သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး တွေ့ဆုံမှုအပေါ် တုန့်ပြန်ချက်များ


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးသိန်းစိန် ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ်မှာ ၈၈ မျိုးဆက်အပါအဝင် ပြည်တွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၂ ဘက်အပေးအယူလုပ်တာအပါအဝင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မယ့် အပိုင်းတွေကိုတော့ စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဦးသိန်းစိန် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ နေပြည်တော်မှာ ဒီကနေ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ရဲဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီးနှုတ်က ပြောသွားတဲ့စကားအရတော့ ဒါ ကောင်းမွန်တဲ့ရလဒ်တခုတော့ ကျနော်တို့ ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကြား အခုတကြိမ် တွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံမှုဖြစ်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုကနေ တိုင်းပြည်အတွက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို သဘောတူညီခဲ့တယ်လို့ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထောက်တွေက မေးမြန်းခဲ့စဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အတိုက်အခံ NLD က အပြတ်အသတ် အနိုင်ရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို တောင်းဆိုခဲ့ပြီးတဲ့နောက်၊ အခုလို တွေ့ဆုံဆွေးနွေးမှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီကနေ့တွေ့ဆုံဆွေးနွေးမှုအပေါ်မှာ ၈၈ မျိုးဆက်အဖွဲ့အနေနဲ့ ကြိုဆိုတယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးက ပြောပါတယ်။

“ အခုဒီနေ့မှာ သမ္မတကြီးကော၊ ခုနကပြောသလို ကာချုပ်ကရော တွေ့တယ်ဆိုတာ ကျနော်တို့က အဲဒီတွေ့ဆုံဆွေးနွေးမှုကို ကျနော်တို့က ကြိုဆိုတယ်လေ။ နဂိုကတည်းက ကျနော်တို့က ပြဿနာ ရပ်တွေကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဟာ ကောင်းတယ်လို့ ခံယူထားတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ကြိုဆိုတယ်။ နောက်တခုက ဒီကနေ့တွေ့တဲ့အခါမှာ ဒီ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်ရဲ့ပြောကြားချက်အရဆိုရင် သတင်းထုတ်ပြန်ချက် ပုံစံအရဆိုရင် အာဏာကို ငြင်သာချောမွေ့စွာလွှဲပြောင်းနိုင်ဖို့အစဉ်အလာတခုအဖြစ်တဲ့အနေအထားမျိုး ပြောသွားတာမျိုးကျနော်တို့တွေ့တယ်လေ။ အဲ့ဒါကလည်း ကောင်းတဲ့ အလားသဏ္ဍာန်တခုပါပဲ၊ အဲ့လောက်ပဲကျနော်တို့ သုံးသပ်လို့ရဦးမယ်။ ကျန်တဲ့အချက်အလက်တွေကတော့ ဘာမှ သေချာ ဂဃနဏ မသိသေးတဲ့အခါကျတော့ ပြောဖို့ခက်ပါတယ်ခင်ဗျာ။

မေး။ ။ ဟုတ်ကဲ့ ကိုမြအေး။ အခုက ဒီကနေ့တွေ့ဆုံတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံတယ်။ ဒါသူတို့နှစ်ယောက် သီးခြားတွေ့ဆုံတာဟာ ပထမဆုံးအကြိမ်လို့လဲပြောလို့ရမှာပေါ့နော်။ ဒီလိုမျိုး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံတဲ့ဥစ္စာက တပ်မတော်နဲ့ပြည်သူ၊ တပ်မတော်နဲ့ အတိုက်အခံ အင်အားစု ကြားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လောက်အထိအလားအလာကောင်းနေပြီလို့ပြောလို့ရမလဲ။

ဖြေ။ ။ အခုတွေ့တာကတော့ဗျာ၊ ဒါက အနိုင်ရပါတီရဲ့ ခေါင်းဆောင်တယောက်၊ တနည်းအားဖြင့်ပြောမယ်ဆိုရင် လူထုရွေးချယ်တင်မြှောက်ထားတဲ့ပါတီကြီးတရပ်ရဲ့ လူထုခေါင်းဆောင်ဆိုလည်း မမှားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဖက်ကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံရေးရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတဲ့ တပ်မတော်ရဲ့ ခေါင်းဆောင် တယောက်တွေ့ဆုံဆွေးနွေးမှုက အလွန်ကောင်းပါတယ်။ ကျနော်မြင်တာကတော့ ဒါပထမဦးဆုံးအကြိမ်တွေ့ပေမယ့်လည်း ဒီတွေ့ဆုံဆွေးနွေးမှုရဲ့ ရလဒ်တွေ ဘာဖြစ်မလဲဆိုတာ ကျနော်လည်းမသိဘူးလေ။ အဲဒီပေါ်မှာ ကျနော် ကြိုတင်ပြီးပြောဖို့ခက်တယ်။ သို့သော်ဒီလိုတွေ့ဆုံလိုက်ခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုတဲ့ဆွေးနွေးချက်တွေပဲဖြစ်မယ်လို့ ကျနော်ယုံကြည်တယ်။ နှစ်ဖက်စလုံးကိုကျနော်ယုံကြည်ပါတယ်။ တခုရှိတယ်ဗျ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ကိစ္စမှာ ဆွေးနွေးနေရုံ သက်သက်နဲ့တော့ မပြီးဘူးခင်ဗျ၊ လက်တွေ့အကောင်အထည်ဖော်ဖို့ ဘာတွေ ဆက်လုပ်သွားမလဲ၊ ဘယ်လိုလုပ်မလဲဆိုတဲ့ ဒါ အရပ်စကားပြောရရင်တော့ အပေးအယူကိစ္စတွေကို တင်းတင်ရင်းရင်း တခါတည်းပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်းပြောနိုင်ဆိုနိုင်ဖို့တော့ လိုတယ်။"

အခုလိုတွေ့ဆုံဆွေးနွေးကြတဲ့အပေါ်မှာ ကြိုဆိုပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်စရာတွေ အများကြီးကျန်ရှိနေပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အပိုင်းတွေကို စောင့်ကြည့်သွားဖို့လိုတယ်လို့ ကျား-မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အဖွဲ့က မမေစံပယ်ဖြူက ပြောပါတယ်။

“တွေ့ဖြစ်တာကတော့ ကောင်းပါတယ်။ ဒီတွေ့ဆုံမှုဟာ ဘယ်လောက်အထိ အဓိပ္ပါယ်ရှိရှိနဲ့ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သွားနိုင်မှုတွေကို မျက်ဝါးထင်ထင် ကျမတို့မြင်ရမလဲဆိုတဲ့အပေါ်မှာ မှုတည်ပြီးတော့မှ ပြောရင်တော့ ပိုပြီး အဓိပ္ပါယ်ရှိလိမ့်မယ်လို့ ကျမထင်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးကို ကျမတို့ဒီရွေးကောက်ပွဲပြီးကတည်းက ကျယ်ကျယ်ပြန့်ပြန့်ကြားနေရပါပြီ။ ကျမနားလည်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ စစ်တပ်နဲ့ အနိုင်ရပါတီနဲ့ ၊ ဒါမှမဟုတ်ရင်လည်း လက်ရှိအာဏာရထားတဲ့ပါတီနဲ့ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ပဲ လုပ်တဲ့ပြန်လည်သင့်မြတ်ရေးမျိုး၊ ရင်ကြားစေ့ရေးမျိုးမဖြစ်သင့်ဘူးလို့ ကျမထင်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလို့ပြောတဲ့အခါမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် ပဋိပက္ခတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ့နော်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ရှေ့တန်းတင်ပြီးတော့ priority ထားဆွေးနွေးသင့်တယ်လို့ ကျမကတော့ အဲဒီလိုယူဆပါတယ်ရှင့်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဦးသိန်းစိန် နဲ့ ဒီကနေ့မနက် ၉ နာရီက သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီနောက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဘုရင့်နောင်ရိပ်သာမှာ နေ့လည် ၂ နာရီမှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG