သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးအတွက် စိန်ခေါ်မှု ဒေါ်စုသတိပေး


ချက်သမ္မတနိုင်ငံက Fourm 2000 မှာ မိန့်ခွန်းပြောကြားနေတဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၁၅၊ ၂၀၁၃၊ ဓာတ်ပုံ/ဦးထွန်းဝေ-ဂျပန်-facebook မှ ကူးယူဖော်ပြပါသည်။)
ချက်သမ္မတနိုင်ငံက Fourm 2000 မှာ မိန့်ခွန်းပြောကြားနေတဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၁၅၊ ၂၀၁၃၊ ဓာတ်ပုံ/ဦးထွန်းဝေ-ဂျပန်-facebook မှ ကူးယူဖော်ပြပါသည်။)
အပြောင်းအလဲတွေ ဖြစ်နေပြီလို့ ပြောနေကြတဲ့ မြန်မာနိုင်ငံဟာ အခုအခါမှာ အသွင်ကူးပြောင်းတဲ့ ကာလလို့ခေါ်တဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ကို ရောက်နေတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၇ ကြိမ်မြောက် Forum 2000 ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် အကောင်းဘက်ကချည်းပဲ လွန်လွန်ကဲကဲ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း ပျောက်သွားနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ချက်သမ္မတနိုင်ငံမှာ ကျင်းပတဲ့ Forum 2000 အဖွဲ့ရဲ့ နှစ်ပတ်လည်ညီလာခံကို ဒီနှစ်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားနိုင်ခဲ့ပါတယ်။ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့တကွ နိုင်ငံ့ခေါင်းဆောင် အများအပြား သာမက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအများအပြားတက်ရောက်တဲ့ ဒီညီလာခံအဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို အကောင်းဘက်ကနေပဲ ဇောင်းပေးပြီး မကြည့်ကြဖို့ ပန်ကြားခဲ့ပါတယ်။

“အကောင်းဘက်ကချည်းပဲ လွန်လွန်ကဲကဲ မကြည့်ကြဖို့ ကျမ ခဏခဏပြောခဲ့ပါတယ်။ ဒါဟာကျမတို့အတွက် မကောင်းပါဘူး။ ကျမတို့ လျှောက်နေတဲ့ လမ်းကြောင်း ပျောက်သွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အခက်အခဲတွေ ရှိနေတာကို သိရက်သားနဲ့ မျက်စိပိတ်ထားတဲ့ အနေထားမျိုးပါ။ ဇွတ်ကြီး အကောင်းပြောတာမျိုးမို့ ဒါမျိုးကို ကွယ်လွန်သူ Vaclav Havel လည်း ကြိုက်မယ်လို့လည်း မထင်ပါဘူး။ ကျမတို့မှာရှိနေတဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့၊ ဒီအခက်အခဲတွေကို ရင်ဆိုင်မယ့်သတ္တိမွေးပြီး ကျော်လွှားကြဖို့နဲ့ ပြဿနာတွေကို အောင်အောင်မြင်မြင် ဖြေရှင်းကြဖို့ သူက လိုလားမှာပါ။”

Forum 2000 အဖွဲ့ကို တည်ထောင်သူတဦးဖြစ်တဲ့ ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက်သာမက ကမ္ဘာ့နိုင်ငံတွေကြား လွတ်လပ်မှုနဲ့ ဒီမိုကရေစီထွန်းကားဖို့ ကြိုးစားခဲ့သူတဦးဖြစ်ပြီး ၁၉၉၁ ခုနှစ်အတွက် ဒေါ်အောင်ဆန်း စုကြည်ကို နိုဗယ်လ်ငြိမ်းချမ်းရေးဆုရဖို့ အမည်စာရင်းတင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။ လွတ်လပ်မှုကို မြတ်နိုးသူဖြစ်သလို မြန်မာ နိုင်ငံသားတွေ လွတ်လပ်ဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားလာစေဖို့ ကြိုးစားခဲ့တဲ့ မစ္စတာဟာဗဲလ်နဲ့တကွ ချက်ပြည်သူအားလုံးကို မြန်မာနိုင်ငံကိုယ်စား ကျေးဇူးတင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

