သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄-ပွင့်ဆိုင် ပဲ ဒေါ်စု လိုလား


ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတနဲ့ ကာချုပ် တွေ့ဆုံ။
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတနဲ့ ကာချုပ် တွေ့ဆုံ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အကြား ဒီကနေ့ ဆွေးနွေးခဲ့တဲ့ နေပြည်တော် သမ္မတ အိမ်တော်က ဆွေးနွေးပွဲ ဟာ သိပ်ပြီး ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့တဲ့ သဘော မရှိဘူးလို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲ အပြီးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အောင်မြင်တဲ့ ဆွေးနွေးပွဲ တခုလို မသတ်မှတ်နိုင်သလို ၄ပွင့်ဆိုင်တွေ့ဆုံဖို့ အတွက် အခုထိ မျှော်လင့် ထားတုန်းပဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒီနေပြည်တော် ထိပ်သီးဆွေးနွေးပွဲကို စောင့်ကြည့် သတင်းယူ ထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

နိုင်ငံတော်သမ္မတ အိမ်တော် ငုဝါခန်းမ မှာ ကျင်းပခဲ့တဲ့ ခေါင်းဆောင် ၁၄ ဦး တွေ့ဆုံခဲ့တဲ့ အစည်းအဝေးပွဲဟာ တစ်ယောက်ကို ၁၀ မိနစ်နှုန်း ပဲ ဆွေးနွေးခွင့် ရတဲ့ အတွက် ပြည့်ပြည့်စုံစုံဆွေးနွေးနိုင်ခဲ့ခြင်း မရှိဘူးလို့ အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အခုထိ မျှော်လင့်ထားပြီးတော့ ဒီလိုဆွေးနွေးနိုင်မှပဲ မြန်မာ့နိုင်ငံရေး အလားအလာ အတွက် သေသေချာချာ ဆွေးနွေးနိုင်မယ်လို့ ရှု့မြင်ကြောင်း သူမကပြောပါတယ်။

"အောင်မြင်တယ်ဆိုတာ ဘယ်လို သတ်မှတ်တယ်ဆိုတာ အန်တီ မသိဘူးပေါ့နော်။ အခါအားလျော်စွာ နောက် ဒါမျိုးတွေ လုပ်မယ် ဆိုတာ ပြောတာပဲ ရှိပါတယ်၊ အခါအားလျော်စွာ ဆိုတော့ နည်းနည်း စဉ်းစားရတော့ ခက်တာပေါ့။ အဲ့ဒီ့ဟာကတော့ အမေတို့ကတော့ လေးပွင့်ဆိုင် ကိစ္စကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင် ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဘာမှ ကိုယ်ပါတီ စွဲနဲ့လည်း မဟုတ်ဘူး။ ဝါဒစွဲကြောင့်လည်း မဟုတ်ဘူး။ လက်တွေ့ကျကျ လိုအပ်တယ်လို့ ထင်လို့ပါ။ နိုင်ငံ အတွက်လေ။ ဒီတစ်ယောက် ၁၀မိနစ်ပြောပြီးတော့ နောက်ဆုံး အထွေထွေ ရှိသေးလား ဆိုတော့ အန်တီတို့ အနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ မျိုးကို မြင်တဲ့ပုံစံတော့ မဟုတ်ပါဘူး။"

ဒီကနေ့ဆွေးနွေးပွဲ မစခင်နဲ့ ဆွေးနွေးပွဲ အပြီး ထမင်းစားချိန်တွေမှာ တစ်ခါမှ မတွေ့ဆုံဖူးသေးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ပြုံးပြုံးရွင်ရွင် တွေ့ဆုံတဲ့ ဓာတ်ပုံတွေကြောင့် သူတို့ ၂ ဦး ဆက်ဆံရေး ဘယ်လိုများရှိနေလဲ ဆိုတာကို အများ ကလည်း စိတ်ဝင်စားနေကြတာပါ။ တပ်မတော် ကာချုပ် နဲ့ အခုလို တွေ့ဆုံခွင့် ရခဲ့တဲ့ အပေါ် သိပ်ပြီး ထူးထူးခြားခြား မခံစားရဘူး လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

" သိပ်တော့လည်း အံ့အားသင့်စရာ တော့ မပါပါဘူး။"

ဒါပေမဲ့ တစ်ဖက်မှာတော့ သမ္မတ ပြောခွင့်ရှိသူ ဦးရဲထွဋ်ကတော့ ဒီကနေ့ ဆွေးနွေးပွဲ ဟာ အောင်မြင်တဲ့ ဆွေးနွေးပွဲ တစ်ခု လို့ ရှုမြင်နိုင်တဲ့အကြောင်း၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ ခေါင်းစဉ်တွေ အားလုံးကို ခြုံငုံဆွေးနွေးနိုင်တဲ့ အကြောင်း သူကပြောပါတယ်။ ဒါ့အပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အစိုးရ ဘက်က ပယ်ချခဲ့တာ မဟုတ်ပဲ အင်အားစု အားလုံးပါဖို့သာ ပြန်ပြီးတော့ အစိုးရက တိုက်တွန်းခဲ့တဲ့ အကြောင်း သူကပြောပါတယ်။

"တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ချင်ပါတယ် လို့ပြော ကတည်းကိုက ကျနော်တို့က အကြောင်းပြန်ခဲ့ပြီးဖြစ်ပါတယ်။ နံပတ်တစ် -လေးယောက်တည်းတင် မကဘူး။ အမျိုးသားနိုင်ငံရေး အင်အားစု တွေ ပါနိုင်ဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ပြီးရင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စ ဆွေးနွေးမယ် ဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ပတ်သက်လို့ လေ့လာနေတဲ့ ကော်မတီ လည်း ရှိသေးတယ်။ သူတို့ပြီးအောင် စောင့်သင့်တယ်လို့ ကျျနော်တို့ ပြောခဲ့တယ်။"

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အကြားတွေ့ဆုံတဲ့ ဒီဆွေးနွေးပွဲ ဟာ အမြင်ခြင်း ဖလှယ်ဆွေးနွေးတဲ့ တွေ့ဆုံပွဲဖြစ်တာကြောင့် ရလာဒ် ပိုင်းတော့ သိသိသာသာ ထွက်မလာခဲ့ဘူးလို့လည်း အမျိုးသာဒီမိုကရေစီ အင်အားစု ပါတီ ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကပြောပါတယ်။

" သဘောတူတာ ရှိပေမဲ့လည်း ဒါကို ကိုင်တွယ်ဖြေရှင်းမှသာလျှင် Result ကောင်း ထွက်လာမှာပေါ့။ ချက်ခြင်းကြီးလည်း Result ကောင်းထွက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီပွဲက ဆွေးနွေးပွဲ မဟုတ်ဘူးလေ။ အမြင်ချင်း ဖလှယ်တဲ့ပွဲပဲ။ ဆုံးဖြတ်ချက် ချမယ်။ ဆုံးဖြတ်ချက် ချမယ်။ ရလာဒ်ကောင်းတွေ ဘယ်လိုစီစဉ် ဆောင်ရွက်မယ်လို့ အစကတည်းက ချမှတ်ထားတာ မဟုတ်ဘူး။ ဒီနိုင်ငံရေး ပါတီတွေဘက်က နိုင်ငံရေးခေါင်းဆောင်တွေ နဲ့ နိုင်ငံခေါင်းဆောင်တွေကြားထဲမှာ အမြင်ချင်း ဖလှယ်ပြီးတော့ တူတာတွေ များတဲ့ အတွက်ကြောင့်မို့လို့ ဒါက ကောင်းတဲ့ဘက်မှာ ရှိတယ်လို့ပြောလို့ပဲရမယ်။

နောက်ပြီးတော့ ဒါကိုဆက်ပြီးတော့ အခုမဟုတ်တောင် နောင်ကို ဒီအယူအဆတွေကို အကောင်အထည်ဖော်နိုင်အောင် အာဏာပိုင်အဖွဲ့အစည်းတွေ က ကြိုးပမ်းမယ် ဆိုရင်တော့ ကောင်းလာဖွယ် ရှိတာပေါ့။ အပစ်အခတ်ရပ်စဲရေးကို လက်မှတ် ထိုးနိုင်အောင် ကျနော်တို့က တိုက်တွန်းတဲ့ဟာကို သူတို့က ခံယူပြီးတော့ကာ ဆက်သွားနိုင်တယ် ဆိုရင်တော့ မဆိုးဘူးပေါ့။ ကောင်းတဲ့ ဘက်ကို ရောက်သွားနိုင်ပါတယ်။ အခုကတော့ ချက်ခြင်း ပြောလို့မရပါဘူး။ ဘာရလာဒ်၊ ညာရလာဒ် ထွက်တယ် ဆိုတာ ဆုံးဖြတ်ချက်မှ မထွက်တာ ဘယ်လို လုပ်ပြောလို့ရမလဲ နော်။"

အခုဆွေးနွေးပွဲ မတိုင်ခင်မှာပဲ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ဝါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ နဲ့ပတ်သက်ပြီး နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ချို့က သမ္မတ အိုဘားမား ရဲ့ရှေ့လ နိုဝင်ဘာမှလာမဲ့ ခရီးစဉ် အကြိုး နိုင်ငံရေး ဖိအားပေးတာမျိုးတွေ မခံရအောင် အစိုးရ ဘက်က လုပ်ဆောင်တဲ့ သဘော လို့ ပြောဆိုမှုတွေကိုလည်း ဦးရဲထွဋ်က ဗွီအိုအေနဲ့ မေးမြန်းမှု မှာ ပယ်ချခဲ့ပါတယ်။

XS
SM
MD
LG