သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းနဲ့ပြည်နယ် လွှတ်တော်ခေါင်းဆောင်တွေနဲ့ ဒေါ်စုတွေ့


တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော် ခေါင်းဆောင်တွေနဲ့ ဒေါ်စုတွေ့ ဆုံစဉ် (Photo-NLD Chairperson)
တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော် ခေါင်းဆောင်တွေနဲ့ ဒေါ်စုတွေ့ ဆုံစဉ် (Photo-NLD Chairperson)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ ပြည်နယ်နဲ့တိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရပြီးနောက် အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နေတဲ့ NLD ပါတီက လွှတ်တော်အကြီးအကဲ အသစ်တွေ အနေနဲ့ တာဝန်တွေ ချောချောမွေ့မွေ့ဆောင်ရွက်နိုင်ရေး အဓိက ဆွေးနွေး ခဲ့ကြတယ် လို့လည်း တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်ဇင်က ပြောပါတယ် အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက ပြောပြပေးမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ခေါင်းဆောင်တွေနဲ့ ဒေါ်စုတွေ့ ဆုံစဉ် (Photo-NLD Chairperson)
တိုင်းဒေသကြီး လွှတ်တော်ခေါင်းဆောင်တွေနဲ့ ဒေါ်စုတွေ့ ဆုံစဉ် (Photo-NLD Chairperson)

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ခန့်အပ်ထားတဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ အသစ်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး လွှတ်တော်သစ်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာပါ။ အထူးသဖြင့်ကတော့ NLD ပါတီက အများစုအဖြစ်နဲ့ နေရာယူထားတဲ့ လွှတ်တော်တွေမှာ အရင် လွှတ်တော်ဟောင်းက ပုဂ္ဂိုလ်တွေနဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တာလို့လည်း ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ပဲခူးတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်ဇင်က ပြောပါတယ်။

“သိပ်တော့ထွေထွေထူးထူးမရှိပါဘူး။ လောလောဆယ် လက်ရှိမှာ လွှတ်တော် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌနေရာ အသစ်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လက်ရှိဖွဲ့စည်းပုံအရကလည်း အစိုးရကလည်း အဟောင်းတွေဖြစ်တယ်။ လွှတ်တော်က အသစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆက်ဆံရေးမှာ ပြေပြေလည်လည် ဆက်ဆံကြဖို့နဲ့ နောက်တခါ ကိုယ့်အစိုးရ တက်လာတဲ့ အချိန်ကျတော့မှသာ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို အရှိန်အဟုန် တိုးမြင့်ပြီး လုပ်ဆောင်ကြဖို့ လောလောဆယ်မှာတော့ တိုင်းဒေသကြီး လွှတ်တော်တွေအနေနဲ့က တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကိုယ့်ဟာကို မှန်မှန်လေးသွားကြဖို့ ဒီလောက်ပါပဲ များများစားစား မပြောပါဘူး။ လူသစ်တွေကြီးပဲ ဖြစ်နေတဲ့အတွက်ကြောင့် မို့လို့ ဒီရှေ့မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းလေးတွေတချို့နဲ့ ကျနော်တို့ နေတတ်၊ ထိုင်တတ်၊ ပြောတတ်၊ ဆိုတတ်အာင် သင်ပေးတဲ့သဘောပါပဲ အဲလောက်ပါပဲ။”

တိုင်းဒေသကြီး လွှတ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှု အသေးစိတ်ကိုတော့ တက်ရောက်သူတွေက ပြောဆိုဖို့ ငြင်းဆိုကြပါတယ်။ NLD ပါတီ ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံထဲက ကန့်သတ်ချက်အရ သမ္မတ ဖြစ်ခွင့်မရှိဘဲ ဖြစ်နေရတဲ့ အတွက်လည်း လွှတ်တော်တွင်းမှာ ၄ ပုံ ၁ ပုံ နေရာယူထားတဲ့ စစ်တပ်ရဲ့ ထောက်ခံမှုနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ရမယ့် အခြေအနေမျိုးပါ။ မြန်မာ့နိုင်ငံရေး အကဲခတ်တဦးဖြစ်တဲ့ ဦးခင်မောင်ညို ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ယူနိုင်တဲ့ အလားအလာတွေ ရှိနေပေမဲ့ အချိန်ကတော့ အကန့်အသတ်နဲ့သာ ရှိနေတယ်လို့ ပြောပါတယ်။

“ပထမတချက်ကတော့ သူတို့ ၅၉ (စ) ကိစ္စပေါ့လေ။အဲဒါကို တကယ်လို့ တပ်မတော်က စောင့်ပြီးပြင်မယ်ဆိုရင်တောင်မှ အချိန်အကြာကြီး ။ တကယ်လို့ ဆိုင်းငံ့ကို တကယ်လို့ တပ်မတော်က သဘောတူရင်တော့ အဆင်ပြေနိုင် စရာရှိတယ်။ အဲဒီတော့ ဆရာတို့ ဒီအပတ်မှာတော့ တင်မယ်ထင်တယ်။ ၅၉ (စ) ဆိုင်းငံ့ဆိုတာကို။ ဦးနေဝင်းလက်ထက်တုန်းက လုပ်ဖူးတယ်လေ။ သူတို့ ဒီလိုမျိုးပဲ ဝန်ကြီးချုပ်ကို ၆ လ ထက် ပိုမလုပ်ရဘူးဆိုတဲ့ ကိစ္စ ။ အဲဒီဥပဒေ ၁၄၂ လားမသိဘူး အဲဒါကို ခဏ ဆိုင်းငံ့လုပ်ရတယ်။ အခြေခံဥပဒေမှာ ဆိုင်းငံ့လုပ်လို့ ရတယ် ဆိုတာလည်းမပါဘူး လုပ်လို့မရဘူးဆိုတာလဲ မပါတဲ့အတွက် လုပ်နိုင်ခွင့် ရှိတယ်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာ့နိုင်ငံရေးမှာ အဓိကနေရာယူထားတဲ့ စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တတိယအကြိမ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရထားတဲ့ NLD ပါတီက ဦးဆောင်ပြီး လွှတ်တော်သစ်တွေကို ဒီလဆန်းမှာပဲ ဖွဲ့စည်းထားပြီး မတ်လ ၁၇ ရက်နေ့မှာ ဒုသမ္မတနဲ့ သမ္မတအတွက် အမည်စာရင်းတွေ တင်သွင်းဖို့လည်း စီစဉ်ထားတာပါတယ်။

XS
SM
MD
LG