုကို အတူတကွတည်ဆောက်သွားနိုင်ကြလိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသေးတယ်။

မေး။ ။ ဦးရော်နီ ဆုပေးတဲ့ မြို့တော်ဝန်ကရော ဘာပြောသွားသေးလဲရှင့်။

ဦးရော်နီညိမ်း။ ။ ဂွမ်ဂျူးမြို့တော်ဝန် ခန်ဝန်ထေး (Kan Won-tae)ကလည်း သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၀၄ ခုနှစ် ဂွမ်ဂျူး လူ့အခွင့်အရေးဆုနဲ့ ဂုဏ်ထူးဆောင် ဂွမ်ဂျူးမြို့တော်သူဆုတွေကို အခုလို သူကိုယ်တိုင် ချီးမြှင့်နိုင်ခဲ့သလို ဒီဆုကို (၁၀)နှစ်နီးပါး ထိန်းသိမ်းထားရှိပြီးမှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက် လာရောက် လက်ခံရယူခဲ့တာ ဖြစ်လို့၊ အဲ့တာတွေအတွက် ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူမိတဲ့အကြောင်း၊ ပြောပါတယ်။ ဒါ့အပြင် ဂွမ်ဂျူးမြို့သူမြို့သားတွေ ကိုရီးယားနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ရော ဂုဏ်ယူဘွယ်ရာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်နာမကို သူတို့ကိုသူတို့ မှည့်ခေါ်ကြပြီး၊ ဒီကနေ့အတွက်ပေါ့နော်။ တစ်ယောက်ကိုတစ်ယောက် “အောင်ဆန်းစုကြည်” လို့ ခေါ်ဆိုကြစေချင်တယ်လို့လည်း ပြောခဲ့ပါတယ်။ အဲ့ဒီ့ဆုချီးမြှင့်ပွဲတွေ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၀ ခုနှစ် မေလ (၁၈)ရက်နေ့က ဂွမ်ဂျူးမြို့က ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ သမ္မတ ချမ်ဒူးဝမ် အင်အားသုံး နှိမ်နှင်းမှုကြောင့် သေဆုံးခဲ့ရသူတွေ အတွက် အထိမ်းအမှတ်ဖြစ်တဲ့ “ မေလ (၁၈)ရက် အမျိုးသား ဗိမာန်"မှာ လွမ်းသူ့ပန်းခြင်း သွားပြီးချခဲ့သလို၊ ငြိမ်းချမ်းရေးအထိမ်းအမှတ် သစ်ပင်တစ်ပင်ကိုလည်း စိုက်ခဲ့ပါတယ်။

အဲ့သလို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိချိန်မှာ ဂွမ်ဂျူးမြို့သူမြို့သားတွေဟာ ဝိုင်းအုံပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အတင်းကို နူတ်ဆက်ချင်ကြလို့ ကပ်လာတဲ့အခါမှ လုံခြုံရေးတွေက လုံးဝခွင့်မပြုဘူး။ အဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ကျမ တာဝန်ယူပါတယ်။ ဘာမှ မဖြစ်စေရဘူး၊ ဒီပုဂ္ဂိုလ်တွေ ကျမကို လာနူတ်ဆက်တာ ကျမလည်း ပြန်နူတ်ဆက်ပါရစေဆိုတော့ လူတွေက ရာနဲ့ချီပြီး အတင်းကို နူတ်ဆက်ကြတာ တွေ့ရပါတယ်။

မေး။ ။ မနက်ဖြန်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကိုလည်း ပြောပြပေးပါဦး။

ဦးရော်နီငြိမ်း။ ။ မနက်ဖြန်ကျလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်ချုံမြို့၊ မြို့တော်ဝန်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားတဲ့အတွက် မနက်ဖြန် မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီ့မြို့ကို သွားပါမယ်။ ပြီးတဲ့အခါမှာ ဆိုးလ်မြို့ကိုပြန်လာပြီး ဆိုးလ်တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူမှဖြစ်ပြီးတော့ ဆိုးလ် တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစကားပြောမှာဖြစ်ပါတယ်။ နောက်တခါ မြန်မာနိုင်ငံသားတွေ
နဲ့တွေ့ဆုံတဲ့ပွဲ ကိုလည်း ဆိုးလ်တက္ကသိုလ်မှာပဲ ကျင်းပမှာဖြစ်ပါတယ်။
ဒီနေ့ညနေမှာ တခုရှိတာက ဒေါ်အောင်ဆန်းစုကြည်ကို ထင်ရှားတဲ့ကိုရီးယားနိုင်ငံက အနုပညာရှင် ၁၂ဦးပါတဲ့ အဖွဲ့က ညစာနဲ့တည်ခင်းဧည့်ခံမှာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညနေမှာ အဲ့ဒီ့ညစာစားပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG