သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးတွေ့ဆုံမှုများ စိုးရိမ်ချက်တွေ ကျော်လွှားမလား


သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။(ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၅)
သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။(ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၅)

လက်ရှိအစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုဟာ အာဏာလွဲှပြောင်းရေးဖြစ်စဉ်ကို တည်တည်ငြိမ်ငြိမ်းစတင်စေပြီး စိုးရိမ်ချက်တွေကို ကျော်လွှားနိုင်မယ်လို့ ယူဆကြောင်း မြန်မာနိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲနဲ့ပတ်သက်တဲ့ သဘောထားအမြင်တချို့ကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ နေပြည်တော်က သမ္မတအိမ်တော်မှာ နံနက် ၉ နာရီမှ ၉း၄၅ နာရီအထိ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲအပြီးမှာ နောက်အစိုးရကို ချောချောမွေ့မွေ့ တာဝန်လွဲှပြောင်းဖို့၊ ပြည်သူတွေ စိုးရိမ်မှုမရှိစေရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့နဲ့မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ နိုင်ငံတော်အကြီးအကဲ တာဝန်တွေကို စနစ်တကျ လွှဲပြောင်းပေးရေး အစဉ်အလာကောင်းတစ်ခုကို ထူထောင်ဖို့ ဆိုတာတွေ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲဟာ အစိုးရသစ်ကို တာဝန်လွဲှပြောင်းရေးဖြစ်စဉ်ရဲ့ အစခြေလှမ်းအဖြစ် မြန်မာ့နိုင်ငံရေးသုံးသပ်သူ သင့်ဘ၀ မဂ္ဂဇင်းအယ်ဒီတာဟောင်း ဦးတင်မောင်သန်းက သုံးသပ်ပါတယ်။

“အစိုးရတဖွဲ့ကနေ တဖွဲ့ကို ပြောင်းလို့ရှိရင် အဲဒီလိုပဲအကူးအပြောင်းပေါ့နော်။ သူတို့လုပ်ထားတဲ့အလုပ်တွေ ရှင်းပြတာ ၊ လွှဲတာ ဒါတွေအကုန်လုံး လုပ်တတ်ကြတယ်ပေါ့နော်။ အခု ဒါသဘောတူညီချက်ရတယ်ပေါ့နော်။ ဥပမာအားဖြင့် ကျနော်သိတာဆိုရင် လွှတ်တော်ဖက်ပိုင်းမှာ ဆိုရင် ဒါတော်တော့်ကိုလုပ်ပြီးနေပြီ။ ဒါကြောင့်မို့လို့လဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်း ၅ ကြိမ်မြှောက်တွေ့ဆုံတာအထိ ဖြစ်တယ်ဆိုတာက အမှန် အဲဒီလွဲပြောင်းရေးအတွက်လုပ်နေလို့ တွေ့တာလို့ ကျနော်တို့သိရတယ်။ ဒီ ဖက်မှာက လွှတ်တော်အပိုင်းနဲ့စာရင် နဲနဲလေးနောက်ကျနေခဲ့တယ်ပေါ့နော်။ အခုတော့ စပြီးတော့ ဒီဖြစ်စဉ်ကနေပြီးတော့ သွားတော့မှာပေါ့နော်။ အခမ်းအနားတွေအနေနဲ့လုပ်မယ်ဆိုရင်လည်း မြန်မာနိုင်ငံ ရဲ့ အတွေ့အကြုံအရဆိုရင်တော့ ကောင်းတယ်လို့ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုရင် ဒါဟာပထမဦးဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ချောချောမွေ့မွေ့ အာဏာလွှဲပြောင်းတာဖြစ်တယ်။ တခုတော့ရှိတာပေါ့ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံအတွင်းကလွှဲတာတော့ ဖြစ်နေသေးတာပေါ့။ ဒါလေးကတော့ မပြီးပြတ်သေးဘူးပေါ့။”

အာဏာလွဲှပြောင်းရေးအတွက် ထပ်မံတွေ့ဆုံကြမယ်ဆိုရင် ဆွေးနွေးမယ့် အကြောင်းအရာတွေ ပိုမိုကျယ်ပြန့်လာမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

နေ့ခင်း ၂ နာရီမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှာ တွေ့ဆုံကြပါတယ်။ တနာရီကြာ တွေ့ဆုံပွဲအပြီးမှာ ပြည်သူလူထု၏ဆန္ဒကို အလေးထားပြီး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဆွေးနွေးပွဲအပေါ်မှာတော့ ဦးတင်မောင်သန်းက အခုလို သုံးသပ်ထားပါတယ်။

“ယေဘုယျ အားဖြင့်တော့ စိုးရိမ်ချက်တွေကို တဦးနဲ့တဦးတွေ့ဆုံကြခြင်းအားဖြင့် ကျော်လွှားတာပေါ့။ အဲတော့ အခုအဆင့်မှာတော့ အခုတွေ့နေကြတဲ့အဆင့်မှာတော့ တဦးနဲ့တဦး စိုးရိမ်ချက်တွေ ကျော်လွှားနိုင်မယ်။ နောက်ပြီးတော့ တဦးပေါ်တဦး ထင်မြင်ချက်လွဲနေတာလေးတွေ ပြန်တည့်နိုင်မယ်။ အကုန်လုံးတော့ ဟုတ်ချင်မှာ ဟုတ်ဦးမှာပေါ့ဗျာ။ တခါတည်းနဲ့တွေ့တာ ။ သို့သော်လည်း အဲဒီလိုမျိုးနှစ်ဦး နှစ်ဖက် အပြန်အလှန် ယုံကြည်နိုင်မယ့် လမ်းကြောင်းပေါ်တော့ ရောက်လိမ့်မယ်လို့ ကျနော်ထင်တယ်။ လာမယ့်နိုင်ငံရေး ကာလတခုလုံးကအရပ်ဖက်၊ စစ်ဖက် ဆက်ဆံရေး ဆွေးနွေးပွဲ ကာလကြီးဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ သဘောကိုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ အစိုးရဖြစ်ခဲ့သည်ရှိသော် ဆိုတဲ့ယူဆချက်ပေါ်မှာ စိုးရိမ်ချက်တွေနဲ့ ကာထားတာကိုး။”

နှစ်ဖက် အချိန်ပေးဆွေးနွေးသွားရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

နိုင်ငံရေးသုံးသပ်သူတဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲတွေအပေါ် သူ့အမြင်သဘောထားကို အခုလို ပြောပါတယ်။

“ဒီ တွေ့ဆုံမှု နှစ်ခုလုံးဟာ မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်အရေးပါတဲ့ တွေ့ဆုံမှုဆိုပြီးတော့ ယေဘုယျ သုံးသပ်လို့ရတယ်။ ဒါပေမယ့် ဒီတွေ့ဆုံမှုအပြီးမှာ ထွက်ပေါ်လာတဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ပါတဲ့အချက်တွေကို ကြည့်တဲ့အခါကျတော့ အတော့ကို ယေဘုယျ ဆန်လွန်းတာကို တွေ့ရတယ်။ နောက် ပြည်သူလူထုတွေ မျှော်လင့်စောင့်စားနေတဲ့ ဆွေးနွေးမှုတွေ ပြောဆိုမှုတွေ သဘောထားတွေကနေလည်း ကင်းလွတ်နေတာကို တွေ့ရတယ်။ အဲဒီအခါကျတော့ ဒီတွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းထုတ်ပြန်ချက်တွေအရ ကြည့်မယ်ဆိုရင်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဟာ ရေရာသေချာတဲ့ လမ်းကြောင်းတခုပေါ်ကို ရောက်ပြီလို့ ပြောဖို့ စောလွန်းသေးတယ်လို့မြင်တယ်။ အခုလိုအခြေအနေမှာပြောင်းလဲပြီးတော့ ပြည်သူလူထုကို အသိပေးသင့်တဲ့ သဘောတူညီချက်တွေ အသိပေးသင့်တဲ့ အမြင်သဘောထားတွေကို တရားဝင်ထုတ်ပြန်လာနိုင်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

လောလောဆည်မှာတော့ နိုင်ငံတော်သမ္မတရုံးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသာသတင်းထုတ်ပြန်ထားပြီး လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း တိကျတဲ့သတင်းအချက်အလက်တွေကို ထုတ်ပြန်သင့်ကြောင်း ထောက်ပြပါတယ်။

ရွေးကောက်ပွဲကျင်းပပြီး ၂ရက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ ပြည်ထောင်စုလွှတ်တော် နာယက တို့ကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကတော့ ကမ်းလှမ်းပြီး တပတ်ကျော်အကြာမှာ တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG