သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်အပေါ် မျှော်လင့်ချက်


မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi after their meeting (Myanmar State Counsellor Office)
မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi after their meeting (Myanmar State Counsellor Office)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ စတင်မယ့် တရုတ်နိုင်ငံ ခရီးစဉ် အတွင်း ရခိုင်အရေးကိစ္စ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး သွားကြ တဲ့ ရခိုင်မြောက် ပိုင်းက ဒေသခံ မွတ်ဆလင် ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီးလည်း ဆွေးနွေး နိုင်တယ်လို့ တရုတ်အရေး ကျွမ်းကျင်သူ တဦးက သုံးသပ်ပါတယ်။ NLD အစိုးရ တက်လာပြီးနောက်ပိုင်း သုံးကြိမ်မြောက် သွားရောက်မယ့် ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ NLD အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ တရုတ် နိုင်ငံရဲ့အရေးပါမှုကို ဦးစားပေး ပြသလိုက်တာဖြစ်တယ် လို့လည်း သုံးသပ်ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြပါမယ်။

တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဘေဂျင်းမြို့မှာကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေးပါတီ တွေရဲ့ အဆင့်မြင့်ခေါင်းဆောင် တွေကြား ဆွေးနွေးပွဲကို တက် ရောက် ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ် ပါတယ်။ သူ့ရဲ့ ဒီတရုတ်ခရီးစဉ်ဟာ အလုပ် သဘော ချစ်ကြည်ရေး ခရီး သွားရောက်တာဖြစ်သလို၊ နှစ်နိုင်ငံ ချစ်ကြည်ရေး မြှင့်တင်ဖို့အတွက်ဖြစ်တယ်လို့ လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတခေါက် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရခိုင်အရေးကိစ္စ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးနိုင် တယ်လို့ Stimson Center သုတေသနအဖွဲ့က တရုတ်ရေးရာ ကျွမ်းကျင်သူ Yun Sun က သုံးသပ်ပါ တယ်။

“သူ့ခရီးစဉ်အတွင်း တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စတွေ ဆွေးနွေးနိုင်သလို၊ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်လို့လည်း ဆွေးနွေးမှာပါ။ ဒါ့အပြင် ဘင်္ဂလား ဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အပြန် အလှန် ဘယ်လို သဘောတူညီမှုတွေ ရထားတယ်ဆိုတဲ့ ကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းကြည်ဘက်က ဆွေးနွေးလိမ့်မယ် ထင်ပါတယ်။ ဒီတခေါက် ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းလို ကိစ္စမျိုးကို ဆွေးနွေးလိမ့်မယ်လို့တော့ ကျမ မမြင်မိပါဘူး”

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ နေပြည်တော်မှာ ကျင်းပတဲ့ ၁၃ ကြိမ်မြောက်၊ အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ ASEM အစည်း အဝေးကို တက်ရောက် ခဲ့ချိန်တုန်းက ရခိုင် ပြဿနာကို ကဏ္ဍသုံးခုခွဲပြီး ဖြေရှင်းဖို့ အကြံပြု သွားခဲ့တာပါ။

ဝန်ကြီး Wang Yi ရဲ့ အကြံပြုချက်ထဲမှာ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းဖို့နဲ့ နောက်ထပ် ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပေါ်စေရေး ထိန်းသိမ်းဖို့ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးပွဲအတွက် ကောင်းမွန်တဲ့ နည်းလမ်းရှာဖို့ နဲ့ နှစ်နိုင်ငံသဘောတူစာချုပ် အမြန်ဆုံး ချုပ်ဆိုပြီး ဆင်းရဲ နွမ်းပါးမှု လျော့ပါးရေး လုပ်ဆောင်ဖို့တို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်က ရေနံသဘာဝဓါတ်ငွေ့တွေကို ယူနန်ပြည်နယ်ကတဆင့် တရုတ်နိုင်ငံထဲ တင်ပို့ နေတာပါ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ မှာလည်း ရင်းနှီး မြှုပ်နှံမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

ဘေဂျင်းမြို့မှာ ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပ နိုင်ငံရေးပါတီ အဆင့်မြင့် ခေါင်းဆောင်တွေကြား ဆွေးနွေးပွဲရဲ့ အရေးပါပုံနဲ့ ပတ်သက်လို့ ယူနန်ပြည်နယ်မှာနေတဲ့ တရုတ်-မြန်မာအရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက ခုလိုမြင်ပါတယ်။

“ဒီတခါကတော့ Forum ကြီးလုပ်မှာ။ နိုင်ငံတကာ နိုင်ငံပေါင်း ၁၂၀ က ပါတီခေါင်းဆောင် ပေါင်း ၂၀၀ လောက် တောင်တက်မှာ။ အဲဒီမှာ အခုခေတ်နဲ့ ပတ်သက်တဲ့ Globalization လိုဟာမျိုး Financial Crisis လိုဟာမျိုး၊ ဒါမျိုးတွေကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုပြီး ဝိုင်းပြီး အဖြေရှာ ကြမယ်။ သူက ကွန်မြူနစ်ပါတီမှ မဟုတ်ဘူး၊ တခြားဘက်စုံ ပါတီအသီးသီးက လူတွေ ခေါင်းဆောင်တွေကို ဖိတ်ပြီးတော့ အမြင်တွေ ဖလှယ်တဲ့သဘောပဲ။ အဲဒီတော့ မြန်မာပြည်အတွက်က ဘာအကျိုးရှိမလဲဆိုရင် တရုတ်ပြည်က ချထားတဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်း ကြောင်းကနေ ကိုယ်ရသင့်ရထိုက်တာ ကိုယ်ရနိုင်တာလေးကို ဆွဲယူနိုင်တာပေါ့ ဗျာ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုတခေါက် တရုတ်နိုင်ငံခရီးစဉ်ဟာ NLD အစိုးရတက် လာပြီး နောက်ပိုင်း သုံးကြိမ် မြောက် သွားရောက်တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် NLD အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒမှာ တရုတ်ရဲ့အရေးပါမှုကို ထင်ဟပ်စေတယ်လို့ Yun Sun က သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့် မယ့် ကိစ္စတွေကို ဆွေးနွေး မှာ သေချာပါတယ်။ ပိုပြီး အဓိက ကျတာကတော့ NLD အစိုးရ တက်လာပြီးနောက်ပိုင်း ဒါဟာ သူမရဲ့ သုံးကြိမ် မြောက်ခရီးစဉ် ဖြစ်တဲ့အတွက် ဒါကို ကြည့်ရင် NLD အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ တရုတ်နိုင်ငံရဲ့ အရေးပါမှုကို ထင်ဟပ်ပြသ နေတယ်ဆိုတာ ထူးခြားမှုအဖြစ် တွေ့နိုင်ပါတယ်။”

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပ နိုင်ငံရေး ပါတီတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်များ ညီလာခံကို ဒီဇင်ဘာလ (၁) ရက်နေ (၃) ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲနေ့မှာတော့ တရုတ်သမ္မတ Xi Jinping ကိုယ်တိုင် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်-တရုတ်ခရီးစဉ်
please wait

No media source currently available

0:00 0:03:48 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG