သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းတောင် အရေး ဒေါ်စု ကြားဝင်ညှိနှိုင်းမည်


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သောင်းချီတဲ့ မုံရွာလူထုကို မိန့်ခွန်းပြောစဉ်။ (နိုဝင်ဘာလ ၂၉၊၂၀၁၂)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သောင်းချီတဲ့ မုံရွာလူထုကို မိန့်ခွန်းပြောစဉ်။ (နိုဝင်ဘာလ ၂၉၊၂၀၁၂)
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေသူ သံဃာတော်တွေနဲ့ ပြည်သူတွေကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးတဲ့နောက် အခင်းဖြစ်တဲ့ဆီကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
လည်း ရောက်ရှိနေခဲ့ပြီးတော့ ဒီညနေမှာ သောင်းနဲ့ချီတဲ့ ဒေသခံလူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပြဿနာကို ကြားဝင်ဖြေရှင်းပေးလိုပြီးတော့ နိုင်ငံအကျိုးနဲ့ ဂုဏ်သိက္ခာထိခိုက်မှု မရှိအောင် ဆောင်ရွက်ပေးလိုတယ်လို့ မိန့်ခွန်းထဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လက်ပန်းတောင်ကြေးနီ စီမံကိန်းဒေသကို ရောက်ရှိနေတဲ့ VOA ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသိန်းထိုက်ဦးရေ။ ဒေါ်အောင်ဆန်းစုကြည်က မုံရွာတဖက်ကမ်း၊ ကြေးနီစီမံကိန်းနေရာကို ဒီနေ့ရောက်တယ်ပြောတယ်ခင်ဗျ။ လူထုကိုလည်း မိန့်ခွန်းပြောတယ်ကြားတယ်။ လူထုကို အဓိကထားပြီးတော့ ဘာတွေများ ပြောသွားလည်းခင်ဗျ။

ကိုသိန်းထိုက်ဦး- “အဓိကကတော့ ကြေးနီစီမံကိန်းရပ်တန့်ရေး၊ ဆန္ဒပြနေတဲ့ကိစ္စမှာ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဖြစ်နေတဲ့ ပဋိပက္ခကို သူ့အနေနဲ့ ကြားဝင်ဖြေရှင်းပေးမယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းသွားတာပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က သူဘာလုပ်မယ်ဆိုတာကို တိတိကျကျပြောသွားတာမျိုးတော့ ကျနော် မတွေ့ရပါဘူးခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း-“ ဒီဒေသမှာဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျမတို့ဟာ နိုင်ငံကြီးသားအမြင်နဲ့ ကြည့်ရမယ်။ ကျမတို့နိုင်ငံကို အဆင့်မြင့်တဲ့နိုင်ငံ၊ အဆင့်ရှိတဲ့နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံတခုဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုနေမလဲ၊ ဘယ်လိုထိုင်မလဲ၊ ဘယ်လိုပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျမတို့ဆုံးဖြတ်ရမယ်။ ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း၊ လူတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံတနိုင်ငံ သိက္ခာရှိဖို့ဆိုတာ၊ လူတယောက်ထဲလည်း လုပ်လို့မရဘူး။ အဖွဲ့အစည်းတခုထဲ လည်း လုပ်လို့မရဘူး။ အစိုးရတခုတည်းလည်း မရဘူး။ ပြည်သူလူထု အားလုံးပါဝင်မှ ကျမတို့နိုင်ငံ သိက္ခာရှိအောင်လို့ ကျမတို့ လုပ်နိုင်မှာပါ။ ဒါပေမဲ့ ကျမတို့ပြည်သူတွေကလည်း သေသေချာချာ စဉ်းစားရမယ်။ သဘောထားကြီးရမယ်၊ အမြင်ကျယ်ရမယ်။ ရေရှည်အမြင်ရှိရမယ်။

ကျမတို့နိုင်ငံမှာ အဓိက လိုအပ်ချက်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတော့ ဆယ်စုနှစ်ပေါင်းများစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံအကျိုးအတွက် အတူထမ်းဆောင်နိုင်ဖို့ ကိစ္စဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုလို့ရှိရင် ကျမတို့ပြည်သူတွေအားလုံးဟာ ရေရှည်အမြင်နဲ့ လုပ်ဖို့ လိုအပ်ပါတယ်။ အဲ့သလို ရေရှည်အမြင်နဲ့ လုပ်မှ ကျမတို့ အောင်မြင်နိုင်မှာပါ။ အခုဒီဒေသမှာဖြစ်နေတဲ့ အခက်အခဲတွေကို ကျမတို့နိုင်ငံ သိက္ခာရှိနိုင်မဲ့ပုံစံနဲ့ ကျမ ဖြေရှင်းချင်ပါတယ်။ အဲ့လိုနေရာမှာ ပြည်သူတွေက ဝိုင်းပြီးတော့ ကူညီကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။”

ကိုသိန်းထိုက်ဦး- “တခုက ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့မတွေ့ဆုံခင်မှာ ဝမ်ပေါင်ကုမ္မဏီက လုပ်ငန်းရှင်တွေနဲ့ သူတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့်လည်း သူ ငါးနာရီခွဲလောက်ကျမှ သူလူထုနဲ့ တွေ့ဆုံတဲ့နေရာကို ရောက်လာခဲ့တာပါ။”

ကိုသားညွန့်ဦး- “မနေ့တုန်းက သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွဲခံရတာနဲ့ ပတ်သက်လို့ရော တစုံတရာ မှတ်ချက်ပေးပြောတာရှိပါသလား။”

ကိုသိန်းထိုက်ဦး- “ဒါနဲ့ပတ်သက်လို့ သူ ဘာမှ ပြောမသွားခဲ့ဘူးခင်ဗျ။ မနက်ကအထိ သံဃာတော်တွေ အင်အားသုံးပြီးတော့ သပိတ်စခန်းတွေ ဖြိုခွင်းခံရတာ၊ ထိခိုက်ဒဏ်ရာရတာတွေကြောင့် လူထုနဲ့တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မှဖြစ်ပါ့မလားလို့တောင် မနက်က လမ်းတွေပိတ်ထားတဲ့အခြေအနေအရ စိုးရိမ်စရာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ လူထုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထုံးစံအတိုင်းပဲ အင်နဲ့အားနဲ့ကို ကြိုဆိုခဲ့ကြပါတယ်ခင်ဗျ။”

ကိုသားညွန့်ဦး- “ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့မတွေ့ခင် ဝမ်ပေါင်ကုမ္ပဏီထဲမှာ အချိန်တော်တော်ကြာကြာ နေသွားတယ်သိရပါတယ်။ အဲ့ဒီ့အခြေအနေကရော ဘာများထူးခြားမှုရှိပါသလဲ။”

ကိုသိန်းထိုက်ဦး-“ သူဘာတွေဆွေးနွေးခဲ့သလဲဆိုတာ ထည့်မပြောပါဘူးခင်ဗျ။ ဝမ်ပေါင်ကုမ္မဏီနဲ့ဆွေးနွေးမှုတွေက ဒီဒေသမှာဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ပြေလည်ရေး ဖြေရှင်းသွားတာကို ရည်ညွန်းပြောတာမျိုးတော့ တွေ့ရပါတယ်။”

ကိုသားညွန့်ဦး-“ တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်မလာခင်မှာ ဒီစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေက တော်တော်လေး မျှော်လင့်ထားကြတယ်လို့ သတင်းရပါတယ်။ တချို့လည်း ဒေသခံတွေလည်း ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီးတဲ့အချိန်မှာ သူတို့ရဲ့သဘောထား ဘယ်လိုရှိသလဲ၊ သူတို့မျှော်မှန်းသလိုရော ဖြစ်လာခဲ့ရဲ့လား။”

ကိုသိန်းထိုက်ဦး- “ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကြားဝင်ဖြေရှင်းပေးမယ်လို့ ညှိနှိုင်းပြောတဲ့အတွက်ကြောင့် တစုံတရာ မျှော်လင့်ချက်မျိုးတော့ရှိပါတယ်ခင်ဗျ။ ဒါပေမဲ့လည်း တိတိကျကျ ဘာလုပ်မယ်ဆိုတာ မသိရသေးတဲ့အတွက်ကြောင့် ဒီပွဲမှာ သူတို့လိုချင်သလိုဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုမျိုးတွေတော့ ဒေသခံတွေကြားမှာ ရှိကြပါတယ်ခင်ဗျ။ သူတို့ကတော့ ငယ်စဉ်တောင်ကျေး ဆွေစဉ်မျိုးဆက်နေခဲ့ရတဲ့ တောင်ကြီးတွေ တရုတ်ကုမ္ပဏီကြောင့် ပျောက်ကွယ်သွားမှာကိုဘဲ သူတို့က စိုးရိမ်နေကြတာပါခင်ဗျ။”

ကိုသားညွန့်ဦး- “ ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ည ပြန်သွားပြီလား ဘယ်မှာရှိနေမလဲ။”
ကိုသိန်းထိုက်ဦး-“ သူ မုံရွာမှာ ဆက်ပြီးတော့ တည်းနေပါတယ်ခင်ဗျ။ မနက်ဖြန်မှာ လူထုနဲ့တွေ့ဆုံဖို့၊ အစည်းအဝေးတွေလုပ်ဖို့၊ အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်ခင်ဗျ။ လူတွေက မျှော်လင့်နေတာ ဒဏ်ရာရတဲ့ သံဃာတော်တွေဆီ မုံရွာဆေးရုံကိုများ သွားမလားဆိုတဲ့ မျှော်လင့်ချက်မျိုးတွေလည်း ရှိပါတယ်။ တိတိကျကျတော့ ကျနော်တို့ မသိရပါဘူးခင်ဗျ။”

ကိုသိန်းထိုက်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

အခုညပိုင်းမှာဘဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာ ဆေးရုံမှာ တက်ရောက်ဆေးကုသခံနေရတဲ့ သံဃာတော်တွေအပါအဝင်၊ ဒဏ်ရာရသူတွေကို တွေ့ဆုံအားပေး စကားပြောဆိုပါတယ်။
XS
SM
MD
LG