“အခု ကျမ Prague ကိုရောက်နေချိန်မှာ သမ္မတ Vaclav Havel နဲ့ ချက်နိုင်ငံသူ နိုင်ငံသား အားလုံးကို ကျေးဇူးတင်စကား ပြောပါရစေ။ ရှင်တို့တွေဟာ ကျမတို့ အရင်တုန်းက အခက်အခဲတွေနဲ့ ကြုံခဲ့ရချိန်မှာရော၊ အခုလို စိန်ခေါ်မှုမျိုးစုံနဲ့ အထူးသတိထားနေရမယ့် အချိန်မျိုးမှာပါ ကျမတို့နဲ့ အတူရှိနေတာမို့ ကျေးဇူးတင်ပါတယ်။”

လွတ်လပ်မှုကို အပြည့်အဝရစေဖို့အတွက် လိုလားသူတွေအနေနဲ့ လွတ်လပ်မှု အနည်းအကျဉ်းရရုံနဲ့ ကျေနပ်မနေကြဖို့ ဆန္ဒရှိမယ်လို့ ယုံကြည်တဲ့အတွက် မြန်မာနိုင်ငံရဲ့အနေအထားကို လက်တွေ့ကျကျမြင်အောင်လည်း ချပြခဲ့ပါတယ်။

“အခုအချိန်ဟာ ကျမတို့နိုင်ငံမှာ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။ ကျမ နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မျိုး မဟုတ်သလို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဒီမိုကရေစီရေး ကြိုးပမ်းသူတွေနဲ့ ပြည့်နေတဲ့ အချိန်မျိုးလည်း မဟုတ်ပါဘူး။ အခုအချိန်ဟာ အခက်ခဲဆုံးနဲ့ စိန်ခေါ်မှု အကြီးဆုံးအချိန်ပါ။ ဘာလို့လဲဆိုတော့ အခု ရလာတဲ့အချိန်ကို ကောင်းကောင်း အသုံးမချရင် ဒါမျိုးပြန်ရဖို့ နောက်ထပ် နှစ်တွေ အကြာကြီး ပြန်စောင့်ရနိုင်တဲ့ အနေအထားမို့ပါ။ လုပ်သင့်တာကို အမှန်ကန်ဆုံးဖြစ်အောင် ဆုံးဖြတ်လုပ်ကိုင်ရမယ့် အသွင်ကူးပြောင်းတဲ့ကာလကို ရောက်နေတာမို့ပါ။”

မြန်မာနိုင်ငံဟာ သယံဇာတကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံသားတွေအားလုံး ဘက်စုံကြွယ်ဝလာအောင် တခြားနိုင်ငံတွေရဲ့ လိုအပ်မှုတွေအတွက် ရက်ရက်ရောရော ပေးကမ်းလှူဒါန်းနိုင်တဲ့အထိ ဖြစ်လာအောင် မစ္စတာ Havel မျှော်လင့်ထားတဲ့ တကယ့်လွတ်လပ်မှုတွေ ရလာတဲ့နိုင်ငံဖြစ်စေဖို့အတွက် အားလုံးက ဝိုင်းဝန်းပြီး ကူညီကြဖို့လည်း ပန်ကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားအားလုံး ကြောက်ရွံ့ခြင်းကင်းပြီး လွတ်လပ်မှုအပြည့်နဲ့ ကောင်းမွန်တဲ့အသွင်ကူးပြောင်းမှုတွေ ရလာတဲ့တနေ့မှာ မြန်မာနိုင်ငံကို အားလုံးလာလည်ကြဖို့ပါ ဖိတ်ခေါ်ခဲ့ပါတယ်။
XS
SM
MD
LG